ဇန်နဝါရီ-၅၊ ၂၀၂၆။ အိမ်သွင်/People’s Spring
စစ်ရှုံးပြီး လေကြောင်းကိုသာ အားကိုးနေရတဲ့အချိန်မှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စစ်တပ်ကို ကမ္ဘာနဲ့ ရင်ပေါင်တန်းနိုင်တဲ့ Standard Army ဖြစ်အောင် တည်ဆောက်နေတယ်လို့ ဝါဒဖြန့်ချိရေးမိန့်ခွန်း ပြောသွားပြန်ပါတယ်။
နေပြည်တော်မှာ ဇန်နဝါရီ ၄ ရက်က ပြုလုပ်တဲ့ စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်ပေးအပ်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို အာဏာသိမ်းစစ်ခေါင်းဆောင်က ပြောသွားတာဖြစ်ပါတယ်။
ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံပေါ်မှာ Balance of Power လို့ခေါ်တဲ့ အင်အားချိန်ခွင်လျှာ ပျက်ယွင်းခြင်း၊ ဗိုလ်ကျစိုးမိုးခြင်း၊ အင်အားပြိုင်ဆိုင်မှုတွေနဲ့ ရုပ်သေးအစိုးရဖြစ်စေရေး ကြိုးစားမှုတွေ များပြားနေလို့ သမားရိုးကျစစ်ပွဲတွေ ဆင်နွှဲနိုင်ရေးနဲ့ ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံပေါ်မှာ အသုံးချခံမဖြစ်စေရေးအတွက် စစ်တပ်ကို တိုက်ရည်ခိုက်ရည် ပြည့်ဝပြီး ကမ္ဘာနဲ့ ရင်ပေါင်တန်းနိုင်တဲ့ Standard Army ဖြစ်အောင် တည်ဆောက်နေတယ်လို့ ပြောသွားပါတယ်။

Public Service Announcement
ရုပ်သေးအစိုးရ မဖြစ်စေရေးနဲ့ ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံပေါ်မှာ အသုံးချခံမဖြစ်စေရေးဆိုပြီး ပြောသွားပေမယ့် စစ်ကောင်စီဟာ တရုတ်အစိုးရရဲ့ ရုပ်သေးရုပ်အဖြစ် ဝေဖန်ခံနေရတာပါ။ အပိုင်းသုံးပိုင်းခွဲပေးကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲကိုတောင် တရုတ်အစိုးရရဲ့သဘောတူညီချက်နဲ့ကျင်းပခဲ့တာလို့ တရုတ်ဘက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဒါ့အပြင် စွမ်းရည် (၃) ရပ်နဲ့ပြည့်စုံတဲ့ တပ်မတော်တစ်ရပ်ဆိုတဲ့ ဂုဏ်ဒြပ်တစ်ခုကိုလည်း မျက်ဝါးထင်ထင် တွေ့မြင်နေရတယ်လို့လည်း ပြောသွားပါတယ်။ ဒါပေမဲ့ စစ်ကောင်စီဟာ ၂၀၂၁ ခုနှစ်က စတင်တဲ့ လူထုရဲ့ နွေဦးတော်လှန်ရေးမှာ တိုင်းစစ်ဌာနချုပ်နှစ်ခုကို စွန့်လွှတ်ခဲ့ရသလို တိုင်းမှူးနဲ့ တပ်မမှုးအဆင့်တွေလည်း သုံ့ပန်းအနေနဲ့ ဖမ်းဆီးခံထားရတာပါ။
တိုက်ပွဲတွေအတွင်း စစ်တပ်ရဲ့ တပ်မမှူး ၅ ဦး သေဆုံးပြီး စစ်သုံ့ပန်းအဖြစ် ၂ဦးဖမ်းဆီးခံထားရပါတယ်။ အာရက္ခတပ်တော် AAသိမ်းယူထားတဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ ကိုးကန့်တပ်( MNDAA)သိမ်းယူခဲ့တဲ့ အရှေ့ပိုင်းတိုင်းစစ်ဌာနချူပ်က တိုင်းမှူးတွေလည်း ဖမ်းဆီးခံထားရတာပါ။ တိုင်းမှူးနဲ့ တပ်မမှူးနှစ်ဦးကဆိုရင် စစ်ခေါင်းဆောင်အနေနဲ့ လူထုကို မသတ်ဖြတ်ဖို့နဲ့ လက်နက်ချဖို့ ပြန်လည်တောင်းဆိုခဲ့ပါတယ်။
စွမ်းရည်ထက်မြက်တဲ့ ကာကွယ်ရေးစွမ်းအားစုတရပ် စစ်ကောင်စီတပ်က ပိုင်ဆိုင်ထားပြီး စွန့်လွှတ်စွန့်စားစိတ်ရှိတဲ့ အရာရှိ၊ စစ်သည်တွေကို ဆောင်ရွက်ပေးသင့်တာ မှန်သမျှကို စီမံဆောင်ရွက်ပေးနေတယ်လို့လည်း ပြောသွားပြီး အဲ့ဒီအချက်ကိုလည်း စစ်တပ်မိသားစုဝင်တွေကိုယ်တိုင်က လက်မခံကြပါဘူး။
“ရှေ့တန်းမှာ ယောက်ျား တိုက်ပွဲကျတာနဲ့ နောက်တန်းက ဇနီးနဲ့ကလေးတွေကို တန်းလျားကနေ မောင်းချတာ”လို့ ကချင်ပြည်နယ် မိုးကောင်းမြို့က စစ်ကောင်စီဗိုလ်ကြီးတစ်ဦးရဲ့ ဇနီးဖြစ်သူက ပြောပါတယ်။
စစ်ခေါင်းဆောင်က သူ့တပ်ဖွဲ့ဝင်တွေကို မနေ့က ပြောတဲ့ မိန့်ခွန်းမှာ ရွေးကောက်ပွဲအောင်မြင်အောင် ကြိုးစားပေးနေလို့လည်း ချီးကျူးသွားပါတယ်။ စစ်တပ်က လက်ရှိမှာ အပိုင်းသုံးပိုင်းခွဲလုပ်နေတဲ့ ရွေးကောက်ပွဲကို လူထု၊ ကုလနဲ့ နိုင်ငံတကာကပါ လက်ခံမထားပါဘူး။
လွတ်လပ်ရေးနေ့လို နိုင်ငံတော်အဆင့်သတ်မှတ်ထားတဲ့နေ့တွေမှာ လက်တွေ့မကျတဲ့ မှတ်ချက်တွေသုံးပြီး စစ်ခေါင်းဆောင်က ဝါဒဖြန့်ချိ မိန့်ခွန်းပြောလေ့ရှိပါတယ်။
လက်ရှိမှာ နေပြည်တော်နဲ့ ရန်ကုန်ကလွဲလို့ ကျန်တိုင်းနဲ့ပြည်နယ်တွေမှာ တိုက်ပွဲတွေ ဖြစ်နေပြီး စစ်ကောင်စီက လေကြောင်းအင်အားသုံး ခုခံနေပါတယ်။


















































