Connect with us

Hi, what are you looking for?

သတင်း

မျက်နှာစုံညီ ဆွေးနွေးအပြီး ယူကရိန်းရဲ့ မြို့တော်ကို ရုရှားက ဒုံးကျည်တွေနဲ့ တိုက်ခိုက်

ရုရှား၊ ယူကရိန်း၊ အမေရိကန် ကိုယ်စားလှယ်တွေ တွေ့ဆုံဆွေးနွေးပြီး မကြာခင်မှာပဲ ယူကရိန်းရဲ့ မြို့တော် ကိယက်ဗ်ကို ရုရှားက ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ပါတယ်။

ရုရှား၊ ယူကရိန်း၊ အမေရိကန် ကိုယ်စားလှယ်တွေ တွေ့ဆုံဆွေးနွေးပြီး မကြာခင်မှာပဲ ယူကရိန်းရဲ့ မြို့တော် ကိယက်ဗ်ကို ရုရှားက ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ပါတယ်။

၄ နှစ်နီးပါး ကြာမြင့်လာတဲ့ စစ်ပွဲကို ရပ်တန့်စေဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အစိုးရက ကြားဝင် စေ့စပ်ပေးမှုနောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် သုံးပွင့်ဆိုင် ဆွေးနွေးမှုကို ဇန်နဝါရီ ၂၃ ရက်နေ့က ယူအေအီးနိုင်ငံ၊ အဘူဒါဘီမြို့မှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်ရဲ့ အစောပိုင်းက ငြိမ်းချမ်းရေး အဆိုပြုချက်ဟာ ရုရှား တောင်းဆိုသမျှ အားလုံးနီးပါးကို လိုက်လျောထားကြောင်း အနောက်ဥရောပ မဟာမိတ်တွေက ဝေဖန်ခဲ့ပြီး ပြန်ပြင်ထားတဲ့ အဆိုပြုချက်ကတော့ ဥရောပ အလိုကျ ဖြစ်လွန်းနေတယ်လို့ ရုရှားဖက်က ဝေဖန်ထားပြန်ပါတယ်။

ဇန်နဝါရီ ၂၃ ရက်နေ့ တွေ့ဆုံမှုတွေ မတိုင်ခင်မှာ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက စစ်ရပ်စဲရေး အားထုတ်မှုတွေအတွက် နောက်ဆုံး ကျန်နေတဲ့ အတားအဆီးဟာ နယ်မြေခွဲဝေရေး သဘောတူညီချက်တစ်ခု ထွက်ပေါ်မလာသေးတာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အဘူဒါဘီမှာ သုံးပွင့်ဆိုင် တွေ့ဆုံမှုကတော့ ပထမနေ့ ဆွေးနွေးမှုတွေ ပြီးဆုံးသွားပြီး ဇန်နဝါရီ ၂၄ ရက်နေ့မှာ ဆွေးနွေးပွဲ ဆက်လုပ်မယ်လို့ ကြေညာထားပါတယ်။

ပထမနေ့ တွေ့ဆုံပွဲအပြီး မကြာခင်မှာပဲ ရုရှားဟာ ယူကရိန်းရဲ့ မြို့တော် ကိယက်ဗ်ကိုရော၊ နိုင်ငံ အရှေ့မြောက်ပိုင်းမှာ ရှိနေတဲ့ ခါကစ်ဗ်ဒေသကိုပါ ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီ တိုက်ခိုက်မှုတွေကြောင့် ကိယက်ဗ်မှာ အနည်းဆုံး ၁ ဦးသေပြီး ခါကစ်ဗ်မှာ ၃ ဦး သေဆုံးခဲ့ကြောင်း၊ ဒဏ်ရာရသူတွေလည်း ရှိခဲ့ကြောင်း ယူကရိန်းက ထုတ်ပြန်ခဲ့ပါတယ်။

ဆောင်းရာသီ ဝင်ရောက်လာပြီး ယူကရိန်းရဲ့ အစိတ်အပိုင်း တချို့မှာ ရေခဲမှတ်အောက်ထိ ကျဆင်းနေချိန်မှာ ရုရှားဟာ ယူကရိန်း မြို့ကြီးတွေရဲ့ စွမ်းအင်ဆိုင်ရာ အခြေခံ အဆောက်အအုံတွေကို အဓိက ပစ်မှတ်ထား တိုက်ခိုက်နေပါတယ်။ အကျိုးဆက်အဖြစ် ကိယက်ဗ် အပါအဝင် မြို့ကြီးတွေမှာ ဓာတ်အားတွေ ပြတ်တောက်ပြီး မှောင်မည်းနေသလို အရိုးခိုက်အောင် အေးတဲ့ ဆောင်းတွင်းမှာ အပူပေးစက်တွေ အသုံးမပြုနိုင်ဘဲ ဒေသခံတွေက ကြံ့ကြံ့ခံ ဖြတ်သန်းနေရပါတယ်။ ဥရောပ သမဂ္ဂကတော့ ယူကရိန်းဆီ ရာနဲ့ချီတဲ့ မီးစက်တွေကို ထောက်ပံ့ ပို့ဆောင်ပေးထားပါတယ်။

အဘူဒါဘီက ဆွေးနွေးပွဲ ပထမရက် အခြေအနေကို တိတိကျကျ မသိရသေးဘဲ ရုရှားဖက်က ညှိနှိုင်းရေး အရာရှိ ရူစတမ် အူမာရော့ဗ်က ညှိနှိုင်းမှုတွေဟာ စစ်ပွဲကို ဘယ်လိုပုံစံနဲ့ ရပ်ဆိုင်းမလဲ ဆိုတာရယ်၊ နောက်ထပ် ဆွေးနွေးမှု အဆင့်တွေရဲ့ သဘောတရားတွေရယ်ကို အဓိကထား ချဉ်းကပ်ခဲ့တယ်လို့ ပြောကြားသွားပါတယ်။

ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း ဥရောပမှာ ဖြစ်ပွားဖူးသမျှ အသေအပျောက် အများဆုံး စစ်ပွဲကို ရပ်တန့်ဖို့ သံခင်းတမန်ခင်း အားထုတ်မှုတွေက ပိုပြီး အရှိန်ရလာနေပေမယ့် ရုရှားနဲ့ ယူကရိန်းတို့ကြား နယ်မြေခွဲဝေရေး ကိစ္စမှာ ရှေ့မတိုးနိုင်ဘဲ ကြန့်ကြာနေတာ ဖြစ်ပါတယ်။ ရုရှားဟာ ယူကရိန်းနိုင်ငံ တစ်ခုလုံးရဲ့ ငါးပုံတစ်ပုံလောက်နဲ့ ညီမျှတဲ့ အရှေ့ပိုင်းဒေသတွေကို ထိန်းချုပ်ထားပါတယ်။

ကိုးကား: AFP

ဓာတ်ပုံ – AP

ဆက်စပ်သတင်းများ

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

နိုင်ငံတကာ

ယူကရိန်းမှာရှိတဲ့ ကမ္ဘာ့အမွေအနှစ် သာသနိက အဆောက်အအုံ တစ်ခုကို တိုက်ခိုက်ခဲ့တဲ့ ရုရှားရဲ့ လုပ်ရပ်အပေါ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ကြီး (ယူနက်စကို)က ရှုတ်ချသွားခဲ့ပါတယ်။