Connect with us

Hi, what are you looking for?

သတင်း

အင်းစိန်ထောင်အပါအဝင် အကျဉ်းထောင် ၇ ခုမှာ စစ်တပ်ရွေးကောက်ပွဲကို ဆန္ဒပြနေ

ရန်ကုန်မြို့က အင်းစိန်အကျဉ်းထောင်အပါအဝင် နိုင်ငံအနှံ့အကျဉ်းထောင်တွေမှာ မတရားအကျဥ်းချခံထားရသူတွေက စစ်တပ်ရဲ့ရွေးကောက်ပွဲကို ဆန့်ကျင်​ကြောင်း ဆန္ဒထုတ်ဖော်နေတယ်လို့ အကျဥ်းဦးစီးဝန်ထမ်းနဲ့ ထောင်နဲ့နီးစပ်သူအချို့က ပြောပါတယ်။

အင်းစိန်အကျဉ်းထောင်ကို တွေ့ရစဉ်။ ဓာတ်ပုံ- AFP

ဒီဇင်ဘာ-၂၈ ၊၂၀၂၅။ဇော်ဝင်း/People’s Spring

ရန်ကုန်မြို့က အင်းစိန်အကျဉ်းထောင်အပါအဝင် နိုင်ငံအနှံ့အကျဉ်းထောင်တွေမှာ မတရားအကျဥ်းချခံထားရသူတွေက စစ်တပ်ရဲ့ရွေးကောက်ပွဲကို ဆန့်ကျင်​ကြောင်း ဆန္ဒထုတ်ဖော်နေတယ်လို့ အကျဥ်းဦးစီးဝန်ထမ်းနဲ့ ထောင်နဲ့နီးစပ်သူအချို့က ပြောပါတယ်။

ဒီကနေ့(ဒီဇင်ဘာ ၂၈ ရက်) မနက်ပိုင်းကစလို့ နိုင်ငံရေးအကျဥ်းသားတွေဦးဆောင်ပြီး အင်းစိန်၊အိုးဘို၊သာယာဝတီ၊ပေါင်းတည်၊ ဒိုက်ဦး၊ကျိုက်မရောနဲ့ သရက်အကျဉ်းထောင်တွေမှာ ဆန္ဒထုတ်ဖော်နေတာလို့ ဆိုပါတယ်။

“ဒီကနေ့တရက် ထမင်းမစားဘူး။ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ဆန့်ကျင်ကန့်ကွက်တာပေါ့။နိုင်ငံရေးအကျဥ်းသားအားလုံး နီးပါးပါတယ်။အင်းစိန်က အများစုပါတယ်။နောက် အိုးဘိုမှာပါတယ်။နောက်သာယာဝတီပါတယ်။ဒိုက်ဦး၊ကျိုက်မရော၊သရက် စုစုပေါင်းခြောက်ထောင်က လတ်တလော အတည် ပြုရတယ်”လို့ အကျဥ်းဦးစီးဝန်ထမ်းတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒိုက်ဦးအကျဥ်းထောင်နဲ့ ပေါင်းတည်အကျဥ်းထောင်တွေမှာ အကျဥ်းသားတွေက စစ်ကောင်စီရွေးကောက်ပွဲကို ကန့်ကွက်ဆန္ဒပြနေကြောင်း သတင်းရရှိပါတယ်။

ဒီကနေ့မှာ စစ်တပ်က ပြုလုပ်နေတဲ့ ရွေးကောက်ပွဲကို ကန့်ကွက်ဆန္ဒပြတဲ့အနေနဲ့ ပဲခူးတိုင်းက ဒိုက်ဦးအကျဥ်းထောင်နဲ့ ပေါင်းတည်အကျဥ်းထောင်တွေမှာ အကျဥ်းသားတွေက ဆန္ဒပြနေတာဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများ ကွန်ရက်(PPNM)ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

“အခုလက်ရှိ သတင်းရထားမှုအရ စစ်ကော်မရှင်က ပထမအ​ကြိမ်ပြုလုပ်တဲ့ ရွေးကောက်ပွဲကို မထောက်ခံကြောင်း ကန့်ကွက်ဆန္ဒပြတဲ့အနေနဲ့ ထောင်ကနေမှကျွေးတဲ့ထမင်းနဲ့ဟင်းကိုမယူဘဲ ဒိုက်ဦးထောင်နဲ့ ပေါင်းတည်ထောင်မှာတော့ ဆန္ဒထုတ်ဖော်နေကြပါတယ်။”လို့ ၎င်းတာဝန်ရှိသူက ပြောပါတယ်။

အကျဥ်းသားတွေ ဆန္ဒပြမှု နောက်ဆက်တွဲ အခြေအနေကိုတော့အ​သေးစိပ် မသိရသေးပါဘူး။

ဒိုက်ဦးအကျဉ်းထောင်ဟာ နိုင်ငံရေးအကျဉ်းသားများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများ ဆိုးရွာစွာ ကျူးလွန်လေ့ရှိတယ်လို့ PPNMက ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၃ ရက်က အသိပေးထားပါတယ်။

အခုဖြစ်စဥ်ကို စစ်တပ်အရာရှိဟောင်းတွေဦးစီးနေတဲ့ အကျဥ်းဦးစီးဌာနက တန်ပြန်အရေးယူမှုတွေ ရှိလာနိုင်တယ်လို့လည်း သူက အသိပေးပါတယ်။

“ထမင်းမယူတာက ထောင်ရဲ့သဘောသဘာဝ ဖြစ်တဲ့အတွက် မနက်ခင်း ၁၀ နာရီမှာက ထမင်းမယူရင် သူတို့က စောင့်ကြည့်တယ်။ပြီးရင် ညနေ ၄ နာရီလောက်မှာ ညစာအတွက် ထမင်းပေးတယ်။အဲဒီအချိန်မှာမှ မယူဘူးဆိုရင် အရေးယူမှုတွေကို နောက်တစ်ရက်မှာ လုပ်လေ့ရှိတယ်။ရိုက်နှက်တာလည်း ပါတယ်”လို့ နိုင်ငံရေးအကျဥ်းသားဟောင်းတစ်ဦးက သူကြုံခဲ့ရဖူးတဲ့ဖြစ်စဥ်ကို ရှင်းပြပါတယ်။

စစ်တပ်က အကျဥ်းထောင်တွေထဲ ဆန္ဒ ပြတဲ့အသွင်သဏ္ဍာန်ကို ခေတ်အဆက်ဆက် လုံးဝဖိနှိပ်ထားကာ ဦးဆောင်သူတွေကို တိုက်ပိတ်တာ၊ခြေကျင်းခတ်ရိုက်နှက်တာနဲ့ ပါဝင်သူတွေကို အခန်းပြောင်းတာ၊ထောင်ဝင်စာပိတ်တာတွေ အနိမ့်ဆုံးအရေးယူလေ့ရှိတယ်လို့လည်း ၂၀၂၂က အင်းစိန်ထောင်မှာ နိုင်ငံရေးပုဒ်မနဲ့ ထောင်ကျခံခဲ့ရသူက ပြောပါတယ်။

ဒါပေမယ့် နိုင်ငံရေးအကျဉ်းသားတွေဟာ နည်းလမ်းပေါင်းစုံနဲ့ ဖိနှိပ်မှုတွေကြားကနေ စစ်တပ်ရဲ့ မတရားမှုကို အခုလို ဆန့်ကျင်ကန့်ကွက်မှုတွေအတွက် ဂုဏ်ယူရတယ်လို့လည်း သူက ပြောပါတယ်။

“အင်မတန်မှကို ဂုဏ်ယူရတဲ့ကိစ္စဖြစ်တယ်။နံရံတွေ ကြားထဲမှာမှ အားလုံးကို ပိတ်လှောင်ထားတဲ့အချိန်တောင် ကျွန်တော်တို့ရဲ့နိုင်ငံရေးရပ်တည်ချက်။တစ်နည်းအားဖြင့်ပြောရရင် နိုင်ငံအပေါ်မှာထားရှိတဲ့ ကောင်းစေချင်တဲ့စိတ်ဆန္ဒတွေ ပေါ့။အခုအကျဥ်းထောင်တွေဆိုတာ ကျွန်တော်တို့ရဲ့လူ့အခွင့်အရေးနဲ့လူဂုဏ်သိက္ခါတွေကို လုံးဝကို ဆွဲချတယ်။အကြောက်တရားနဲ့အုပ်ချုပ်တဲ့ ဒီလိုမျိုးနေရာတွေမှာတောင် ကျွန်တော်တို့နိုင်ငံရေးအကျဥ်းသား တွေက မတရားမှုကို ဆက်ပြီးတွန်းလှန်တာကို အသိအမှတ်ပြုရမှာဖြစ်တယ်”လို့ အထက်ပါနိုင်ငံရေး အကျဥ်းသားဟောင်းက ပြောပါတယ်။

အခု ဖြစ်စဥ်ကို စစ်တပ်ရဲ့ နောက်ဆက်တွဲ အရေးယူမှုတွေရှိလာခဲ့ပါက ပြည်သူတွေအနေနဲ့တက်နိုင်သမျှ နည်းလမ်းတွေနဲ့ ဝန်းရံပေးကြဖို့လည်း နိုင်ငံရေးအကျဥ်းသားဟောင်းတွေက တိုက်တွန်းပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံပြည်သူ ၃၀,၀၀၀ကျော်ရှိခဲ့ပြီး အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရတာက ၂၂၆၉၄ဦးရှိတယ်လို့ နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)က ဒီဇင်ဘာ ၂၆ ရက်က ထုတ်ပြန်ထားပါတယ်။

ဒီကနေ့ စတင်တဲ့ စစ်တပ်ရဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ လုပ်ရှားမှုတွေ နိုင်ငံတဝန်းမှာ ရှိနေသလို စစ်တပ်ရဲ့ အထိုင်စခန်းတွေအပါအဝင် မြို့ကြီးအချို့မှာ တိုက်ခိုက်ခံရမှုတွေ ဖြစ်ပွားနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတဝန်းက အကျဥ်းထောင်တွေမှာ စစ်တပ် အာဏာသိမ်းထားတဲ့ ၅ နှစ်အတွင်း ထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်လို့ နိုင်ငံရေးအကျဥ်းသား ၁၅၀ နီးပါး ကွယ်လွန်ခဲ့ကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

၂၀၂၀ အမေရိကန် ရွေးကောက်ပွဲ ရလဒ်တွေကို တရုတ်က နောက်ကွယ်ကနေ စွက်ဖက် ခြယ်လှယ်ခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ စွပ်စွဲမှုကို တရုတ်ဖက်က ပယ်ချခဲ့ပါတယ်။

သတင်း

အင်းစိန်ထောင်မှာ ထောင်အာဏာပိုင်တစ်ဦးက ထောင်တွင်းဘောလုံးပွဲသွားကြည့်တဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အကြောင်းပြချက်မရှိပဲ အပြစ်ရှာ ရိုက်နှက်ခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ကအသိပေးထားပါတယ်။

အတွေးအမြင်

သံမဏီနှင်းဆီနဲ့ သ​​င်​ကေတပြုထားတဲ့လူထု​​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်းစုကြည်ရဲ့ ​မွေး​နေ့ရက်​တွေဟာ တကယ်​တော့ လူတစ်ဦးရဲ့​မွေး​နေ့ထက် အဓိပ္ပါယ်​လေးနက်ပါတယ်။ လူထု​​ခေါင်း​ဆောင်အ​ပေါ် ပြည်သူတွေရဲ့ချစ်ခြင်း​မေတ္တာပြသခြင်းရဲ့ပြယုဂ်ခြင်းဖြစ်ပါတယ်။ဒါအပြင် လူထု​ခေါင်း​ဆောင်ရဲ့ ဒီမိုက​ရေစီအတွက် ခက်ခဲကြမ်းတမ်းလှတဲ့လမ်းကို​​လျှောက်လှမ်းရ​ပေမယ့် ​နောက်မတွန့်ပဲ ပန်းတိုင်ဆီ သတ္တိအပြည့်နဲ့ ချီတက်​နေတဲ့ လမ်းစဥ်ကို ယုံကြည်တယ်၊လိုက်နာမယ်ဆိုတဲ့ အချက်ပြ​မှု​တွေလည်းဖြစ်ပါတယ် ။