ဒီဇင်ဘာ-၁၃၊ ၂၀၂၅။ သုည/People’s Spring
နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဥ်းသားတွေ အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုတဲ့ (All In One Piece Movement) လှုပ်ရှားမှုကို သြစတြေးလျ၊ နယူးဇီလန်၊ ဖင်လန်နဲ့ တောင်ကိုရီးယားနိုင်ငံရောက် မြန်မာတွေက ဒီနေ့ ပြုလုပ်ခဲ့ကြပါတယ်။
မဲလ်ဘုန်းမြို့ ပါလီမန်အဆောက်အဦရှေ့မှာလည်း ပြည်ပရောက် မြန်မာတွေက ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအပြင် စစ်ကောင်စီရဲ့ရွေးကောက်ပွဲဆန့်ကျင်ကြောင်း ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ် မြောက်ဦးမြို့ဆေးရုံကို စစ်ကောင်စီ ဗုံးကြဲမှုကြောင့် သေဆုံးဒဏ်ရာရခဲ့ကြသူတွေအတွက်လည်း ဝမ်းနည်းခြင်း ၁မိနစ် ငြိမ်သက်ခဲ့ကြပါတယ်။

Public Service Announcement
နယူးဇီလန်နိုင်ငံ အက်ကလန်မြို့မှာလည်း ပြည်ပရောက် မြန်မာတွေနဲ့ တိုင်းရင်းသားညီကိုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဥ်းသားတွေ အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုတဲ့ (All In One Piece Movement) လှုပ်ရှားမှုကို ပြုလုပ်ခဲ့ပါတယ်။
ဒါ့အပြင် ဖင်လန်နိုင်ငံ ဟယ်ဆင်စကီးမြို့၊ တောင်ကိုရီးယားနိုင်ငံ အင်ချွန်းမြို့တို့မှာလည်း ပြည်ပရောက် မြန်မာတွေက နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးရေး တောင်းဆိုခဲ့ကြပါတယ်။
ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့မှာ မြန်မာနိုင်ငံသားတွေနဲ့ ဒီမိုကရေစီအရေးလိုလားသူ သြစတြေးလျနိုင်ငံသားတွေ စုပေါင်းပြီး နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတကြီး ဦးဝင်းမြင့်နဲ့ မတရားဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မြန်မာပြည်သူတွေအားလုံး အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုဆန္ဒပြခဲ့ပါတယ်။
အဆိုပါ All In One Piece Movement လှုပ်ရှားမှုကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကိုထိန်လင်း (ခ) ကင်မ်အဲရစ်က ဦးဆောင်ပြုလုပ်ခဲ့ပြီး နိုင်ငံအသီးသီးက ထင်ရှားတဲ့အနုပညာရှင်တွေနဲ့ တက်ကြွလှုပ်ရှားသူတွေက ပါဝင်လုပ်ဆောင်နေကြပါတယ်။
























































