ဒီဇင်ဘာ-၂၀၊ ၂၀၂၅။ People’s Spring
ကုလသမဂ္ဂလုံခြုံရေးကောင်စီ(UNSC)ဟာ မြန်မာ့အရေးနဲ့ပတ်သက်လို့ တံခါးပိတ်ဆွေးနွေးပွဲခေါ်ယူထားပြီး လာမယ့် တနင်္လာနေ့(ဒီဇင်ဘာ ၂၂ရက်) မနက်ပိုင်းမှာ ကျင်းပဖို့ စီစဥ်ထားတယ်လို့ သိရပါတယ်။
ဒီတံခါးပိတ်ဆွေးနွေးပွဲခေါ်ယူဖို့ ဗြိတိန်နဲ့ တောင်ကိုရီးယားနိုင်ငံတို့က တောင်းဆိုခဲ့ကြတာဖြစ်ပြီး ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာ့အရေးအထူးကိုယ်စားလှယ် ဂျူလီဘစ်ရှော့နဲ့ အာဆီယံဥက္ကဋ္ဌရဲ့ မြန်မာ့အရေးအထူးကိုယ်စားလှယ် အော့သ်မန်းဟာရှင်မ်တို့လည်း တက်ရောက်ဆွေးနွေးကြမယ်လို့ ဆိုပါတယ်။
ကုလလုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေးတံခါးပိတ်ဆွေးနွေးပွဲမှာ အာဏာသိမ်းစစ်တပ်ကြီးမှူးကျင်းပမယ့် ရွေးကောက်ပွဲက အဓိကအကြောင်းအရာတရပ်ဖြစ်လာနိုင်ပြီး စစ်တပ်ရွေးကောက်ပွဲပတ်သက်လို့လည််း ကောင်စီအဖွဲ့ဝင်နိုင်ငံတွေအကြား သဘောကွဲလွဲမယ့် အခြေအနေတွေ ရှိနေပါတယ်။

Public Service Announcement
စစ်တပ်ရွေးကောက်ပွဲကို ကုလသမဂ္ဂထိပ်တန်းအရာရှိတွေက ကန့်ကွက်ရှုတ်ချထားသလို ဗြိတိန်၊ အမေရိကန်၊ ပြင်သစ်၊ တောင်ကိုရီးယားအပါအဝင် ကောင်စီအဖွဲ့ဝင်နိုင်ငံအများစုက ဆက်လက်ကန့်ကွက်လာဖွယ်ရှိပါတယ်။ ဒါပေမဲ့ တရုတ်နဲ့ ရုရှားတို့က စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအစီအစဥ်ကို ထောက်ခံပြီး မြန်မာ့အကျပ်အတည်းဖြေရှင်းရေး နည်းလမ်းတစ်ခုအဖြစ် ရှုမြင်ထားကြပါတယ်။
မြန်မာနိုင်ငံအခြေအနေဟာ ၂၀၂၅ တစ်နှစ်ပတ်လုံး ဆက်လက်ဆိုးရွားနေဆဲဖြစ်ပြီး ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ကလည်း ၂၀၂၁ ဖေဖော်ဝါရီ စစ်အာဏာသိမ်းချိန်ကတည်းက နိုင်ငံအတွင်း ဖြစ်ပွားနေဆဲ ပဋိပက္ခအကြောင်း အောက််တိုဘာမှာ ကျင်းပခဲ့တဲ့ ၁၅ ကြိမ်မြောက် အာဆီယံ-ကုလသမဂ္ဂထိပ်သီးညီလာခံ ကြေညာချက်မှာ ထည့်သွင်းဖော်ပြပါတယ်။
အဲဒီကြေညာချက်မှာ ကုလအတွင်းရေးမှူးချုပ်ဂူတာရက်စ်ဟာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့၊ အားလုံးပါဝင်တဲ့တွေ့ဆုံဆွေးနွေးပွဲဖြစ်ဖို့၊ အရပ်သားအစိုးရကို အာဏာပြန်ပေးဖို့၊ တရားလက်လွှတ်ဖမ်းဆီးထိန်းသိမ်းခံ အကျဥ်းသားတွေကို ပြန်လွှတ်ပေးဖို့နဲ့ လူသားချင်းစာနာမှုအကူအညီ အဟန့်အတားမရှိခွင့်ပြုပေးဖို့ အချက်တွေ တောင်းဆိုခဲ့ပါတယ်။
အာဆီယံ-ကုလသမဂ္ဂထိပ်သီးညီလာခံကာလအတွင်း ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာလည်း အတွင်းရေးမှူးချုပ်ဟာ “ဒီရွေးကောက်ပွဲတွေဟာ လွတ်လပ်၊ တရားမျှတလိမ့်မယ် ဒါမှမဟုတ် မြန်မာပြည်ရဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ အထောက်အကူဖြစ်လိမ့်မယ်ဆိုတာကို ဘယ်သူကမျှ ယုံကြည်လိမ့်မယ်လို့ ကျွန်တော် မထင်ပါဘူး” လို့ ပြောဆိုခဲ့ပါတယ်။
ဒီလကုန်ပိုင်းမှာ ကျင်းပဖို့ရှိတဲ့ စစ်တပ်ရွေးကောက်ပွဲတွေကို ကုလသမဂ္ဂရဲ့ အခြားအရာရှိတွေကလည်း ပြင်းပြင်းထန်ထန် ဝေဖန်ထားပါတယ်။ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး ကိုယ်စားလှယ်တွေရဲ့ နိုဝင်ဘာ ၂၈ရက် ကြေညာချက်မှာ ရွေးကောက်ပွဲတွေဟာ ခြိမ်းခြောက်မှုတွေနဲ့ အကြမ်းဖက်မှု ထူပြောတဲ့အခြေအနေမှာ ကျင်းပမှာဖြစ်သလို စစ်တပ်ဟာ ရွေးကောက်ပွဲပါဝင်ခွင့်ကိုလည်း တင်းတင်းကြပ်ကြပ်ဖိနှိပ်ထားတယ်လို့ ဖော်ပြပါတယ်။
ကုလအထူးကိုယ်စားလှယ်ဂျူလီဘစ်ရှော့ဟာ ပြီးခဲ့တဲ့ စက်တင်ဘာမှာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့မှုအခြေအနေ၊ အတိုက်အခံအုပ်စုတွေနဲ့ ထိတွေ့ဆက်ဆံမှု အခြေအနေတွေနဲ့ပတ်သက်လို့လည်း လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေကို တင်ပြဖို့ ရှိနေပါတယ်။
စစ်တပ်ဟာ တရားဝင်မှုရရှိဖို့ ရွေးကောက်ပွဲကို ဟန်ပြကြိုးပမ်းတယ်ဆိုတာနဲ့ စစ်တပ်ရွေးကောက်ပွဲကို အတိုက်အခံအုပ်စုတွေနဲ့ ရွေးကောက်ပွဲကနေ ဖယ်ထုတ်ခံထားရတဲ့ NLD အပါအဝင် နိုင်ငံရေးပါတီတွေက ငြင်းပယ်ထားကြကြောင်း အောက်တိုဘာ ၂၈ရက် ကုလသမဂ္ဂအထွေထွေညီလာခံ တတိယကော်မတီမှာ အစီရင်ခံမှုအတွင်း ဂျူလီဘစ်ရှော့က ပြောကြားခဲ့ပါတယ်။
စစ်တပ်ရွေးကောက်ပွဲနဲ့ဆက်စပ်ပြီး အကြမ်းဖက်မှုအသစ်ဖြစ်ပွားလာနိုင်တဲ့အန္တရာယ်ရှိမှုကိုလည်း ကုလအထူးကိုယ်စားလှယ်က အလေးပေးပြောကြားခဲ့ပြီး လက်ရှိအခင်းအကျင်းမှာ ဘယ်မဲဆန္ဒရှင်မှ၊ မဲရုံအလုပ်သမားမှ ဒါမှမဟုတ် လေ့လာစောင့်ကြည့်သူမှ လုံခြုံရေးအာမခံချက် ရှိနိုင်တယ်လို့ မြင်ယောင်ကြည့်ဖို့ ခဲယဥ်းကြောင်း သတိပေးခဲ့ပါတယ်။
ဒါ့အပြင် ကုလလုံခြုံရေးကောင်စီ တံခါးပိတ်ဆွေးနွေးပွဲမှာ အရပ်သားတွေကို ဆက်လက်တိုက်ခိုက်နေမှုတွေ၊ လူသားချင်စာနာမှုဆိုင်ရာ အကူအညီတွေ လိုအပ်မှုနဲ့ ရိုဟင်ဂျာအရေးကိစ္စတွေကိုလည်း အဖွဲ့ဝင်တွေ နိုင်ငံတွေက ဆွေးနွေးသွားဖို့ ရှိတယ်လို့ သိရပါတယ်။
တဖက်မှာလည်း မြန်မာပြည်အခြေအနေဟာ ဆက်လက်ဆိုးရွားနေဆဲဖြစ်ပေမယ့် လုံခြုံရေးကောင်စီက ဒီကိစ္စအပေါ် အထူးတလည် တက်ကြွဆောင်ရွက်မှု မရှိပါဘူး။ လာမယ့်ဆွေးနွေးပွဲဟာ အဖွဲ့ဝင်နိုင်ငံတွေကြား ဒီနှစ်အတွင်း လေးကြိမ်မြောက် ဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ်အတွင်းမှာ လုံခြုံရေးကောင်စီဟာ မြန်မာ့အရေးနဲ့ပတ်သက်တဲ့ ဆွေးနွေပွဲ ခြောက်ကြိမ်အထိ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် သြဂုတ်မှာ ဗြိတိန်က မြန်မာ့အရေးပတ်သက်လို့ အဆိုမူကြမ်းတင်ခဲ့ပေမယ့် ဗီတိုအာဏာပိုင် တရုတ်နဲ့ ရုရှားတို့ရဲ့ ကန့်ကွက်မှုကြောင့် အကောင်အထည်ပေါ်မလာသေးပါဘူး။ စစ်အာဏာသိမ်းမှု ၅ နှစ်အတွင်း လုံခြုံရေးကောင်စီက မြန်မာ့အရေးနဲ့ပတ်သက်လို့ ၂၀၂၂ ဒီဇင်ဘာမှာ ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ ချမှတ်ခဲ့တာပဲ ရှိပါတယ်။
အဲဒီလို အခက်အခဲတွေကြားမှာ မြန်မာ့အရေးတက်ကြွတဲ့ ကောင်စီအဖွဲ့ဝင်နိုင်ငံတွေက လာမယ့်သီးသန့်ဆွေးနွေးပွဲကို ကောင်စီအနေနဲ့ နောက်ထပ် ထိရောက်တဲ့အရေးယူမှုလုပ်ဆောင်ဖို့၊ ပွင့်လင်းမြင်သာတဲ့ ပုံမှန်အစည်းအဝေးတွေ ပိုမိုပြုလုပ်နိုင်ဖို့အတွက် အခွင့်အရေးတရပ်အဖြစ် အသုံးချနိုင်တယ်လို့ သိရပါတယ်။
ကိုးကား – UNSC report


















































