မတ်-၁၃၊၂၀၂၆။သတိုး/People’s Spring
ပြည်သူတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတဲ့ စစ်ကောင်စီရဲ့တောင်ငူ လေတပ်စခန်းကို နေရာသုံးနေရာကနေ ၁၀၇ မမရှော့တိုက်ဒုန်း တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors For Myanmar (BWM) အဖွဲ့တာဝန်ရှိသူကပြောပါတယ်။
“အဓိက Target အနေနဲ့ လေယာဉ်ဆီကန်တွေနဲ့ Drone ဂိုဒေါင်တွေပါပါတယ်။ သုံးနေရာခွဲပြီး တပြိုင်တည်း ၆ လုံးစီပစ်ခဲ့တာပါ။ ၁၈လုံးမှာ ၁၃ လုံးအောင်ပါတယ်” လို့ စစ်ဆင်ရေးနဲ့ပတ်သက်ပြီးပြောပါတယ်။
ဒီစစ်ဆင်ရေးကို မတ်လ ၁၂ ရက် ည ၁၁ နာရီကျော်မှာ BWM အဖွဲ့နဲ့အတူ Moutain Knight Civilian Defense Force (MKCDF) ၊ Anti-Coup People’s Liberation Force (ACPLF) ၊ KNLA တပ်မဟာ ၂ ၊ တပ်ရင်း ၅ တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

Public Service Announcement
ပြည်သူတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတဲ့ စစ်ကောင်စီက လက်ရှိ ကမ္ဘာ့စစ်ရေး အခြေအနေတွေကြောင့် လေယာဉ်ဆီရဖို့အတွက် ခက်ခဲမှုတွေရှိနေပြီး ဒီအချိန်မှာတော်လှန်ရေး အင်အားစုတွေအနေနဲ့ စစ်ကောင်စီရဲ့ လေတပ်စခန်းတွေနဲ့ ဆီလှောင်ကန်တွေကို တိုက်ခိုက်ဖို့ BWM ကတိုက်တွန်းထားပါတယ်။
“တိုက်ခိုက်မှု အပြီး ထိခိုက်မှု ရှိကြောင်း လေတပ်တွင်းမှ သတင်းပေးပို့သည်။
တိုင်းမှူးအသစ်သူရဇော်လွင်စိုး ယနေ့(မတ်၁၃)မနက်အစောလာရောက်စစ်ဆေးပြီး လေတပ်တော်ဝင်နေချိန်မို့ သတင်းအစအန အပြင်မထွက်ဖို့ ပြင်းပြင်းထန်ထန်သတိပေးကြောင်းကြားသိထားရပါသည်။ ” လို့ BWM ကအသိပေးထားပါတယ်။
စစ်ဆင်ရေးနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကထိခိုက်မှုတွေကိုတော့ အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။


















































