Connect with us

Hi, what are you looking for?

သတင်း

စက်သုံးဆီအခက်အခဲနဲ့ ယာဉ်မောင်းခွင့်ကန့်သတ်ချက်တွေကြောင့် EVကားစျေးကွက် အဆမတန်တက်လာ

စက်သုံးဆီအခက်အခဲနဲ့ နေ့စဥ်မောင်းနှင်ခွင့်ရမယ့် ကန့်သတ်ချက်တွေကြောင့် လျှပ်စစ်ကား (EV)စျေးကွက်ဟာ နှစ်ပတ်ကျော်အတွင်း ကျပ်သိန်းထောင်ကျော်အထိ စျေးတက်လာတယ်လို့ မော်တော်ယာဥ် အရောင်းအဝယ်လုပ်နေသူတွေက ပြောပါတယ်။

ရန်ကုန်မြို့မှာလျှပ်စစ်ကား(EV)ပြပွဲတစ်ခုမှာ ကားကြည့်ရှု​နေသူတဦး ။ဓါတ်ပုံ-ဆင်ဟွာ

မတ်-၂၂ ၊၂၀၂၆။ဇော်ဝင်း /People’s Spring

စက်သုံးဆီအခက်အခဲနဲ့ နေ့စဥ်မောင်းနှင်ခွင့်ရမယ့် ကန့်သတ်ချက်တွေကြောင့် လျှပ်စစ်ကား (EV)စျေးကွက်ဟာ နှစ်ပတ်ကျော်အတွင်း ကျပ်သိန်းထောင်ကျော်အထိ စျေးတက်လာတယ်လို့ မော်တော်ယာဥ် အရောင်းအဝယ်လုပ်နေသူတွေက ပြောပါတယ်။

မြန်မာနိုင်ငံအတွက် စက်သုံးဆီအများဆုံး တင်သွင်းနေရတဲ့ အရှေ့အလယ်ပိုင်းက စစ်ပွဲကြောင့် ပြီးခဲ့တဲ့ သုံးပတ်ကစပြီး စက်သုံးဆီစျေးတွေတက်တာအပြင် စက်သုံးဆီကားတွေကို အသုံးပြုခွင့်ကန့်သတ်ချက်တွေကြောင့် EV ကားစျေးတွေက နေ့စဥ် စျေးတက်လာတာလို့ ဆိုပါတယ်။

“EV က ထရန့်ရပ်ပီဆိုတာနဲ့ကျသွားမယ့်အမျိုးအစားပါ။ ခုချိန် စျေးတက်ကြမ်းနေတာလဲပါတယ် ။ တချို့ Showroom တွေဆို စျေးမတက်ပဲ Order လက်ခံတာမျိုးရှိတယ် ။ ဝယ်လိုအားများတော့ မနိုင်တော့တာလည်းပါပါမယ် ။ ဆီတန်းစီရတာကလဲ ခဏတော့သည်းခံမှာပါ။ ပထမတစ်ခါတုန်းက Ariya တွေ ၃၅၀၀ လောက်ဝယ်ထားပြီး ဆီက ၁ လလောက်တန်းဆီရပြီး ပြန်ရောင်းချိန်မှာ စျေးတော်တော် နည်းနည်းပဲရတာကိုတွေ့ရမှာပါ။ သတိထားဝယ်စေချင်တာပါ”လို့ မော်တော်ကား အရောင်းစင်တာပိုင်ရှင်တစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စက်သုံးဆီ အခက်အခဲမတိုင်မီ ကားစျေးကွက်အတွင်း EV ကားစျေးတွေနဲ့ မနေ့က(မတ်လ ၂၁ ရက်)အထိ ကားစျေးတွေအရ ကျပ်သိန်း ၁၃၅၀ Atto 3က သိန်း ၂၅၀၀ ၊ ကျပ်သိန်း ၁၅၀၀ တန် BZ4X 1500 က ကျပ်သိန်း ၂၅၀၀၊ KIA EV6 က ကျပ်သိန်း ၂၄၀၀ ကနေ ကျပ်သိန်း ၃၂၀၀ အထိတက်သွားတာလို့ ဆိုပါတယ်။

“ဆီက မရတော့ ဆီကားနည်းနည်းငြိမ်တယ်။EV တွေလိုက်ဝယ်နေကြတယ်။Showroom ကြီး တွေက လိုက်ဝယ်နေတာ။သူတို့ကအရင်အဝယ်ကပြ ပြီး စျေးဆွဲတင်သွားတယ်။ ပြီးမှ သူတို့ သွင်းထားတဲ့ EV တွေကို ထုတ်ရောင်းတာ”လို့ ဆယ်စုနှစ်တစ်ခုကြာမော်တော်ယာဥ် အရောင်းအဝယ်လုပ်နေသူက ပြောပါတယ်။

စက်သုံးဆီအခက်အခဲဟာ လာမယ့်အပတ်အတွင်း ပိုမိုဆိုးရွားလာမယ်လို့ သုံးသပ်နေကြလို့ EVကားဈေးကွက်ဟာလည်း အတက်ဘက်ဆက်ရှိနေနိုင်တယ်လို့ ရန်ကုန်မြို့က မော်တော်ယာဉ်ရောင်းဝယ်ရေးလုပ်ကိုင်နေသူတစ်ဦးက ခန့်မှန်းပါတယ်။

ကညန (ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန)ရဲ့စာရင်းတွေအရ အခုနှစ် ဖေဖော်ဝါရီလကုန်အထိ မြန်မာနိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ မော်တော်ယာဥ်စာရင်းအရ EV ကားအစီးရေ ၁၂,၇၄၁ စီး ရှိပါတယ်။အများစုက တရုတ်နိုင်ငံက တင်သွင်းခဲ့တာ ဖြစ်ပါတယ်။

အဲဒီ EV ယာဥ်အရေအတွက် ထက်ဝက်နီးပါးကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ သားနဲ့ သမီးက တင်သွင်းထားတဲ့အပြင် သူတို့နဲ့ ဆက်စပ်ပတ်သက် သူတွေလည်း EV ယာဥ်တွေ တင်သွင်းနေတယ်လို့ အမည်မဖော်လိုတဲ့ မော်တော်ယာဥ်အရောင်းပြခန်းပိုင်ရှင်အချို့က ပြောပါတယ်။

တရုတ်နိုင်ငံကို အမှီပြုလွန်ပြီး ခိုင်မာမှုမရှိတဲ့ မြန်မာနိုင်ငံ EVကား မူဝါဒကြောင့် သုံးစွဲသူတွေအတွက် ဆုံးရှုံးမှုတွေကို အကာအကွယ်ပေးဖို့ ပြဌာန်းချက်လည်း မရှိဘူးလို့ သူတို့က ဆိုပါတယ်။

ဒါ့အပြင် ရန်ကုန်နဲ့ နေပြည်တော်မှာ EV ကားတွေ အားသွင်းရင်းနဲ့ မီးလောင်တာဖြစ်ခဲ့ဖူးပြီး လျှပ်စစ်မီးဖူလုံမှုမရှိတဲ့အတွက် မီးစက်အသုံးပြု ပြီး EV ကားကို အားသွင်းရတဲ့ အခြေအနေမျိုးတွေရှိပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံ EV ကားထုတ်တဲ့ ကုမ္ပဏီ သုံးခုထက်မနည်း ဒေဝါလီခံထားရပြီး အကျိုးဆက်အနေနဲ့ တင်သွင်းရောင်းချခဲ့တဲ့ နိုင်ငံတွေက အထူးသဖြင့် မြန်မာရဲ့အိမ်နီးချင်းထိုင်းနိုင်ငံမှာအပိုပစ္စည်းပြတ်လပ်တာနဲ့ အာမခံမရတော့တာတွေကြောင့်တရုတ် EV ကားကုမ္ပဏီတွေကို အရေးယူပေးဖို့ သုံးစွဲသူတွေက တိုင်ကြားထားတာတွေ ၂၀၂၅က ရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ စုံ/မစနစ်နဲ့ မော်တော်ယာဥ်တွေ ပြန်လည်ဖမ်းဆီးလာပြီး ယာဥ်အများအပြား ဖမ်း​ဆီးခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။

ဆောင်းပါး

အသုပ်စုံ ဆိုတာနဲ့ မိတ်ဆွေတို့က ခေါက်ဆွဲ၊ကြာဇံ၊တို့ဟူး၊အာလူး စတဲ့အရာတွေကို ရောထွေးပြီး သုပ်ထားတဲ့ စားစရာလို့ မြင်မိကြမှာပါ။

နိုင်ငံတကာ

ကမ္ဘာတလွှားမှာ လျှပ်စစ်စွမ်းအင်သုံး မော်တော်ကားတွေ တင်ပို့ရောင်းချမှုဟာ ဆက်တိုက် တိုးတက်လာပြီး ၂၀၂၅ ခုနှစ် အတွင်းမှာတော့ ရောင်းသမျှ ကားအားလုံးရဲ့ လေးပုံတစ်ပုံလောက်ဟာ လျှပ်စစ်စွမ်းအင် သီးသန့် အသုံးပြုတဲ့ကား (EV)တွေနဲ့ လျှပ်စစ်စွမ်းအင် တစ်စိတ်တစ်ပိုင်း အသုံးပြုတဲ့ကား (PHEV)တွေ ဖြစ်လာကြောင်း သိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စက်သုံးဆီဆိုင်အချို့ ခွဲတမ်းအတိုင်း ရောင်းချမပေးလို့ဆိုပြီး စက်သုံးဆီဝယ်ယူသူတွေနဲ့ အငြင်းပွားမှုတွေဖြစ်ပွားနေကြောင်း ဒေသခံတွေက ပြောပါတယ်။