ကမ္ဘာကျော် အက်ရှင်မင်းသားကြီး ချက်နောရစ်ဟာ အသက် ၈၆ နှစ် အရွယ်မှာ ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။
The Way of the Dragonနဲ့ Walker, Texas Rangerတို့လို ရုပ်ရှင်တွေမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ နောရစ်ဟာ မတ်လ ၁၉ ရက်နေ့တုန်းက ဟာဝိုင်ယီမှာ ကွယ်လွန်ခဲ့ကြောင်း မိသားစုက အတည်ပြုခဲ့ပါတယ်။
မိသားစုဝင်တွေ စုံစုံညီညီ ဝန်းရံရောက်ရှိနေတဲ့ အချိန်မှာပဲ သူဟာ ငြိမ်းငြိမ်းချမ်းချမ်း ကွယ်လွန်ခဲ့တာ ဖြစ်တယ်လို့ နောရစ် မိသားစုက ထုတ်ပြန်ခဲ့ပါတယ်။
နောရစ် သေဆုံးရတဲ့ အကြောင်းရင်းကို မိသားစုက မတ်လ ၂၀ ရက်နေ့၊ Instagramပေါ်က ကြေညာချက်ထဲမှာ ထည့်သွင်း ဖော်ပြမထားခဲ့ပါဘူး။ ဒါပေမဲ့ သတင်းတချို့ကတော့ နောရစ်ဟာ မကြာသေးခင်က အရေးပေါ် ကျန်းမာရေး အခြေအနေ တစ်ခုကြောင့် ဆေးရုံတက်နေခဲ့ရတယ်လို့ ဆိုပါတယ်။

Public Service Announcement
ခက်ခဲတဲ့ ကာလအတွင်း ထောက်ခံပေးခဲ့တဲ့၊ ဆုတောင်းပေးကြတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်ကြောင်း မိသားစုက ပြောပါတယ်။ နောရစ်ဟာ ဘဝကို ယုံကြည်မှု၊ ရည်မှန်းချက်၊ ချစ်ခင်သူတွေအတွက် မယိမ်းယိုင်တဲ့ အာရုံစူးစိုက်မှုတွေနဲ့ ရှင်သန်ခဲ့တယ်လို့လည်း မိသားစုရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
သူဟာ ဖြတ်လျှောက်အဆင့် ကိုယ်ရံတော် တစ်ဦးအဖြစ် ၁၉၆၈ ခုနှစ် ရုပ်ရှင် The Wrecking Crewမှာ ပါဝင်ရင်း ရုပ်ရှင်လောကထဲ စတင်ခြေချခဲ့ပါတယ်။ သူဟာ နာမည်ကျော် အက်ရှင်မင်းသား ဘရုစ်လီနဲ့လည်း အတူတွဲ သရုပ်ဆောင်ခဲ့သလို ရင်းနှီးတဲ့ သူငယ်ချင်းတွေ ဖြစ်လာခဲ့ပါတယ်။ ၁၉၇၂ ခုနှစ်တုန်းက ရိုက်ကူးတဲ့ Return of the Dragonမှာတော့ သူတို့နှစ်ဦး အပြိုင်သရုပ်ဆောင်ရင်း ဂန္ထဝင် အက်ရှင်ဇာတ်ကားတစ်ခုအဖြစ် သတ်မှတ် ခံခဲ့ရပါတယ်။
နောရစ်ဟာ ရုပ်ရှင်နဲ့ ရုပ်မြင်သံကြား ဇာတ်လမ်းတွဲတွေမှာ ကြယ်တစ်ပွင့် ဖြစ်မလာခင်မှာ အောင်မြင်တဲ့ တိုက်ခိုက်ရေး အားကစားသမား တစ်ဦးအဖြစ် ရပ်တည်ခဲ့ပါတယ်။ သူဟာ ကရာတေး အားကစားရဲ့ မစ်ဒယ်ဝိတ်တန်းမှာ ရှုံးပွဲမရှိဘဲ ကမ္ဘာ့ချန်ပီယံ ၆ ကြိမ် ဖြစ်ခဲ့ဖူးကြောင်း သိရပါတယ်။
ကိုးကား: BBC


















































