ဖေဖော်ဝါရီ – ၁၈ ၊၂၀၂၆ ၊ နိုင်ပကောင်း/People’s Spring
ထိုင်း – မြန်မာနယ်စပ်မြို့ဖြစ်တဲ့ဖာပွန်ကိုအပြီးသတ်လက်မလွှတ်ရဖို့အတွက်စစ်ရေးအရအရေးပါတဲ့အခြေချစစ်ဗျုဟာမကျရေးအတွက် စစ်ကောင်စီတပ်က နေ့စဉ် လေကြောင်းပစ်ကူကိုပါသုံးပြီး အပြင်းအထန် ကာကွယ်နေတယ်လို့ ကရင်အမျိုးအသား အစည်းအရုံး (KNU) တပ်မဟာ ( ၅) ရဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီးစောကလယ်ဒိုက ပြောပါတယ်။
ဖာပွန်ဗျုဟာကို KNU တပ်မဟာ (၅) နဲ့ပူးပေါင်းတပ်တွေက ဝန်းရံပိတ်ဆို့ တိုက်ခိုက်နေတာဖြစ်ပြီး ဗျုဟာ မကျဖို့ စစ်ကောင်စီလေတပ်က တစ်နေ့ ကိုအနည်းဆုံးနှစ်ကြိမ်ခန့် ပစ်ကူပေးတိုက်ခိုက်နေတာလို့ ဗိုလ်မှုးကြီးစောကလယ်ဒိုက ဆိုပါတယ်။
ဖာပွန်ဗျုဟာဖာပွန်မြို့ရဲ့တောင်ဘက်လေးမိုင်ခန့်အကွာမှာရှိတာပါ။

Public Service Announcement
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ၊မတ်လအတွင်းမှာတော့ KNU တပ်မဟာ (၅) ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေ မြို့ကိုသိမ်းခဲ့ပြီးဖာပွန်အခြေစိုက်ခြေလျင်ခြေမြန်တပ်ရင်းသုံးရင်းကိုပါ တဆက်တည်း သိမ်းယူနိုင်ခဲ့ပါတယ်။
မြို့အပြင်ဘက်ရှိနေတဲ့ဖာပွန်ဗျုဟာနဲ့ ဗျုဟာကို ခြံရံထားတဲ့ အမှတ် ( ၃၄၀) ခြေမြန်တပ်ရင်းနဲ့ အမှတ် ( ၃၄၁) ခြေမြန်တပ်ရင်းတို့ကို မသိမ်းနိုင်ခဲ့ပေမယ့် မြေပြင်ကနေ စစ်ကူနဲ့ ခဲယမ်းရိက္ခာ ပို့လို့မရအောင် ပိတ်ဆို့ ဖြတ်တောက်ထားနိုင်ခဲ့တာပါ။
KNU တပ်မဟာ (၅) ပူးပေါင်းတပ်တွေက နှစ်နှစ်နီးပါးကြာ ဝန်းရံပိတ်ဆို့ တိုက်ခိုက်ရာမှာ အခုနှစ် ဖေဖော်ဝါရီ လဆန်းပိုင်းမှာတော့ တိုက်ပွဲတွေ ပြန်လည်ပြင်းထန်လာခဲ့တယ်လို့ ဗိုလ်မှုးကြီးစောကလယ်ဒို ရဲ့ပြောပြချက်အရသိရပါတယ်။
ပိတ်ဆို့ခံရတဲ့ ဗျုဟာထဲကစစ်ကောင်စီတပ်ဖွဲ့တွေက ဖောက်ထွက်ဖို့ကြိုးပမ်းရာမှာ ထိတွေ့တိုက်ပွဲ ဖြစ်ခဲ့ပြီး နှစ်ဖက် အထိအခိုက်ရှိတယ်လို့ ဗိုလ်မှုးကြီးစောကလယ်ဒိုက ဆိုပါတယ်။
“သူတို့( စစ်ကောင်စီတပ်ဖွဲ့) အခြေအနေကတော့ တော်တော်လေးကို ကျပ်တည်းမယ်လို့တော့ ခန့်မှန်းရတာပဲပေါ့၊ဘာဖြစ်လည်းဆိုတော့ သူတို့အပြင်ထွက်လို့လည်းမရ ၊ကျဉ်းကျဉ်းလေးနဲ့ ဂူထဲမှာအောင်းနေတဲ့သဘောမျိုးဆိုတော့ သူတို့အတွက်လည်း အများကြီးအခက်အခဲအများကြီးအကျပ်တည်း ရှိတာပေါ့နော်” လို့ ဗိုလ်မှုးကြီးစောကလယ်ဒိုက ပြောပါတယ်။
မြေပြင်က နေ ခဲယမ်း ရိက္ခာ ပို့မရတာကြောင့် ဖာပွန်ဗျုဟာနဲ့တပ်ရင်းတွေဆီ လေကြောင်းကနေ ထောက်ပို့တာတွေ စစ်ကောင်စီတပ်က လုပ်ဆောင်ပေးနေရတာလို့သိရပါတယ်။
“စားနပ်ရိက္ခာလည်း လေယာဉ်နဲ့ပဲလာပြီးတော့ချပေးတဲ့အခါကျတော့ တကယ့်လုံလုံလောက်လောက်တော့ရှိမှာမဟုတ်ဘူး၊ သူတို့ချွေတာပြီးတော့ စားရမယ့်အခြေအနေလောက်ပဲရှိမှာပေါ့နော်၊ သူတို့အသက်ရှင်ရုံလောက်တော့ စားရသောက်ရတာတော့ရှိမှာပေါ့နော်” လို့ ဝန်းရံထားတဲ့ စစ်ကောင် စီတပ်စခန်းရဲ့အခြေအနေကို ဗိုလ်မှုးကြီးစောကလယ်ဒိုက ခန့်မှန်းထားပါတယ်။
ကရင်သတင်းရင်းမြစ်အချို့ရဲ့ အဆိုအရ ဖာပွန်စစ်ဗျုဟာနဲ့ တပ်ရင်းနှစ်ရင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအပါအဝင် တပ်မိသားစု၊ ဝန်ထမ်း၊ ရွာသားတွေစုစုပေါင်း ၆၀၀ ဦးအထိ ရှိနေနိုင်တယ်လို့ခန့်မှန်းရပါတယ်။
KNU မူတရော်(ဖာပွန်)ခရိုင်မှာရှိတဲ့ ဖာပွန်မြို့ဟာ ထိုင်းနယ်စပ်နဲ့ နီးပြီး နယ်စပ်မြို့တစ်မြို့လည်း ပြောလို့ရသလို အင်္ဂလိပ်ခေတ်ကတည်းက ထိုင်းနဲ့ ဖာပွန်ကို ဖောက်ထားတဲ့ကားလမ်းအဟောင်းတွေရှိတာကြောင့် အဲဒီ ကားလမ်းကို ပြန်လည်ပြုပြင်လိုက်မယ်ဆိုရင် ကုန်သွယ်ရေးလမ်းကြောင်းအဖြစ် အသုံးပြုလို့ရတယ်လို့ ဗိုလ်မှုး ကြီးစောကလယ်ဒိုက ရှင်းပြပါတယ်။
ဒါအပြင် ဒေသတွင်းမှာအရေးပါတာကြောင့် ဖာပွန်ကို လုံးဝလက်မလွှတ်ရဖို့ စစ်ကောင်စီတပ်က အပြင်းအထန် ခုခံကာကွယ်နေတာလို့ ဗိုလ်မှုးကြီးစောကလယ်ဒိုက ရှုမြင်ပါတယ်။
“သူတို့အဲ့ဒီစခန်း(ဖာပွန်ဗျုဟာ)ကိုဆုံးရှုံးမယ်ဆိုလို့ရှိရင် သူတို့နောက်ထပ်ပြန်လည်ရရှိနေဖို့ဆိုရင် အများကြီးအရင်းအနှီးတွေလိုအပ်မယ်လို့ သူတို့ကတွက်ထားတဲ့အပေါ်မှာပေါ့လေ၊ အဲ့ဒါကြောင့် သူတို့အကြိတ်အနယ် သူတို့ခုခံနေတာပေါ့” လို့ ဗိုလ်မှုးကြီးစောကလယ်ဒိုက ပြောပါတယ်။
ဒါကြောင့် ဖြတ်တောက်ပိတ်ဆို့ခံထားရတဲ့ ဖာပွန်ဗျုဟာဆီ မိုင် ၃၀ ခန့် အကွာမှာရှိတဲ့ ကတိုင်တိရွာကတဆင့် ခြေလျင် ခြေမြန်တပ်တွေ နဲ့ စစ်ကူပေးဖို့ စစ်ကောင်စီတပ် က စီစဉ်ပေမယ့် ထိုးမဖောက်နိုင်ခဲ့ပါဘူး။
ဖာပွန် – ကမမောင်းလမ်းပိုင်းရှိ ကမမောင်းမြို့အနီးကဝါးဒူးကျေးရွာမှာ အခြေချထားတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းဟာ ကတိုင်တိစခန်းဘက်ကို စစ်ကြောင်းထိုးလာနေပေမယ့် KNU တပ်မဟာ(၅) တော်လှန်ရေးပူးပေါင်းတပ်နဲ့ တိုက်ပွဲဖြစ်ကာ ပြန်လည်ဆုတ်ခွာသွားပြီး ဝါးဒူးကျေးရွာမှာပဲ တပ်ချထားတယ်လို့ ဗိုလ်မှုးကြီးစောကလယ်ဒိုက ပြောထားပါတယ်။
ကတိုင်တိရွာက ဖာပွန်မြို့ရဲ့ တောင်ဘက် မိုင် ၃၀ ခန့် အကွာမှာရှိပါတယ်။Google Map ရဲ့တိုင်းထွာချက်အရတော့ ဖာပွန်နဲ့ ဝါးဒူးကျေးရွာကတော့ မိုင် ၅၀ ခန့်ဝေးပါတယ်။
ကတိုင်တိကိုစစ်ကောင်စီတပ်ကအင်အားသွားရောက်ပူးပေါင်းဖို့ကြိုးပမ်းတာဖြစ်ပြီး ကတိုင်တိကတဆင့် ဖာပွန် ဗျုဟာ ဆီ ဆက်တက်ဖို့ စစ်ကောင်စီတပ်က စစ်ရေးရည်မှန်းချက်ထားတာလို့သိရပါတယ်။


















































