ဒီဇင်ဘာ-၁၇၊ ၂၀၂၅။ ဆန်အောင်/People’s Spring
တနင်္သာရီမြို့၊ အောက်ကင်းအခြေစိုက် အမှတ်(၅၅၇) ခြေမြန်တပ်ရင်းက တပ်သား(၃)ဦး လက်နက်တွေနဲ့အတူ အလင်းဝင်လာကြောင်း တနင်္သာရီတိုင်းစစ်ဌာနက ဒီကနေ့ ဒီဇင်ဘာ ၁၇ရက်မှာ ထုတ်ပြန်ပါတယ်။
ဒုတပ်ကြပ် တစ်ဦး နဲ့ ပြည်သူ့စစ်မှုထမ်းတပ်သားသစ်၂ဦးတို့ဟာ ဒီဇင်ဘာ ၉ရက်မှာ အလင်းဝင်လာတာဖြစ်ပြီး MA-4 (၁) လက်၊ MA-3 (၂) လက်၊ ၄၀ မမ ကျည် (၂၅)လုံးနဲ့ကျည် အတောင့် ၃၀၀ ကျော်၊ကျည်ဘောက် ၁၁ခုတို့ယူဆောင်လာတယ်လို့ ဖော်ပြပါတယ်။
အလင်းဝင်လာသူတွေကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ဆင်ရေးနယ်မြေအမှတ်(၁) စစ်ဆင်ရေးမှူး ရဲဘော်စောရှား၊ တနင်္သာရီတိုင်းစစ်ဌာန တိုင်းကွပ်ကဲရေးမှူး ရဲဘော်စတား၊ တနင်္သာရီတိုင်းစစ်ဌာန စစ်ဆင်ရေးအရာရှိ ရဲဘော်စီဝမ်းတို့က လက်ခံကြိုဆိုခဲ့သလို အမှတ်(၃၅)နည်းဗျူဟာမှူး ရဲဘော်ကျော်ထင်အောင်၊ တနင်္သာရီမြို့နယ် ပကဖဒုတာဝန်ခံ ရဲဘော်ဗီနို၊ တနင်္သာရီပကဖ တောင်ပံနီ(ဇုန်-၄) တာဝန်ခံ ရဲဘော်ဂျက်တို့က အလင်းဝင်ရဲဘော်တွေကို ဂုဏ်ပြုငွေ ပေးအပ်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

Public Service Announcement
တနင်္သာရီတိုင်းစစ်ဌာနအောက်ရှိ တပ်ရင်းတပ်ဖွဲ့တွေနဲ့ တော်လှန်ရေးအဖွဲ့တွေထံ လာရောက် အလင်းဝင် ပူးပေါင်းတဲ့ စစ်ကောင်စီတပ်သား ရာချီရှိလာပြီဖြစ်ကြောင်း ဖော်ပြထားပါတယ်။ ဒါနဲ့ပတ်သက်ပြီး အသေးစိတ် အချက်အလက်တွေမေးမြန်းဖို့ တိုင်းစစ်ဌာနတာဝန်ရှိသူထံ ဆက်သွယ်ထားပါတယ်။
ပြည့်သူ့ရင်ခွင်ခုံလှုံအလင်းဝင်လာသူတွေကို နွေးထွေးစွာကြိုဆိုကြောင်း အသိပေးကာ တနင်္သာရီတိုင်းစစ်ဌာနအောက်ရှိ တပ်ရင်းတပ်ဖွဲ့တွေဆီ လက်နက်နဲ့ လာပူးပေါင်းသူတွေကို ထိုက်တန်စွာ ဂုဏ်ပြုမယ်လို့လည်း အသိပေးထုတ်ပြန်ပါတယ်။
တနင်္သာရီတိုင်းစစ်ဌာနရဲ့ ထုတ်ပြန်ချက်တွေအရ လက်နက်နဲ့အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သား တစ်ဦးကို ဂုဏ်ပြုငွေ ကျပ်သိန်း ၅၀ ပေးအပ်ခဲ့တာကို တွေ့ရပါတယ်။


















































