Connect with us

Hi, what are you looking for?

အတွေးအမြင်

နိုင်ငံသားအခွင့်အရေးတွေ ကန့်သက်ထားပြီးမှ လုပ်တဲ့ စစ်တပ်ရွေးကောက်ပွဲ

နိုင်ငံသားတို့၏ လွတ်လပ်ခွင့်နှင့် ရွေးချယ်ခွင့်တို့သည် ဒီမိုကရေစီစနစ်၏ အခြေခံအကျဆုံးမူဖြစ်သည်။သို့သော် ယနေ့ကာလ မြန်မာနိုင်ငံတွင်မူထိုအခြေခံမူမှာပြောင်းပြန်အဓိပ္ပာယ်ဖြစ်နေသည်။

ကိုပါဝဲလ်​ရေးသားသည်။

နိုင်ငံသားတို့၏ လွတ်လပ်ခွင့်နှင့် ရွေးချယ်ခွင့်တို့သည် ဒီမိုကရေစီစနစ်၏ အခြေခံအကျဆုံးမူဖြစ်သည်။သို့သော် ယနေ့ကာလ မြန်မာနိုင်ငံတွင်မူထိုအခြေခံမူမှာပြောင်းပြန်အဓိပ္ပာယ်ဖြစ်နေသည်။

တဖက်တွင်နိုင်ငံသားတို့၏အခြေခံရပိုင်ခွင့်များကို ဥပဒေကြောင်းအရ ဆိုင်းငံ့ပိတ်ပင်ထားပြီး၊ အခြားတဖက်တွင်မူ ထိုပိတ်ပင်ထားသည့် နိုင်ငံသားအခွင့်အရေးကိုပင် အသုံးပြု၍ မဲပေးကြရန် တိုက်တွန်းနေခြင်းမှာပြက်လုံးတခုကဲ့သို့ဖြစ်နေသည်။

အချုပ်အခြာအာဏာသည် ပြည်သူ့ထံမှဆင်းသက်ရမည်ဟု ဆိုသော်လည်း လက်တွေ့တွင်မူပြည်သူတို့၏ အာဏာကိုလက်နက်နှင့်ဥပဒေဖြင့် ကန့်သတ်ထားပြီးမှ၊ အလိုကျပုံဖော်ထားသည့် ရွေးကောက်ပွဲတကို မဲပေးခိုင်နေခြင်းမှာ ရှေ့နောက်မညီသောနိုင်ငံရေးလှည့်ကွက်တစ်ခုသာဖြစ်သည်။

Public Service Announcement

Public Service Announcement

စစ်တပ်ကလက်ခံကျင့်သုံးနေသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင်ပင် အခန်း(၈)”နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့်တာဝန်များ”၌ ပြည်သူတို့အတွက်ကတိကဝတ်များပေးထားသည်။

အခြေခံဥပဒေရဲ့ ပုဒ်မ ၃၅၃ တွင် မည်သည့်နိုင်ငံသားမျှ ဥပဒေနှင့်အညီမဟုတ်ဘဲ အသက်ဆုံးရှုံးခြင်း၊ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှု ဆုံးရှုံးခြင်း မရှိစေရ။ ပုဒ်မ ၃၅၄ တွင် နိုင်ငံသားတိုင်းသည် မိမိ၏ ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် အသင်းအဖွဲ့များ ဖွဲ့စည်းခွင့် ရှိသည်။ ပုဒ်မ ၃၅၇ တွင် နိုင်ငံသားတို့၏ ပုဂ္ဂလိကနှင့် မိသားစုဘဝ၊ နေအိမ်နှင့် အပေးအယူစာပေးစာယူကိစ္စများကို ဥပဒေအရ အကာအကွယ်ပေးရမည်ဟု ဖော်ပြထားသည်။

ထိုအခြေခံဥပဒေပါပြဌာန်းချက်တွေကို လက်တွေ့ကျင့်သုံးစေဖို့ ၂၀၁၇ ခု(NLD အစိုးရလက်ထက်)တွင် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို အကာအကွယ်ပေးရေးဥပဒေကိုပြဌာန်းခဲ့သည်။ထိုဥပဒေပြဌာန်းလိုက်ခြင်းဖြင့် အစိုးရသည် နိုင်ငံသားတို့၏ လွတ်လပ်ပိုင်ခွင့်နှင့်စိတ်လုံခြုံခွင့်ကိုမည်မျှ အလေးထားသည်ကို ပေါ်လွင်ခဲ့ပါသည်။

သို့သော် ၂၀၂၁ ခု စစ်တပ်က အာဏာသိမ်းပြီးနောက်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကပေးထားသည့် နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် ၂၀၁၇ ခုတွင် ပြဌာန်းခဲ့သည့် တွင် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို အကာအကွယ်ပေးရေးဥပဒေပါ အခွင့်အရေးများသည်အဟောသိကံ ဖြစ်ခဲ့ရသည်။

စစ်တပ်သည်အာဏာသိမ်းသည်ကို သိမ်းသည်ဟုအမည်မတပ်ပဲ နိုင်ငံကို အရေးပေါ်အခြေအနေကြေညာကာ တွင် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို အကာအကွယ်ပေးရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေထုတ်ပြန်ကာ နိုင်ငံသားအခွင့်အရေးတို့ကို ကန့်သတ်ဆိုင်းငံ့ခဲ့သည်။ ထိုဥပဒေပါ ပုဒ်မ (၅)၊(၇)နှင့်(၈) တို့ကို ရပ်ဆိုင်းခဲ့သည်။ ထိုသို့ ဆိုင်းငံ့လိုက်ခြင်းကြောင့် အာဏာသိမ်း စစ်ကောင်စီသည် နိုင်ငံသား မည်သူ့ကိုမဆို ဝရမ်းမပါဘဲ ဖမ်းဆီးခြင်း၊ ၂၄ နာရီထက်ကျော်လွန်၍ ချုပ်နှောင်ခြင်း၊ နေအိမ်များအတွင်း ဝရမ်းမပါဘဲ ဝင်ရောက်ရှာဖွေခြင်းနှင့်ဧည့်စာရင်းစစ်ဆေးခြင်းတို့ကို ဥပဒေကြောင်းအရ လမ်းဖွင့်ပေးလိုက်ခြင်း ဖြစ်သည်။ နိုင်ငံသားတို့၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကိုပါ လက်တွေ့တွင် ဆိုင်းငံ့ထားခဲ့သည်။

လူမှုကွန်ယက်စာမျက်နှာတွင် လွတ်လပ်စွာ ပို့စ်တင်ခြင်း၊ မျှဝေခြင်း၊ Like ကဲ့သို့သော reaction များ ပေးခြင်းများကို မတရားဖမ်းဆီးထောင်ချခြင်းဖြင့် ကန့်သတ်ခဲ့သည်။

အဆိုးဆုံးကား စစ်ကောင်စီက ပြုလုပ်ပေးနေသည့် ၂၀၂၅ ခု ရွေးကောက်ပွဲများကို ပျက်ပြားစေရန်ရည်ရွယ်ပြီးလူမှုကွန်ယက်စာမျက်နှာများနှင့် အများပြည်သူသက်ဆိုင်သည့် နေရာများ၌ ဟော

ပြောခြင်း၊ ပြောဆိုခြင်း စည်းရုံးခြင်း၊ လှုံ့ဆော်ခြင်း၊ ဆန္ဒပြခြင်း၊ စာရေးခြင်း၊ ရုပ်ပုံပိုစတာများ ချိတ်ဆွဲခြင်းများကို ပါတီဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားခြင်းမှ ကာကွယ်‌ပေးရေး ဥပဒေ ထုတ်ပြန်ပြီး မတရားအရေးယူ ထောင်ချနေခြင်းများ ပြုလုပ်နေခြင်းပင် ဖြစ်သည်။

ဤကဲ့သို့ နိုင်ငံသားအခွင့်အရေးများကို ဥပဒေကြောင်းအရ ဆိုင်းငံ့ထားပြီး အကြောက်တရားကို ဖန်တီးထားသည့် ပတ်ဝန်းကျင်တွင်”ရွေးကောက်ပွဲများ” ပြုလုပ်နေခြင်းသည် ယုတ္တိမရှိပေ။စစ်ကောင်စီသည် နိုင်ငံသားများကို ၎င်းတို့၏ နိုင်ငံသားအခွင့်အရေးကို အပြည့်အဝသုံးကြပြီး မဲပေးရန် ပြောဆိုစည်းရုံးနေသော်လည်း၊ မဲမပေးမီ လိုအပ်သော “လွတ်လပ်စွာ စည်းရုံးခွင့်” နှင့် “ဘေးကင်းလုံခြုံခွင့်” တို့ကိုမူ ဥပဒေဖြင့် ပိတ်ပင်ထားဆဲ ဖြစ်သည်။

နိုင်ငံသားတဦးအတွက် အခွင့်အရေးဆိုသည်မှာ မဲရုံထဲမှ တမိနစ်စာ ခလုပ်နှိပ်ရုံမျှသာ မဟုတ်ဘဲ၊ မိမိနှစ်သက်သည့် နိုင်ငံရေးပါတီကို ဘေးကင်းစွာ ထောက်ခံခွင့်၊ မကြိုက်သည့်မူဝါဒကို လွတ်လပ်စွာ ဝေဖန်ခွင့်တို့အပေါ်တွင်သာ အခြေခံရမည် ဖြစ်သည်။ ထိုအပြင် ရွေးကောက်ပွဲတွင် မဲမပေးခြင်းသည်လည်း နိုင်ငံသားတို့၏ အခွင့်အရေးပင် ဖြစ်သည်။

အခြေခံဥပဒေပါ နိုင်ငံသားအခွင့်အရေးများကို ပိတ်ပင်ထားပြီးမှ ရွေးကောက်ပွဲနေ့တွင် “အခွင့်အရေး အပြည့်အဝသုံးပါ” ဟု ပြောဆိုခြင်းမှာ “ဟန်ပြဒီမိုကရေစီ”(Performative Democracy) သာ ဖြစ်သည်။ နိုင်ငံသားတစ်ဦး၏ မဲတစ်ပြားသည် တန်ဖိုးရှိရန်အတွက် ထိုမဲကို ပေးမည့်သူအတွက်ဘေးကင်းလုံခြုံမှုနှင့် လွတ်လပ်မှု ခံစားနေရရန် လိုအပ်သည်။

ဥပဒေများဖြင့် အခွင့်အရေးကို ဆိုင်းငံ့ထားခြင်းသည် နိုင်ငံသားများကို”အကြောက်တရား” အောက်တွင် ထားရှိခြင်းဖြစ်ပြီး၊ အကြောက်တရားအောက်မှထွက်ပေါ်လာသောရလဒ်သည် ပြည်သူ့ဆန္ဒအမှန် ဖြစ်လာမည်မဟုတ်သလို လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲလုံးဝဖြစ်နိုင်စရာအကြောင်းမရှိပေ။ ။

ဆက်စပ်သတင်းများ

သတင်း

အာဆီယံထိပ်သီးညီလာခံကို စစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်ရဖို့ မသေချာ

အတွေးအမြင်

သုံးကြိမ်တိုင်တိုင် အသုတ်ခွဲပြုလုပ်ခဲ့တဲ့ စစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ ပြီးဆုံးသွားခဲ့ပါပြီ။ မကြာခင်ရက်ပိုင်းအတွင်းမှာ စစ်တပ်ကလွှတ်တော်အသီးသီးကို ကျင်းပတော့မှာဖြစ်ပြီး၊ ဆက်တိုက်ဆိုသလိုပဲစစ်တပ်နဲ့ ကြံ့ခိုင်ရေးပါတီတို့ပူးပေါင်းကာစစ်တပ်ကပဲအ​ပေါ်ယံ​ပြောင်းထားတဲ့ ဟန်ပြအစိုးရသစ်တစ်ရပ် ဖွဲ့စည်းတော့မှာ ဖြစ်ပါတယ်။

သတင်း

​ပဲခူးတိုင်း၊ သာယာဝတီအကျဉ်းထောင်အတွင်းမှာ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)ကို လိုအပ်ချက်အခွင့်အရေးတွေ တင်ပြခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ထောင်အရာရှိနဲ့ ဝန်ထမ်းတွေက ဝိုင်းဝန်းရိုက်နှက်နှိပ်စက်ခဲ့ကြောင်း ထောင်တွင်းနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

ဘာသာပြန်ဆောင်းပါး

အာဏာသိမ်းစစ်ကောင်စီ ကျင်းပခဲ့တဲ့ရွေးကောက်ပွဲဟာ တော်လှန်ရေးအင်အားစုတွေ ကြိုးပမ်းနေတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေးကို စနစ်တကျပိတ်ဆို့ တားဆီးဖို့ ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ(CRPH) ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်က ပြောကြားခဲ့ပြီး တော်လှန်ရေးအင်အားစုတွေ ပိုမိုညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ပြီး ကြိုးပမ်းဖို့ တိုက်တွန်းလိုက်ပါတယ်။