Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အီရန်အပေါ် ထရမ့်ရဲ့ စစ်ဆင်နွှဲမှု လုပ်ပိုင်ခွင့်ကို ကန့်သတ်ဖို့ အမေရိကန် လွှတ်တော်မှာ မဲခွဲမှု မအောင်မြင်

သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အီရန်အပေါ် စစ်ဆင်နွှဲမှု လုပ်ပိုင်ခွင့်ကို ကန့်သတ်ဖို့ အမေရိကန် လွှတ်တော်မှာ အဆိုတင် မဲခွဲမှုဟာ မအောင်မြင်ခဲ့ပါဘူး။

ဓာတ်ပုံ - Getty Images

သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အီရန်အပေါ် စစ်ဆင်နွှဲမှု လုပ်ပိုင်ခွင့်ကို ကန့်သတ်ဖို့ အမေရိကန် လွှတ်တော်မှာ အဆိုတင် မဲခွဲမှုဟာ မအောင်မြင်ခဲ့ပါဘူး။

ထရမ့်ရဲ့ ရီပတ်ဘလစ်ကန် ပါတီက ထိန်းချုပ်ထားတဲ့ အထက်လွှတ်တော် မဲခွဲမှုက ၅၃ မဲ – ၄၇ မဲဆိုတဲ့ ရလဒ် ထွက်ပေါ်ခဲ့ပြီး ထရမ့်ရဲ့ အာဏာကို တားမြစ်ဖို့ ကြိုးစားမှုက အထမမြောက်ခဲ့ပါဘူး။ အဲဒီ မဲရလဒ်တွေက ရီပတ်ဘလစ်ကန် အမတ်တွေ အားလုံးနီးပါး အဆိုကို ကန့်ကွက်မဲ ပေးခဲ့ကြောင်း ထင်ဟပ်စေခဲ့ပါတယ်။

အတိုက်အခံ ဒီမိုကရက်တစ် ပါတီက ထရမ့်ဟာ လွှတ်တော်ရဲ့ ထောက်ခံချက် မပါဘဲ အီရန်မှာ စစ်တိုက်ခဲ့တယ်လို့ စွပ်စွဲပြီး သမ္မတရဲ့ လုပ်ပိုင်ခွင့်ကို ကန့်သတ်ဖို့အတွက် ကြိုးစားခဲ့တာပါ။ ရီပတ်ဘလစ်ကန် အမတ်တွေက အခုတစ်ကြိမ် မဲခွဲမှုမှာ ဒီမိုကရက်တွေရဲ့ အဆိုပြုချက်ကို တားဆီးခဲ့ပေမယ့် တချို့ ရီပတ်ဘလစ်ကန် အမတ်တွေက တကယ်လို့ စစ်ပွဲသာ ရှည်ကြာလာရင် သူတို့ရဲ့ ရပ်တည်မှုကို ပြောင်းလဲနိုင်ကြောင်း အရိပ်အမြွက် ပြောကြားထားပါတယ်။

အမေရိကန်နဲ့ အစ္စရေးတို့ ပူးပေါင်းပြီး အီရန်ကို ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ စတင် တိုက်ခိုက်ခဲ့ပါတယ်။ အစောပိုင်းမှာ ထရမ့်က အဲဒီစစ်ပွဲဟာ သီတင်း ၄ ပတ်အတွင်း ပြီးဆုံးမယ်လို့ ပြောခဲ့ပေမယ့် နောက်တော့ သူ့ရဲ့ ကာကွယ်ရေး ဝန်ကြီး ပိထ် ဟက်ဂ်ဆက်သ်က သီတင်း ၈ ပတ်လောက် ကြာနိုင်တယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။ အမေရိကန် အစိုးရဟာ စစ်ပွဲနဲ့ ပတ်သက်ပြီး တိကျတဲ့ အစီအမံမျိုးကိုလည်း လွှတ်တော်ဆီ တင်ပြမယ့်သဘော မရှိပါဘူး။

Public Service Announcement

Public Service Announcement

အမတ်နေရာ ၁၀၀ ရှိတဲ့ အမေရိကန် အထက်လွှတ်တော်မှာ ရီပတ်ဘလစ်ကန်တွေက ၅၃ နေရာစာ ထိန်းချုပ်ထားပါတယ်။ ဒီမိုကရက်တစ်တွေနဲ့ ဒီမိုကရက်ဖက်ယိမ်းတဲ့ တစ်သီးပုဂ္ဂလတွေက အမတ်နေရာ ၄၇ ခုကို ပိုင်ဆိုင်ပါတယ်။ မတ်လ ၄ ရက်နေ့ မဲပေးမှုမှာတော့ ဒီမိုကရက်တစ် အမတ်တစ်ဦးက ကန့်ကွက်မဲပေးပြီး ရီပတ်ဘလစ်ကန် အမတ်တစ်ဦးက ထောက်ခံမဲ ပေးခဲ့တာကြောင့် အထက်လွှတ်တော် အမတ်နေရာ ခွဲတမ်းအတိုင်း မဲရလဒ် ထွက်လာခဲ့တာပါ။

မဲမခွဲခင်မှာ အမေရိကန် အထက်လွှတ်တော် ဒီမိုကရက်တစ် ခေါင်းဆောင် ချက်ခ်ရှူးမားက အရှေ့အလယ်ပိုင်းမှာ မဆုံးနိုင်တဲ့ စစ်ပွဲတွေကို ပါဝင် ပတ်သက်ရတာ စိတ်ကုန်နေတဲ့ အမေရိကန် ပြည်သူတွေဖက်က ရပ်တည်မလား၊ ဒါမှမဟုတ် နောက်ထပ် မပြီးနိုင်မစီးနိုင် စစ်ပွဲတစ်ခုကို စတင်ဖို့ စီစဉ်နေတဲ့ ထရမ့်နဲ့ ဟက်ဂ်ဆက်သ်ဖက်က ရပ်တည်မလားလို့ ရီပတ်ဘလစ်ကန်တွေကို မေးခွန်းထုတ်ခဲ့ပါတယ်။

အမေရိကန် သမ္မတဟာ စစ်မကြေညာဘဲ ပြည်ပနိုင်ငံ တစ်ခုကို စစ်ရေးအရ တိုက်ခိုက်မှုတွေ လုပ်ဆောင်နိုင်ပေမယ့် စစ်ဆင်ရေး လက်တွေ့ မစမီ ၄၈ နာရီကြိုပြီး လွှတ်တော်ကို တင်ပြ အသိပေးရပါတယ်။ နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီရိုကတော့ ထရမ့်ရဲ့ အစိုးရဟာ အဲဒီစည်းမျဉ်းကို အတိအကျ လိုက်နာခဲ့ပြီး လွှတ်တော် ခေါင်းဆောင်တွေဆီ ကြိုတင် အကြောင်းကြားခဲ့တယ်လို့ ပြောပါတယ်။

ထရမ့်ဟာ အရင်ကလည်း အမေရိကန် လွှတ်တော်ရဲ့ ခွင့်ပြုချက်ကို မယူဘဲ စစ်ဆင်ရေး လုပ်ဆောင်ဖို့ အမိန့်တွေ ပေးခဲ့ဖူးပါတယ်။ မနှစ်တုန်းက အီရန်ရဲ့ နျူကလီးယား စက်ရုံတွေကို အမေရိကန်က ဗုံးကြဲဖျက်ဆီးတုန်းကလည်း ထရမ့်ဟာ လွှတ်တော် ထောက်ခံချက် မပါဘဲ ကိုယ့်သဘောနဲ့ကိုယ် ဆုံးဖြတ်ခဲ့တာပါ။ အလားတူပဲ နှစ်ဆန်းပိုင်းတုန်းကလည်း ထရမ့်ရဲ့ အမိန့်နဲ့ပဲ ဗင်နီဇွဲလား သမ္မတ နစ်ကိုလက်စ် မာဒူရိုကို အမေရိကန် စစ်တပ်က ဝင်ရောက် ဖမ်းဆီးခဲ့ပါတယ်။

အမေရိကန် လွှတ်တော်ဟာ ဗီယက်နမ် စစ်ပွဲလိုမျိုး ရှည်ကြာတဲ့ နောက်ထပ် စစ်ရေးပဋိပက္ခတွေ ဖြစ်လာနိုင်ခြေကို ကန့်သတ်ဖို့ ၁၉၇၃ ခုနှစ်မှာ War Powers ဥပဒေကို ပြဋ္ဌာန်းခဲ့ပါတယ်။ အဲဒီ ဥပဒေအရ သမ္မတဟာ စစ်ရေး အစီအမံတစ်ခု မတိုင်ခင်မှာ လွှတ်တော် အမတ်တွေဆီ ၄၈ နာရီ ကြိုတင် အသိပေး အစီရင်ခံဖို့ လိုပါတယ်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ နိုင်ငံရဲ့ ကာကွယ်ရေး ဦးစီးချုပ်ဖြစ်တဲ့ သမ္မတဟာ စစ်ပွဲတွေကို ဘယ်လို တိုက်ခိုက်မလဲဆိုတာ ရွေးချယ်ပိုင်ခွင့်ရှိပြီး လွှတ်တော်ကတော့ တရားဝင် စစ်ကြေညာခွင့်၊ စစ်စရိတ်ကိစ္စ ဆုံးဖြတ်ခွင့်တွေကို ထိန်းချုပ်ထားနိုင်ပါတယ်။ ဒါပေမဲ့ ဆယ်စုနှစ်တွေ ကြာတဲ့အထိ စစ်တိုက်ရေးနဲ့ စစ်ရပ်စဲရေး ကိစ္စတွေကို အကြောင်းပြုပြီး သမ္မတနဲ့ လွှတ်တော်ကြားက လုပ်ပိုင်ခွင့် အငြင်းအခုံတွေ တည်ရှိနေခဲ့ကြောင်း သိရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်နဲ့ စစ်ပြေငြိမ်းရေး နားလည်မှု စာချွန်လွှာ (MoU)ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ညစာစားရင်း လက်မှတ် ရေးထိုးခဲ့ပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယား နိုင်ငံနဲ့ တင်းမာမှုတွေကို လျှော့ချဖို့အတွက် ဦးဆောင် ညှိနှိုင်းပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တောင်ကိုရီးယား သမ္မတက တောင်းဆိုခဲ့ပါတယ်။

နိုင်ငံတကာ

စစ်ပြေငြိမ်းရေး သဘောတူညီမှုရဖို့ အမေရိကန်က အီရန်မှာ ဒေါ်လာ ၃၀၀ ဘီလီယံ ရင်းနှီးမြှုပ်နှံပေးရမယ်ဆိုတာ မဟုတ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားကို သောကြာနေ့၊ ဇွန်လ ၁၉ ရက်မှာ အလုံးစုံ ပြန်ဖွင့်နိုင်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။