Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို နိုင်ငံတကာက မျက်ကွယ်ပြုထားကြောင်း ဗိုလ်ချုပ်ကြီး ယွက်ဆစ်ပြော

အာဏာသိမ်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ အရှိန်မြှင့် ကျူးလွန်လာနေတာကို ကမ္ဘာကြီးက မျက်ကွယ်ပြုထားကြောင်း ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ – ရှမ်းပြည်တပ်မတော် (RCSS/SSA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်ဆစ်က ပြောကြားခဲ့တယ်လို့ ရိုက်တာသတင်းဌာနက​ဖော်ပြပါတယ်။

ဓါတ်ပုံ-Reuters

ဖေ​ဖော်ဝါရီ-၁၁၊၂၀၂၆။People’s Spring

အာဏာသိမ်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ အရှိန်မြှင့် ကျူးလွန်လာနေတာကို ကမ္ဘာကြီးက မျက်ကွယ်ပြုထားကြောင်း ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ – ရှမ်းပြည်တပ်မတော် (RCSS/SSA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်ဆစ်က ပြောကြားခဲ့တယ်လို့ ရိုက်တာသတင်းဌာနက​ဖော်ပြပါတယ်။

ရှမ်းပြည်နယ် နဲ့ ထိုင်းနိုင်ငံထိစပ်ရာ လွယ်တိုင်းလျန်း ဒေသမှာရှိတဲ့ RCSS ဌာနချုပ်မှာရိုက်တာ သတင်းဌာနနဲ့ အင်တာဗျူး ပြုလုပ်ခဲ့ချိန်မှာ ဗိုလ်ချုပ်ကြီး ယွက်ဆစ်က အခုလို ပြောကြားခဲ့တာပါ။ ဒါဟာ နှစ်ပေါင်း အတော်များများအတွင်း ဗိုလ်ချုပ်ကြီး ယွက်ဆစ်က နိုင်ငံတကာ မီဒီယာ တစ်ခုနဲ့ ပထမဆုံးအကြိမ် တွေ့ဆုံမှု ဖြစ်ပါတယ်။ ပြီးတော့ စစ်တပ်က ဦးဆောင် ကျင်းပတဲ့ ရွေးကောက်ပွဲအပြီး မရှေးမနှောင်းမှာ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးပါ။

သူက စစ်တပ်က နိုင်ငံတစ်ဝန်း အကြိမ်ကြိမ် အဖန်ဖန် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် မြန်မာပြည်သူတွေ ထိခိုက် နစ်နာနေရပြီး အဲဒီ အခြေအနေကို နိုင်ငံတကာ အသိုက်အဝန်းက မျက်ကွယ် ပြုမထားသင့်ကြောင်း တိုက်တွန်းခဲ့ပါတယ်။ Myanmar Peace Monitorရဲ့ အဆိုအရ ပြီးခဲ့တဲ့ ၁၅ လတာအတွင်း စစ်တပ်ဟာ အရပ်ဖက် ဧရိယာ ၁၀၀၀ ကျော်ကို လေကြောင်း တိုက်ခိုက်မှုတွေ လုပ်ခဲ့ပါတယ်။၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုအပြီး ပေါ်ပေါက်လာတဲ့ လက်နက်ကိုင် တော်လှန်ရေးကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေနဲ့ တုံ့ပြန်ခဲ့တာကြောင့် အရပ်သား သေဆုံးမှုဟာ အနည်းဆုံး ၁၇၂၈ ဦး ရှိခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဖေဖော်ဝါရီ ၇ ရက်နေ့က ကျရောက်ခဲ့တဲ့ ရှမ်းအမျိုးသားနေ့ စစ်ရေးပြ ချီတက်ပွဲမှာ RCSS အင်အား ၁၀၀၀ လောက်က စစ်ရေးပြခဲ့ပြီး ဗိုလ်ချုပ်ကြီး ယွက်ဆစ်ကိုယ်တိုင် ကြီးမှူးခဲ့ပါတယ်။ စစ်​ရေးပြပွဲမှာ စက်ရုပ်​ခွေးကိုပါပြသခဲ့ပြီး လူစိတ်ဝင်စားမှုမြင့်တက်ခဲ့ပါတယ်။

အဲဒီအခမ်းအနားအပြီး Reutersနဲ့ အင်တာဗျူးမှာတော့ ဗိုလ်ချုပ်ကြီး ယွက်ဆစ်က ကွဲပြားတဲ့မြန်မာ့ လက်နက်ကိုင် အင်အားစုတွေကြား ပိုပြီး ပေါင်းစည်းဖို့ လိုအပ်ကြောင်း​ပြောခဲ့သလို ပြည်တွင်းစစ်ကို အဆုံးသတ်ဖို့ဆိုရင် စစ်တပ်နဲ့ နိုင်ငံရေး စကားပြောဖို့က မဖြစ်မနေ လိုအပ်နေဆဲလို့လည်း ဆိုပါတယ်။

ဗိုလ်ချုပ်ကြီး ယွက်ဆစ်က လက်ရှိ ဖမ်းဆီး အကျဉ်းချ ခံထားရတဲ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ချီးကျူးခဲ့ပြီး အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုတော့ ဝေဖန် ရှုတ်ချသွားပါတယ်။ မင်းအောင်လှိုင်ရဲ့ အတ္တ၊ မာန်မာနနဲ့လောဘတွေကနိုင်ငံကိုအကျပ်အတည်းထဲ ရောက်သွားစေခဲ့ကြောင်း သူကပြောပါတယ်။

မင်းအောင်လှိုင်က တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေနဲ့ အကြမ်းဖက် အဖွဲ့အစည်းအဖြစ် စွပ်စွဲထားတဲ့ တော်လှန်ရေး အင်အားစုတွေ အနေနဲ့ လက်နက်ကိုင် လမ်းစဉ်ကို စွန့်ပြီး နိုင်ငံရေး ဆွေးနွေးသင့်ကြောင်း ပြောထားပေမယ့် အဲဒီ ဖန်တရာတေနေတဲ့ သတင်းစကားကို ဘယ်သူမှ လက်မခံတော့ဘူးလို့ ဗိုလ်ချုပ်ကြီး ယွက်ဆစ်က ဆိုပါတယ်။ သူက ရွေးကောက်ပွဲအပြီး တက်လာမယ့် အစိုးရ အသစ်နဲ့ ပတ်သက်လို့တော့ လုပ်ပုံလုပ်နည်းတွေကို စောင့်ကြည့် လေ့လာပြီးမှ အကဲဖြတ်မယ်လို့ လည်းဆိုပါတယ်။ ဗိုလ်ချုပ်ကြီး ယွက်ဆစ်က အကျပ်အတည်းတွေကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ ပိုပြီး လိုလားနေဆဲလို့လည်း အတည်ပြုခဲ့ပါတယ်။

သူက မြန်မာ့အရေးမှာ ပါဝင်စွက်ဖက်နေတဲ့ တစ်ခုတည်းသော နိုင်ငံဟာ တရုတ်ဖြစ်တယ်လို့ ပြောပေမယ့် အသေးစိတ် မှတ်ချက်ပေးဖို့ကိုတော့ ငြင်းဆန်ခဲ့ပါတယ်။ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ တရုတ် အစိုးရဟာ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ ရင်ကြားစေ့ရေး လုပ်ငန်းစဉ်တွေအတွက် အပြုသဘောဆောင်တဲ့ ကဏ္ဍကနေ ပါဝင်ကူညီနေတာ ဖြစ်တယ်လို့ ပြောကြားထားပါတယ်။

ဗိုလ်ချုပ်ကြီး ယွက်ဆစ်က ကွဲပြားတဲ့ တိုင်းရင်းသား မျိုးနွယ်စုတွေကြားမှာ ယုံကြည်မှု တည်ဆောက်ရေး၊ ပဋိပက္ခတွေကို ဆွေးနွေးမှု နည်းလမ်းနဲ့ ဖြေရှင်းနိုင်ရေး၊ အနာဂတ် ဖက်ဒရယ် တပ်မတော်တစ်ခု ထူထောင်ရေးတွေဟာ တခြားတော်လှန်ရေး အင်အားစုတွေနည်းတူ သူ့ရဲ့ အရေးကြီးတဲ့ ရည်မှန်းချက်တွေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ကရင် အမျိုးသား အစည်းအရုံး (KNU)ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ပဒို စောတောနီးကလည်း လက်ရှိ ကာလဟာ ယုံကြည်မှု တည်ဆောက်ရေးအတွက် အရေးအကြီးဆုံး အချိန်မျိုး ဖြစ်တယ်လို့ မှတ်ချက်ပေးခဲ့ပြီး ညီအစ်ကို ရှမ်းတိုင်းရင်းသားတွေက အဲဒီလမ်းကြောင်းကို ဖော်ဆောင်ဖို့ ကြိုးစားနေတဲ့အပေါ် ဂုဏ်ယူမိကြောင်း ပြောပါတယ်။ KNUဟာ RCSSရဲ့ ရှမ်းအမျိုးသားနေ့ အခမ်းအနားကို မတက်ရောက်ခဲ့ပေမယ့် ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။

ဗိုလ်ချုပ်ကြီး ယွက်ဆစ်ရဲ့ စကားတွေနဲ့ ပတ်သက်လို့ မှတ်ချက်ပေးဖို့ Reutersကစစ်တပ်ရဲ့ပြောရေးဆိုခွင့်ရ အရာရှိဆီ ဆက်သွယ်ခဲ့ပေမယ့် တုံ့ပြန်မှု မရှိခဲ့ဘူးလိုလည်း သိရပါတယ်။

RCSS ဟာစစ်တပ်အာဏာသိမ်းပြီးခါစက အာဏာသိမ်းမှုအ​​ပေါ် ​ဝေဖန်ခဲ့​ပေမယ့် စစ်တပ်ဖိတ်ကြားတဲ့ ငြိမ်းချမ်း​ရေး​ဆွေး​နွေးပွဲ​တွေကို ပုံမှန်နီးပါးတက်ခဲ့ပါတယ် ။ ၂၀၂၅ ခုနှစ်မှာ ​နေပြည်​တော်မှာ စစ်​ကောင်လုပ်တဲ့ ငြိမ်းချမ်း​ရေးဖိုရမ်ကို​တော့ တက်​ရောက်ခဲ့ခြင်းမရှိပါဘူး။စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း RCSS ဟာစစ်တပ်နဲ့ တိုက်ပွဲမရှိသ​လောက်နည်းပါးခဲ့ပြီး ရှမ်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ SSPP နဲ့သာတိုက်ပွဲဖြစ်တာပိုများခဲ့ပါတယ်။

ကိုးကား-Reuters

ဆက်စပ်သတင်းများ