ဒီဇင်ဘာ-၁၉၊၂၀၂၅၊ရှိန်း/ People’s Spring
မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်က နေရာအများစုကို စစ်တပ်က ပြန်ထိန်းချုပ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီဇင်ဘာ ၁၈ ရက်မှာ စစ်တပ်က လက်ပန်လှကျေးရွာကို ဝင်ရောက်သွားပြီးတဲ့နောက် ညပိုင်းမှာပဲ စဉ့်ကူးမြို့ကို ဆက်ဝင်ရောက်ခဲ့သလို ထုံးကြီးရွာဘက်က စစ်ကြောင်းကလည်း ဆည်သည်ရွာကနေ တဆင့်ဝင်ရောက်သွားတာလို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့က ပြောပါတယ်။
လက်ရှိမှာ စစ်တပ်က ထိန်းချုပ်လိုက်တဲ့ စဉ့်ကူးမြို့နယ်ရဲ့ ၈၀ရာခိုင်နှုန်းလောက်ပြန်ထိန်းချုပ်ထားပြီး အများစုဟာ မြို့နယ်အတွက် အရေးအပါဆုံးနေရာ တွေဖြစ်ပြီး မိုးကုတ်- မန္တလေး လမ်းပိုင်းနဲ့ ဆက်သွယ်ရေးအတွက် အရေးပါတဲ့ နေရာတွေကို ထိန်းချုပ်သွားတာလို့ သိရပါတယ်။

Public Service Announcement
“ဒါကျန်တာဆိုလို့ မြစ်ထဲက ကျေးရွာတွေ လောက်ပဲကျန်တာ။၂၀ရာခိုင်နှုန်းလောက် ကျန်တယ်ပြောလို့ရ ပေမယ့် ဒီရွာ တွေက အရင်ထဲက စစ်တပ်လာရင် ထွက် ပြေး နေကြရတဲ့ရွာ တွေ။ခံတိုက်နိုင်တဲ့ရွာတွေ မဟုတ်ဘူးလို့ ပြောချင်တာ ပေါ့”လို့ စဉ့်ကူးဒေသခံတဦးက ပြောပါတယ်။
စဉ့်ကူးမြိုကို စစ်တပ်ပြန်ထိန်းချုပ်လိုက်တာကြောင့် တမြို့နယ်လုံးနီးပါးက ပြည်သူတွေထွက်ပြေးနေကြပြီး စစ်ကိုင်းဘက်ကနေရှောင်တိမ်းရတဲ့ လမ်းပိုင်းတချို့လည်း အဲဒီဘက်က စစ်ကြောင်းတွေကြောင့် ပိတ်နေတယ်လို့ ဆိုပါတယ်။
ဒီဇင်ဘာ ၁ရက်ကစတင်ကာ စဉ့်ကူးမြို့နယ်ကို စစ်တပ်က စစ်ကြောင်းထိုးခဲ့ပြီး ပြန်လည်ထိန်းချုပ်ခဲ့တာပါ။
ထုံးကြီးရွာကို တပ်စွဲလိုက်တဲ့ စစ်တပ်ကတော့ ပြည်သူတွေကို လိုက်လံပစ်ခတ်သတ်ဖြတ်နေပြီး ဧရာဝတီမြစ်အတွင်း ကုန်ပို့နေတဲ့ ပြည်သူနှစ်ဦး ထိမှန်သေဆုံးခဲ့ပါတယ်။


















































