ဒီဇင်ဘာ-၂၂၊ ၂၀၂၅။ဆန်အောင်/People’s Spring
စစ်တပ် အာဏာသိမ်းပြီး ဖွဲ့စည်းခဲ့တဲ့စစ်ကောင်စီအဖွဲ့ဝင်ပုဂ္ဂိုလ်တွေကိုအကြမ်းဖက်သမားတွေအဖြစ် သတ်မှတ်ကြေညာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အကြမ်းဖက်တိုက်ဖျက်ရေးဗဟိုအဖွဲ့က ဒီဇင်ဘာ ၂၁ရက်က အမိန့်ထုတ်ပြန်ပါတယ်။
အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင် အပါအဝင် စစ်တပ်အာဏာသိမ်းစ ၂၀၂၁ ဖေဖော်ဝါရီ ၁ရက်မှာ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ ကိုဥပဒေ မဲ့ ခေါ်ယူခဲ့တာမှာ ပါဝင်သူ ၆ဦး၊ အဲဒီနောက်ပိုင်း အာဏာသိမ်းစစ်အုပ်စုဖွဲ့စည်းထားတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက တာဝန်ပေးခဲ့တဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အဖွဲ့ဝင် ၁၄ဦး နဲ့ စကစ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုအဆင့်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ၂၅ဦးတို့ကို အကြမ်းဖက်သမားတွေအဖြစ် NUGက ပြီးခဲ့တဲ့ နိုဝင်ဘာ နောက်ဆုံးပတ်မှာ ကြေညာခဲ့ပါတယ်။အဲလိုကြေညာပြီးနောက် စကစ စုဖွဲ့မှုမှာ ပါဝင်တဲ့ မင်းအောင်လှိုင်အပါအဝင် ၃၃ဦးကို အမည်တပ်ပြီး အကြမ်းဖက်သမားတွေအဖြစ် ကြေညာခဲ့တာပါ။
အခုကြေညာခဲ့တဲ့သူ၃၃ဦးဟာ၂၀၂၁ခုနှစ်၊ဖေဖော်ဝါရီလ ၂ ရက်နေ့ကနေ ၂၀၂၅ခုနှစ် ဇူလိုင်လ ၃၁ ရက်အတွင်း အကြမ်းဖက်အုပ်စုဖြစ်တဲ့ “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ” အဖွဲ့မှာ ပါဝင်ခဲ့သူတွေဖြစ်ပါတယ်။အဲဒီသူတွေထဲမှာ စစ်ဗိုလ်ချုပ်တွေအပြင် စစ်အုပ်စုက အမည်ခံပါဝင်ခွင့်ပေးထားတဲ့ အရပ်သားတွေလည်းပါတယ်။

Public Service Announcement
NUGက အကြမ်းဖက်သမားတွေအဖြစ် ထပ်မံ ကြေညာခဲ့တဲ့ ၃၃ဦးထဲမှာ စစ်ကောင်စီတပ်က စစ်ခေါင်းဆောင်မင်းအောင်လှိုင်၊ ဒုစစ်ခေါင်းဆောင် စိုးဝင်း၊ ဗိုလ်ချုပ်ကြီးအောင်လင်းဒွေး၊ ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ဒုတိယဗိုလ်ချုပ်ကြီးညိုစောတို့ ပါဝင်ပါတယ်။
ဒါ့အပြင် အာဏာသိမ်းစစ်တပ်ရဲ့စစ်ကောင်စီမှာ ပါဝင်ခဲ့တဲ့ ဖဒိုမန်းငြိမ်းမောင်၊ ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေ၊ ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ စောဒန်နီယယ်၊ ဒေါက်တာဗညားအောင်မိုး၊ ဦးရွှေကြိမ်း၊ ဦးဝဏ္ဏမောင်လွင်၊ ဒေါ်ဒွဲဘူ၊ ပိုးရယ်အောင်သိန်း၊ ပူဂင့်ကမ်းလျန်၊ ဦးမောင်ကို၊ ဒေါက်တာအောင်ကျော်မင်း၊ ဒေါက်တာကျော်ထွန်း၊ ခွန်စံလွင်၊ ဦးရန်ကျော်၊ ဒေါက်တာမှုထန်၊ ဒေါက်တာဘရွှေ စတဲ့ သူတွေကိုလည်း NUGက အကြမ်းဖက်သမားတွေအဖြစ်ကြေညာခဲ့ပါတယ်။
“အမျိုးသားညီညွတ်ရေးအစိုးရ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့အနေဖြင့် အထက်ပါအကြမ်းဖက်သမားများအား ဖမ်းဆီးရမိနိုင်ရေး ကြိုးပမ်းဆောင်ရွက် သွားမည် ဖြစ်ပြီး တော်လှန်ရေးအင်အားစုများနှင့် ပြည်သူများအနေဖြင့် ပူးပေါင်း ဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါသည်”လို့လည်းဖော်ပြထားပါတယ်။
NUGက နိုဝင်ဘာ နောက်ဆုံးပတ်မှာ ထုတ်ပြန်ခဲ့တဲ့ အကြမ်းဖက်သမားတွေရဲ့ အမည်စာရင်းကတော့ စစ်တပ်အာဏာသိမ်းစ ၂၀၂၁ ဖေဖော်ဝါရီ ၁ရက်မှာ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ ကိုဥပဒေ မဲ့ ခေါ်ယူခဲ့တဲ့ ဒုသမ္မတ ဦးမြင့်ဆွေ၊ စစ်ခေါင်းဆောင် မင်းအောင်လှိုင်၊ ဒုစစ်ခေါင်းဆောင် စိုးဝင်း၊ ဒုဗိုလ်ချုပ်ကြး စိန်ဝင်း၊ ဒုဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဒုဗိုလ်ချုပ်ကြီးရဲအောင်တို့ဖြစ်ပါတယ်။ ဒါ့အပြင် စစ်ကောင်စီက တာဝန်ပေးတဲ့ ကာလုံမှာပါဝင်ခဲ့သူတွေဖြစ်တဲ့မင်းအောင်လှိုင်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌတီခွန်မြတ်၊အာဏာသိမ်းဒုခေါင်းဆောင် စိုးဝင်း၊ ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဒုဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦး၀ဏ္ဏမောင်လွင်၊ ဦးသန်းဆွေ၊ ဦးဟင်နရီဗင်ထီးယူ၊ ဒုဗိုလ်ချုပ်ကြီးအောင်လင်းဒွေး၊ ဒုဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ဒေါက်တာ သီတာဦး၊ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဗိုလ်ချုပ်ကြီးမောင်မောင်အေး၊ ဒုဗိုလ်ချုပ်ကြီးရာပြည့်တို့ကိုလည်း အကြမ်းဖက်သမားတွေအဖြစ် ကြေညာခဲ့တာပါ။
စစ်ကောင်စီဖွဲ့စည်းခဲ့တဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တွေဖြစ်တဲ့ ဦးသိန်းစိုး၊ ဦးသောင်းတင်၊ ဦးသန်းထွန်း၊ ဦးကျောက်၊ ဦးအောင်စောဝင်း၊ ဦးသန်းဝင်း၊ ဦးစောဘလှိုင်၊ ဦးစိုးဦး၊ ဦးအောင်မိုးမြင့်၊ ဦးအောင်လွင်ဦး၊ ဦးသန်းစိုး၊ ဦးဘရန်ရှောင်၊ ဦးမြင့်ဦး၊ ဦးခင်မောင်ဦး၊ ဒေါ်နုမြဇံ၊ ဦးမြင့်သိန်း၊ ဒေါက်တာဘမောင်၊ ဦးကိုကိုလွင်၊ ဦးမင်းမင်းဦး၊ ဦးသန်းအောင်ကျော်၊ ဦးခင်ဇော်၊ ဦးမျိုးလှိုင်၊ ဦးသန်းထွတ်သိန်း၊ ဦးတင်ဆွေဝင်း၊ ဦးအောင်မြင့်လွင် စတဲ့သူတွေ ကိုလည်း အကြမ်းဖက်သမားတွေအဖြစ်NUGကကြေညာခဲ့ပါတယ်။
စစ်ကောင်စီ၊ စစ်ကောင်စီက အသွင်ပြောင်းဖွဲ့စည်းထားတဲ့ စစ်ကော်မရှင်နဲ့ ဆက်စပ်အဖွဲ့အစည်းတွေအားလုံးဟာ အကြမ်းဖက်အဖွဲ့တွေဖြစ်တယ် နိုင်ငံနဲ့ ပြည်သူလူထုရဲ့ ရန်သူဖြစ်တယ်ဆိုတာ ကြေညာထားပြီးဖြစ်တယ်လို့ NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့် ရှိသူ ဦးနေဘုန်းလတ်က ပြောပြပြီး အဲဒီ အစုအဖွဲ့တွေမှာ ပါဝင်ခဲ့သူတွေကို လူပုဂ္ဂိုလ်အမည်တွေနဲ့ အကြမ်းဖက်သမားတွေအဖြစ် ထပ်မံကြေညာတာလို့ ရှင်းပြပါတယ်။
စစ်တပ်ဝါဒဖြန့် တယ်လီဂရန်ချန်နယ်တွေမှာတော့ NUG ရဲ့အခုထုတ်ပြန်ချက်ဟာ ကိုယ့်အခြေအနေ ကိုယ်မသိပဲ လုပ်နေတဲ့ လုပ်ရပ်ဖြစ်တယ်လို့ရေးသားလှောင်ပြောင်နေကြတာတွေ့ရပါတယ်။
အခုလိုမျိုး လူပုဂ္ဂိုလ်နာမည်တွေနဲ့ အကြမ်းဖက်သမားအဖြစ် သတ်မှတ်ကြောင်း ထုတ်ပြန်ကြေညာမှုတွေ ဆက်လုပ်သွားဖို့ရှိကြောင်း ဦးနေဘုန်းလတ်က နိုဝင်ဘာလနောက်ဆုံးပတ်ကတည်းက အသိပေးထားပါတယ်။
“ဒီထုတ်ပြန်ချက်ထဲပါသလို တော်လှန်ရေးအင်အားစုတွေအနေနဲ့ပဲဖြစ်စေ ပြည်သူတွေအနေနဲ့ပဲ ဖြစ်စေ ဒီလူပုဂ္ဂိုလ်တွေကိုဖမ်းဆီးရမိတယ်ဆိုရင် အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထဲရေးဝန်ကြီးဌာနကိုအကြောင်းကြားပြီးဒီလူတွေကို အရေးယူဆောင်ရွက်နိုင်ဖို့အရေး ကို ပူးပေါင်းဆောင်ရွက်ကြဖို့ ထပ်မံတိုက်တွန်းပါတယ်။”လို့ ဦးနေဘုန်းလတ်က ပြောကြားထားပါတယ်။


















































