ဇန်နဝါရီ-၄ ၊၂၀၂၆။မိုမို/People’s Spring
အညာမြေတပ်ပေါင်းစုရဲ့ တိုက်ခိုက်မှုစွမ်းရည်မြှင့်တင်ထားတဲ့ ရဲဘော်တွေ သင်တန်းဆင်းပြီလို့ အဲဒီတပ်ပေါင်းစုက ဒီကနေ့(ဇန်နဝါရီ ၄ရက်)မှာ ထုတ််ပြန်ပါတယ်။
ပခုက္ကူခရိုင်တပ်ရင်းတွေနဲ့ အညာမြေတပ်ပေါင်းစုတို့ပူးတွဲပြီး အခြေခံစစ်ပညာသင်တန်း အပတ်စဉ်(၁) သင်တန်းဆင်းပွဲ အခမ်းအနားကို ဇန်နဝါရီ ၁ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ရက် ၇၀ကြာ အခြေခံစစ်ပညာမွမ်းမံ သင်တန်းကို အညာမြေတပ်ပေါင်းစု၊ ပခုက္ကူခရိုင်တပ်ရင်းတွေ BURMA Federal Column-BFC ၊ PI PDFYaung Guerilla Forceက ရဲဘော် ၆၈ဦး တတ်မြောက်ခဲ့တယ်လို့ အသိပေးပါတယ်။

Public Service Announcement
” အာဏာရှင်ကို တိုက်ခိုက်တဲ့နေရာမှာ တိုက်ခိုက်စွမ်းရည်မြင့်တက်ဖို့နဲ့ စိတ်ဓာတ်အတွေးအခေါ်ပိုင်းတွေက စမြင့်မားဖို့ ငွေကြေးအများကြီးကုန်ကျခံပြီး သင်ကြားခဲ့ကြရတာဖြစ်တယ်”လို့ အညာမြေတပ်ပေါင်းစုရဲ့ ပြန်ကြားရေးတာဝန်ခံကိုဘိုဘိုသန့်ဇင်က သင်တန်းဆင်းရဲဘော်တွေနဲ့ ပတ်သက်ပြီး ရှင်းပြပါတယ်။
အခုနှစ်အတွင်းမှာ ပိုကောင်းမွန်တဲ့ စစ်ရေးအရွေ့တွေနဲ့ ဘေးထွက်ဆိုးကျိုးနည်းတဲ့ ပြည်သူကို ဗဟိုပြုမယ့်စစ်ဆင်ရေးတွေကို ပိုမိုဖော်ဆောင်မယ်လို့ သူက ပြောပါတယ်။
ဖက်ဒရယ်ရရှိရေးနဲ့ အာဏာရှင်အမြစ်ပြတ်ချေမှုန်းနိုင်ရေးအတွက် အခြားတပ်ရင်း၊တပ်ဖွဲ့တွေနဲ့ မဆို ခိုင်မာတဲ့ဆက်ဆံရေးမူ တည်ဆောက်ပြီး စည်းလုံးညီညွှတ်ရေး၊ သစ္စာစောင့်သိရေးနဲ့ပြည်သူတရပ်လုံးအပေါ်မှာ ဖြောင့်မှန်၊ကတိတည်ရေးတွေကိုလည်း ကြိုးစားတည်ဆောက်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်ရေးအချက်အလက်တွေအရ ပခုက္ကူခရိုင်းအတွင်းက ပခုက္ကူနယ်၊မြိုင်နယ်၊ပေါက်နယ်၊ဆိပ်ဖြူနယ် အပြင် စစ်ကိုင်းတိုင်းက ပုလဲမြို့နယ်မှာပါ အညာမြေတပ်ပေါင်းစုက စစ်ကောင်စီတပ်ကို တိုက်ခိုက်နေတာ တွေ့ရပါတယ်။
၂၀၂၄ ဇွန်လက M.U.G.D.F၊ဇာမဏီပြောက်ကြားတပ်ဖွဲ့၊JAMESBOND၊TSDNGF နဲ့ ဒို့ညီနောင်ပြောက်ကြားတပ်ဖွဲ့ ငါးဖွဲ့ တို့ပူးပေါင်းပြီး အညာမြေတပ်ပေါင်းစုကို စုဖွဲ့ခဲ့ကြတာဖြစ်ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့လပိုင်းက အညာမြေတပ်ပေါင်းစုထံ ပခုက္ကူခရိုင်အခြေစိုက်တဲ့ GOD OF MYAING တပ်ဖွဲ့ နဲ့ EAGLE FIGHTER တပ်ဖွဲ့တို့ ထပ်မံပေါင်းစည်းဝင်ရောက်ခဲ့ပါတယ်။
ဓာတ်ပုံ – အညာမြေတပ်ပေါင်းစု





















































