Connect with us

Hi, what are you looking for?

သတင်း

သီပေါမြို့နယ်အတွင်း တရားမဝင်လုပ်ငန်းတွေနဲ့မပတ်သက်ဟု SSPP ငြင်းဆို

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြိုနယ်အတွင်း စစ်ကောင်စီတပ်က စစ်ကြောင်း၊ လေကြောင်း အသုံးပြု နယ်မြေရှင်းလင်းတာတွေနဲ့ပတ်သက်ပြီးရှမ်းလက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ SSPP/SSAက ဒီကနေ့(ဇန်နဝါရီ ၁၀ရက်)မှာ စာထုတ်ပြန်ခဲ့ပြီး နယ်မြေအတွင်း တရားမဝင်လုပ်ငန်းတွေ နဲ့ ပတ်သက်မှု မရှိကြောင်း ငြင်းဆိုခဲ့ပါတယ်။

ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) တပ်ဖွဲ့ဝင်များကို ၂၀၂၂ မေ ၂၁ ရက်က ပြုလုပ်တဲ့ ရှမ်းပြည်တော်လှန်ရေးနေ့အခမ်းအနားမှာ တွေ့ရစဉ်။ ဓာတ်ပုံ- SSPP/SSA

▪️စစ်ကောင်စီ မြေပြင်ရှင်းလင်း၊ လေကြောင်းဗုံးကြဲတာတွေ အထူးသတိထားလုပ်ဖို့ ထုတ်ပြန်

ဇန်နဝါရီ-၁၀၊၂၀၂၆။မိုးမိုး/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြိုနယ်အတွင်း စစ်ကောင်စီတပ်က စစ်ကြောင်း၊ လေကြောင်း အသုံးပြု နယ်မြေရှင်းလင်းတာတွေနဲ့ပတ်သက်ပြီးရှမ်းလက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ SSPP/SSAက ဒီကနေ့(ဇန်နဝါရီ ၁၀ရက်)မှာ စာထုတ်ပြန်ခဲ့ပြီး နယ်မြေအတွင်း တရားမဝင်လုပ်ငန်းတွေ နဲ့ ပတ်သက်မှု မရှိကြောင်း ငြင်းဆိုခဲ့ပါတယ်။

SSPPရဲ့ ဒေသတွင်းပကတိအခြေအနေများ ထုတ်ပြန်ရှင်းလင်းချက် ဆိုတဲ့စာမှာ ဇန်နဝါရီ ၈ရက်ည သီပေါမြိုနယ်၊ နမ့်စောင်ချောင်း တောတွင်းတနေရာမှာ စစ်ကောင်စီတပ်က နယ်မြေရှင်းလင်းရာ တရားမဝင် လုပ်ငန်းလုပ်ဆောင်နေတဲ့ အမည်မသိ လက်နက်ကိုင်အဖွဲ့ တစုနဲ့ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားတာကို သိရကြောင်း ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

SSPP ရဲ့ ထုတ်ပြန်ချက်မှာ တပ်မတော်လို့ သုံးနှုံးထားတာပါ။

ဇန်နဝါရီ ၉ရက်မှာ မနက်ကနေ ညအထိ စစ်ကောင်စီက သီပေါမြိုနယ် အတွင်းရှိ နမ့်ကုံကျေးရွာအနီး၊ ဟိုင်းဆိုင်ကျေးရွာအနီး နဲ့ နားပျန်ကျေးရွာအနီးတို့မှာ လေကြောင်းက အကြိမ်ကြိမ် ဗုံးကြဲခဲ့ကြောင်းဖော်ပြထားပါတယ်။

စစ်ကောင်စီ နယ်မြေရှင်းလင်းတိုက်ခိုက်နေတဲ့ တရားမဝင်လုပ်ငန်း လုပ်ဆောင်တဲ့အဖွဲ့တွေဟာ SSPP/SSAနဲ့ ပါဝင်ပတ်သက်ခြင်းလုံး၀မရှိကြောင်း ငြင်းဆိုထားပါတယ်။

” မြန်မာ့တပ်မတော်အနေဖြင့် နယ်မြေရှင်းလင်းရေးစီမံချက်များ အမြန်ဆုံး အဆုံးသတ်စေရေး၊ ဒေသခံ မိဘပြည်သူလူထုများ ထိခိုက်မှုမရှိစေရေးအပါအဝင် ဒေသတည်ငြိမ်အေးချမ်းရေး၊ လက်ရှိငြိမ်းချမ်းရေး မထိ ခိုက်စေရေး၊ မလိုလားအပ်သော အကျိုးသက်ရောက်မှုများ မဖြစ်ပေါ်လာစေရေးတိုအတွက် အထူးသတိထား ဆောင်ရွက်ရန်လိုအပ်ကြောင်း အသိပေးအပ်ပါသည်” လို့လည်း SSPPက ထုတ်ပြန်ပါတယ်။

SSPP အနေနဲ့ တရားမဝင်လုပ်ငန်းများ မရှိစေရေးအတွက် တားမြစ်ကြေညာချက်များ အကြိမ်ကြိမ်ထုတ်ပြန်ခဲ့ပြီးဖြစ်သလို တရားမဝင်လုပ်ငန်းကိစ္စတွေနဲ့ ပါဝင်ပတ်သက်သူတွေကိုလည်း စိစစ်အရေးယူမယ်လို့ ဖော်ပြထားပါတယ်။

SSPPဟာ စစ်ကောင်စီနဲ့တိုက်ပွဲဖြစ်ပွားမှုမရှိသလောက်နည်းပါးတဲ့အဖွဲ့ဖြစ်ပြီး စစ်ကောင်စီနဲ့ ထိတွေ့ဆွေးနွေးနေတဲ့အဖွဲ့ဖြစ်ပါတယ်။

အခု SSPP ထုတ်ပြန်တဲ့အထဲမှာပါတဲ့ တရားမဝင်လုပ်ငန်းဆိုတာ အွန်လိုင်းငွေလိမ်တဲ့ ကျားဖြန့်လုပ်ငန်းတွေ ကို ဆိုလိုတာဖြစ်တယ်လို့ ရှမ်းသတင်းရင်းမြစ်တဦးက ပြောပါတယ်။

“ လောက်ကိုင်(ကိုးကန့်ဒေသ)နဲ့ ပန်ဆန်း(၀တပ်ဖွဲ့ ဌာနချုပ်) ကျားဖြန့်တွေပြိုတော့ သူတို့(SSPP) လက်ခံထားတဲ့ လူတွေပါပဲ။ စစ်တပ်ကလည်း နယ်မြေမစိုးမိုးနိုင် ကျန်အဖွဲ့တွေကလည်း မသိသလိုလုပ်ထားကြတာ” လို့ ရှမ်းသတင်းရင်းမြစ်က ပြောပါတယ်။

အခု ထုတ်ပြန်တာမှာ သီပေါမြို့မှာ ကျားဖြန့်လုပ်နေတာက သူတို့ အဖွဲ့မဟုတ်ဘူးဆိုတာ SSPPက စာထုတ်ရှင်းလင်းခြင်းဖြစ်တယ်လို့ ရှမ်းသတင်းရင်းမြစ်က ပြောပါတယ်။

” အခု လက်ခံထားတာကလည်း နယ်မြေ တပ်ရင်းမှူးတွေ သူ့အကန့်နဲ့သူ လက်ခံထားကြတာ။ အဲဒီက ရလာတဲ့ ငွေ ရှမ်းလူမျိုးအတွက် ရှမ်းအဖွဲ့အစည်းအတွက် ပြန်သုံးဖို့မှ မဟုတ်ဘဲ” လို့လည်း ရှမ်းသတင်းရင်းမြစ်က ပြောပါတယ်။

ရှမ်းသတင်းရင်းမြစ်ရဲ့ပြောကြားချက်နဲ့ပတ်သက်ပြီး SSPP ပြောရေးဆိုခွင့်ရှိသူထံ ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါတယ်။

ရှမ်းလက်နက်ကိုင်တပ်ဖွဲ့ နှစ်ခုဖြစ်တဲ့ SSPPနဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) တို့ဟာ စစ်တပ်အာဏာသိမ်းပြီး စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေတဲ့ အဖွဲ့တွေဖြစ်ပေမယ့် နှစ်ဖွဲ့အကြား အချင်းချင်းတိုက်ပွဲတွေရှိခဲ့သလို နယ်မြေပြဿနာတွေ ဖြစ်ပွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ