ဒီဇင်ဘာ-၁၅၊ ၂၀၂၅။ ဆန်အောင်/People’s Spring
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ အာရက္ခတပ်တော်(AA)တပ်ဖွဲ့ဝင်တွေ ထပ်မံပြီး အလစ်အငိုက် ချောင်းမြောင်းတိုက်ခိုက်ခံရကြောင်း AAက ဒီမနက် ထုတ်ပြန်ပါတယ်။
AA ရဲ့ ထုတ်ပြန်ချက်မှာ အစ္စလာမ်မစ်အစွန်းရောက်စစ်သွေးကြွအကြမ်းဖက်လက်နက်ကိုင်အဖွဲ့ဝင်တွေက တိုက်ခိုက်တာလို့ ဖော်ပြထားပါတယ်။
ဒီဇင်ဘာ ၁၃ရက် မနက်က AA ထိန်းချုပ်ထားတဲ့ အာရက္ခ-ဘင်္ဂလာနယ်စပ်ရှိ မောင်တောခရိုင်၊ အထက်ကျီးကျွန်း၊ နယ်စပ်မှတ်တိုင် (၂၀/၂၁)အကြားရှိ နယ်စပ်လုံခြုံရေးစခန်းတစ်ခုတိုက်ခိုက်ခံရတာဖြစ်ပြီး ARSA ၊ RSO အဖွဲ့တွေက အခုလိုအလစ်အငိုက် တိုက်ခိုက်တာ၊ အရပ်သားတွေကို တိုက်ခိုက်သတ်ဖြတ်၊ ပြန်ပေးဆွဲ ၊ ငွေညှစ်တာတွေ လုပ်ဆောင်တာ ကြိမ်ဖမ်များစွာရှိခဲ့တယ်လို့ ဖော်ပြပါတယ်။

Public Service Announcement
အထက်ကျီးကျွန်း နယ်စပ်မှတ်တိုင် ၂၀နဲ့ ၂၁ အကြား AA စခန်းကို အင်အား ၁၀ဦးပါအဖွဲ့က ဘင်္ဂလာဖက်ခြမ်းမှ ဖြတ်ကျော်ဝင်ရောက်ပြီး လက်နက်ငယ်အပါအဝင်၊ 40 MM(79)နဲ့ မိနစ်အနည်းငယ်ကြာ တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ခဲ့ပြီး လာရောက်တိုက်ခိုက်တဲ့အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ် ဘက်ခြမ်းရှိ BGB နယ်ခြားစောင့်စခန်းတစ်ခုအနီး ဆုတ်ခွာသွားဟု ထုတ်ပြန်ပါတယ်။
တိုက်ပွဲအတွင်း ထိခိုက်ကျဆုံးရှိ၊မရှိ အခြေအနေတွေကိုတော့ ဖော်ပြမထားပါဘူး။
အာရက္ခနယ်စပ်ရှိ နေရာတွေကို ဘင်္ဂလာဘက်ခြမ်းက အခုလို ဖြတ်ကျော်ဝင်ရောက် တိုက်ခိုက်တဲ့ လုပ်ရပ်ဟာ အကျင့်ပျက် BGB တပ်မှူးတွေက မသိကျိုးကျွန်ပြု အားပေးအားမြှောက် ပြုနေသလို ဖြစ်နေလို့ နယ်စပ်တည်ငြိမ်ရေးများစွာအနှောက်အယှက်ဖြစ်တဲ့အပြင် ယုံကြည်မှုတွေကို ဆုတ်ယုတ်စေကြောင်း ဖော်ပြပါတယ်။
ဒါ့အပြင် မလိုလားအပ်သော နောက်ဆက်တွဲတွေ ဖြစ်ပေါ်လာမှာကို စိုးရိမ်ကြောင်းလည်း AAက ထုတ်ပြန်ပါတယ်။
ARSAဟာ ပြီးခဲ့တဲ့ စက်တင်ဘာလကလည်း မောင်တောမြို့နယ် မြောက်ပိုင်း နယ်စပ်မှတ်တိုင် ၅၆နဲ့ ၅၇ ကြားက AA စခန်းနဲ့ ဒုံးညိုရွာအနီးက စခန်း သိမ်းပိုက်ဖို့ တိုက်ခိုက်လာလို့ တိုက်ပွဲတွေဖြစ်ခဲ့ပြီး နောက်ပိုင်းမှာ ARSA တပ်ဖွဲ့တွေ ပြန်ဆုတ်ခွားသွားတယ်လို့ ဆိုပါတယ်။

















































