မတ်-၁၉၊၂၀၂၆။People’s Spring
ရှမ်းမန်းစစ်ဆင်ရေးမှာပါဝင်တဲ့ မတ္တရာမျိုးမှန်တပ်ဖွဲ့ဟာ အထွေထွေထိုးစစ်ဆင်နွှဲရာမှာ တပ်ဖွဲ့များအကွဲကွဲအပြားပြားဖြင့် ဆောင်ရွက်လို့မဖြစ်နိုင်တာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်မတာ်ရဲ့ ဆင့်ကဲကွပ်ကဲမှုမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း၊ တပ်ဖွဲ့များအဖြစ် ကွပ်ကဲမှုခံယူပူးပေါင်းပြီး တော်လှန်တိုက်ပွဲဝင်လျက်ရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
မတ္တရာမျိုးမှန်တပ်ဖွဲ့ဟာ လက်နက်ကိုင် တော်လှန်ရေးဆင်နွှဲရာမှာ နိုင်ငံတဝှမ်းရှိ တော်လှန်ပြည်သူတွေကို စုရုံး၍လည်းကောင်း၊ တော်လှန်ပြည်သူတွေနဲ့ စုဖွဲ့ထားတဲ့ ရာ၊ထောင်ချီတဲ့ ကာကွယ်ရေးအဖွဲ့မျိုးစုံကို စုစည်း၍လည်းကောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း၊ တပ်ဖွဲ့များနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တွေကို ဖွဲ့စည်းထူထောင်လျက် တခုတည်းသော ကွပ်ကဲမှုယန္တရားကို ဖော်ဆောင်ပြီး တော်လှန်တိုက်ပွဲဆင်နွှဲလျက်ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မတ္တရာမျိုးမှန်တပ်ဖွဲ့ဟာ မန္တလေးတိုင်း၊ မတ္တရာအခြေပြု ဒေသကာကွယ်ရေးတပ်တခု ဖြစ်ပြီး ရှမ်းမန်း စစ်ဆင်ရေး၊ ရှမ်းမန်းစစ်ဆင်ရေးအလွန် ခုခံစစ်၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် တပ်ရင်းတပ်ဖွဲ့များ၊ ပကဖများနဲ့ အတူ အတူတကွလက်တွဲ တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးအဖွဲ့အစည်း တခုဖြစ်တယ်လို့လည်း ထပ်မံ ဖော်ပြထားပါတယ်။

Public Service Announcement
အထွေထွေထိုးစစ်ကို ဆင်နွှဲရာမှာ တပ်ဖွဲ့များ အကွဲကွဲအပြားပြားနဲ့ ဆောင်ရွက်၍ မဖြစ်နိုင်သောကြောင့် တခုတည်းသော ကွပ်ကဲမှု၊ တခုတည်းသော ဦးတည်ရာနဲ့ စုစည်း ညီညွတ်သော အားထုတ်ကြိုးပမ်းမှု ရှိနေဖို့ လိုအပ်တာကြောင့် မတ္တရာမျိုးမှန်တပ်ဖွဲ့ အနေဖြင့်လည်း မတ္တရာကိုအခြေပြုပြီး စစ်အာဏာရှင်စနစ်ကို လက်နက်ကိုင် တော်လှန်ဆန့်ကျင်နေတဲ့ အားကောင်းတဲ့ တပ်ဖွဲ့တခုအဖြစ် သိရှိထားပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်က တည်ဆောက်လျက်ရှိတဲ့ ကွပ်ကဲမှုစနစ်အတွင်း ဝင်ရောက် လုပ်ဆောင်မည်ဆိုပါက ယခုထက် ပို၍ တော်လှန်ရေးအတွက် အကျိုးပြုနိုင်မည်ဟု ယုံကြည်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ဒါ့ကြောင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်က တည်ဆောက်လျက်ရှိတဲ့ ဆင့်ကဲကွပ်ကဲမှုစနစ်အတွင်း ဝင်ရောက်ပြီး တပ်မတော်ရဲ့အစိတ်အပိုင်းအဖြစ် တော်လှန်တိုက်ပွဲ ဝင်ဖို့ ဖိတ်ခေါ်ခဲ့ရာ တော်လှန်ရေးအကျိုးကျေးဇူးကို ကောင်းစွာ ရှေးရှုနိုင်ကြတဲ့ မတ္တရာမျိုးမှန်တပ်ဖွဲ့ ခေါင်းဆာင်တွေကလည်း လက်ခံသဘောတူခဲ့ကြပတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ကွပ်ကဲမှုအောက် မရောက်ရှိသေးတဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေလည်း ကွပ်ကဲမှုအောက် ရောက်ရှိရေး ဆက်လက် စည်းရုံးဖို့၊ ကွပ်ကဲမှုအောက်ရှိ တပ်ရင်း၊ တပ်ဖွဲ့များနဲ့ စစ်ရေး ပူးပေါင်းဆောင်ရွက်နိုင်ရေး အတွက် အစဉ်အမြဲ ကြိုဆို စည်းရုံးလျက်ရှိတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။




















































