မတ်-၂၅၊၂၀၂၆။အိမ်သွင်/People’s Spring
ပဲခူးတိုင်း၊ပန်းတောင်းမြို့နယ်မှာရှိတဲ့ အမှတ်(၁၆)ကာကွယ်ရေးပစ္စည်းထုတ်စက်ရုံ(ကပစ-၁၆)အနီးနဲ့ ပန်းတောင်းနယ်မြေစစ်ဆင်ရေးတွေမှာအာရက္ခတပ်တော်(AA)နဲ့အတူပူးပေါင်းတိုက်ခိုက်နေတယ်လို့ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)က သတင်းထုတ်ပြန်ပါတယ်။
အဲဒီတိုက်ပွဲတွေမှာ BPLA၊ မြေလတ်စစ်ဒေသ၊ အမှတ်(၂၀၃)ဗျူဟာ၊အညာစစ်ဒေသ၊အမှတ်(၃၀၈)ဗျူဟာတို့ ပါဝင်တိုက်ခိုက်နေတယ်လို့မတ်လ၂၅ရက်မှာသတင်းထုတ်ပြန်ထားတာဖြစ်ပါတယ်။
ရခိုင်ပြည်နယ် နဲ့ ပဲခူးတိုင်းနယ်စပ်ထွက်ပေါက်မှာ စစ်ရေးအရ အဓိကကျတဲ့ ပန်းတောင်းမြို့က ၆၆၆ ပွိုင့်ကုန်းကို AAနဲ့မဟာမိတ်တွေက ၂၀၂၆ခုနှစ်ဇန်နဝါရီလ ၂၈ရက်မှာသိမ်းယူခဲ့ပါတယ်။ အဲ့ဒီတိုက်ပွဲမှာBPLA၊မြေလတ်စစ်ဒေသ၊အမှတ်(၂၀၃)ဗျူဟာ ပါဝင်တိုက်ခိုက်ခဲ့တယ်လို့ BPLAက ထုတ်ပြန်ထားပါတယ်။ BPLAအပြင် ဧရာဝတီတိုင်းက PDFတပ်ရင်းအချို့နဲ့ အရှိုချင်းတော်လှန်ရေးတပ်တွေလည်းပါဝင်တိုက်ခိုက်နေတယ်လို့သိရပါတယ်။

Public Service Announcement

၆၆၆ ပွိုင့်ကုန်းစခန်းသိမ်းတိုက်ပွဲအတွင်းအမှတ်(၁၀)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၁၀) စကခမှူး ဗိုလ်မှူးကြီးဟန်လင်းအောင် သေဆုံးခဲ့ပြီး စစ်သုံ့ပန်းတွေကိုလည်း ဖမ်းမိခဲ့ပါတယ်။ လက်ရှိမှာလည်း ကပစ(၁၆)အနီး တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ စုံစမ်းသိရပါတယ်။
BPLAက အညာစစ်ဒေသမှ ရဲဘော်တွေအတွက် ဂုဏ်ပြုပွဲအခမ်းအနားကိုဖေဖော်ဝါရီလ (၉)ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။အဲ့ဒီအခမ်းအနားမှာပန်းတောင်းနယ်မြေစစ်ဆင်ရေးနဲ့ကပစ(၁၆)အနီးတိုက်ပွဲတွေအတွင်း AAနဲ့အတူ တိုက်ပွဲဝင်ခဲ့ကြတဲ့ BPLA၊ အညာစစ်ဒေသ၊ အမှတ်(၃၀၈)ဗျူဟာက ရဲဘော်တွေကို ဂုဏ်ပြုခဲ့ပြီးကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့တဲ့ ရဲဘော်တွေကို သူရဲကောင်းဆုပေးအပ်ခဲ့ပါတယ်။ ကျဆုံးသွားခံတဲ့ ရဲဘော်တွေကိုလည်း အာဇာနည်သူရဲကောင်းများအဖြစ် မှတ်တမ်းတင်ပြီး မိသားစုဝင်တွေထံ ဂုဏ်ပြုမှတ်တမ်းနဲ့ထောက်ပံ့ငွေပေးအပ်ခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။
BPLAဟာ ရှမ်းပြည်နယ်မြောက်ပိုင်းက ၁၀၂၇ စစ်ဆင်ရေးမှာလည်းပါဝင်တိုက်ခိုက်ခဲ့သလို ကရင်ပြည်နယ်ထဲက တိုက်ပွဲတွေမှာလည်း ပါဝင်ခဲ့ပါတယ်။တောင်ပိုင်းစစ်ဒေသ၊ မြေလတ်စစ်ဒေသနဲ့ အညာစစ်ဒေသဆိုပြီး စစ်ဒေသ(၃)ခု ဖွဲ့စည်းတည်ဆောက်ထားပြီး မဟာမိတ်တပ်တွေနဲ့အတူ စစ်ကောင်စီကိုဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
ပန်းတောင်းမြို့နယ်ဟာ AAသိမ်းယူထားတဲ့တောင်ကုတ်မြို့နယ်နဲ့ ဆက်စပ်နေပါတယ်။ စစ်ကောင်စီက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲမတိုင်ခင်လာအနည်းငယ်အကြာကတည်းကတောင်ကုတ်မြို့ကိုပြန်သိမ်းမယ်လို့ကြွေးကြော်ပြီး ပဲခူးတိုင်းဘက်ကနေ စစ်ကြောင်းထိုးခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် စစ်ရှုံးပြီးအဓိကစခန်းတွေကိုပါ ထပ်မံ ဆုံးရှုံးနေသလို တိုက်ပွဲတွေက ကပစ(၁၆)အနီးအထိ ရောက်ရှိလာတာဖြစ်ပါတယ်။
လက်ရှိမှာ ကပစ(၁၆)ရှိတဲ့ မသုန်ရွာအနီးနဲ့ ပန်းကန်ကွဲရွာ၊ ညောင်ကျိုးကျေးရွာပတ်ဝန်းကျင် တွေမှာလည်း တိုက်ပွဲတွေဖြစ်နေပါတယ်။စစ်တပ်ကကလေကြောင်းကနေ နေ့စဉ် ဗုံးကြဲပြီး ခုခံနေတယ်လို့ သတင်းရရှိပါတယ်။


















































