Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အီရန် လက်တုံ့မပြန်နိုင်အောင် လက်ဦးမှုယူ တိုက်ခိုက်ခဲ့တာလို့ အမေရိကန် ပြော

အစ္စရေးက စပြီးတိုက်လို့ အမေရိကန်ကလည်း အီရန်ကို ခပ်မြန်မြန် တိုက်ခိုက်ခဲ့ရတာ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကိုရူဘီရိုက ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - EPA

မတ် – ၃ ၊၂၀၂၆

အစ္စရေးက စပြီးတိုက်လို့ အမေရိကန်ကလည်း အီရန်ကို ခပ်မြန်မြန် တိုက်ခိုက်ခဲ့ရတာ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကိုရူဘီရိုက ပြောကြားခဲ့ပါတယ်။

ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ အစ္စရေးက အီရန်ကို လက်ဦးမှုယူ စတင်တိုက်ခိုက်ပြီလို့ ကြေညာခဲ့ပြီး ချက်ချင်းဆိုသလိုပဲ မဟာမိတ် အမေရိကန်ကလည်း အီရန်ကို တိုက်ခိုက်နေပြီလို့ ကြေညာခဲ့ပါတယ်။

အမေရိကန်ဟာ အီရန်ပိုင်နက်နားမှာ တပ်အင်အား အလုံးအရင်း ဖြန့်ကျက်ထားပြီး စစ်ပွဲအတွက် ပြင်ဆင်နေခဲ့ပေမယ့် စစ်ပွဲကို စခဲ့တဲ့ အကြောင်းရင်းကတော့ အစ္စရေးရဲ့ ဆုံးဖြတ်ချက်ကြောင့်လို့ မတ်လ ၂ ရက်နေ့မှာ ရူဘီရိုက မှတ်ချက်ပေးခဲ့တာပါ။

Public Service Announcement

Public Service Announcement

အစ္စရေးက စပြီးတိုက်ခိုက်ပြီ ဆိုတာနဲ့ အီရန်ကလည်း လက်တုံ့ပြန်မှာ ကျိန်းသေနေသလို အမေရိကန် တပ်ဖွဲ့တွေလည်း အီရန်ရဲ့ ပစ်မှတ် ဖြစ်လာမှာကို သဘောပေါက်ခဲ့ကြောင်း၊ ဒီတော့ အီရန်က ပြန်မတိုက်ခင် အမေရိကန်က လက်ဦးမှု ကြိုမယူနိုင်ရင် အသေအပျောက်တွေ ပိုများတော့မှာဖြစ်ကြောင်း ရူဘီရိုက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

ကိုယ့်ဖက်က လက်ဦးမှု မယူဘဲ အီရန်ဖက်က စပြီး တိုက်ခိုက်လာတာကို ထိုင်စောင့်နေမယ်ဆိုရင် အများကြီး နစ်နာကုန်မှာ သေချာနေတဲ့အတွက် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ အင်မတန် ပါးနပ်တဲ့ ဆုံးဖြတ်ချက် တစ်ခုကို ချမှတ်ခဲ့ကြောင်း ရူဘီရိုက ဆိုပါတယ်။

သတင်းထောက်တွေက စစ်ပွဲမစခင်မှာ အီရန်ဟာ အမေရိကန်အတွက် အချိန်မရွေး ရန်ပြုလာနိုင်တဲ့ ခြိမ်းခြောက်မှုမျိုး ဖြစ်နေခဲ့သလားလို့ မေးတဲ့အခါ ရူဘီရိုက အစ္စရေး စစ်ပြင်နေခဲ့တဲ့ အကြောင်းကိုပဲ ထပ်ပြီး ရည်ညွှန်းသွားပါတယ်။ အီရန်ကို အစ္စရေးက တိုက်ရင် အီရန်ကလည်း ချက်ချင်း အမေရိကန်ဆီ မြားဦးလှည့်လာမှာဖြစ်ကြောင်း၊ အဲဒီ အခြေအနေက ချက်ချင်းကြုံလာမယ့် ခြိမ်းခြောက်မှုအဖြစ် အမေရိကန်က ယူဆနိုင်ကြောင်း ရူဘီရိုက ပြောကြားသွားပါတယ်။

အစောပိုင်းမှာ အမေရိကန် ကာကွယ်ရေး ဝန်ကြီး ပိထ်ဟက်ဂ်ဆက်သ်ကလည်း အီရန် အစိုးရ အဓိပတိကြီး အယာတိုလာ အလီ ခါမေနီနဲ့ ထိပ်တန်း အစိုးရနဲ့ စစ်ဘက် ခေါင်းဆောင်တွေကို ရှင်းလင်း သုတ်သင်ခဲ့တဲ့ စစ်ဆင်ရေးကို အစ္စရေးက စတင်ခဲ့တာသာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

အီရန် ခေါင်းဆောင်တွေ အစည်းအဝေး တစ်ခုကြောင့် စုဝေးကြမယ်ဆိုတဲ့ ထောက်လှမ်းရေး သတင်းကို ရရှိခဲ့တဲ့နောက် အစ္စရေးက အခွင့်အရေး တစ်ခုအဖြစ် အသုံးချပြီး တိုက်ခိုက်ဖို့ ဆုံးဖြတ်ခဲ့ကြောင်း ဟက်ဂ်ဆက်သ်က ဆိုပါတယ်။

အီရန်ကို တိုက်ခိုက်တဲ့ အချိန်က စောတာဖြစ်စေ၊ နောက်ကျတာဖြစ်စေ တစ်ချိန်ချိန်မှာတော့ စစ်ရေးအရ မဖြစ်မနေ အရေးယူဖို့ လိုအပ်တယ်လို့ အမေရိကန် အစိုးရက စိတ်ပိုင်းဖြတ်ထားခဲ့ကြောင်း ရူဘီရိုက မှတ်ချက်ပေးခဲ့ပါတယ်။ အခြေအနေတွေက ဘာတွေပဲ ဖြစ်နေနေ၊ ဒီစစ်ဆင်ရေးကတော့ အဆုံးသတ်မှာ လက်တွေ့ ဖြစ်မြောက်လာဖို့ ကျိန်းသေ လိုအပ်ကြောင်း သူက ပြောကြားသွားပါတယ်။

ကိုးကား – AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်နဲ့ စစ်ပြေငြိမ်းရေး နားလည်မှု စာချွန်လွှာ (MoU)ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ညစာစားရင်း လက်မှတ် ရေးထိုးခဲ့ပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယား နိုင်ငံနဲ့ တင်းမာမှုတွေကို လျှော့ချဖို့အတွက် ဦးဆောင် ညှိနှိုင်းပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တောင်ကိုရီးယား သမ္မတက တောင်းဆိုခဲ့ပါတယ်။

နိုင်ငံတကာ

စစ်ပြေငြိမ်းရေး သဘောတူညီမှုရဖို့ အမေရိကန်က အီရန်မှာ ဒေါ်လာ ၃၀၀ ဘီလီယံ ရင်းနှီးမြှုပ်နှံပေးရမယ်ဆိုတာ မဟုတ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားကို သောကြာနေ့၊ ဇွန်လ ၁၉ ရက်မှာ အလုံးစုံ ပြန်ဖွင့်နိုင်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။