Connect with us

Hi, what are you looking for?

သတင်း

မန္တလေး- မိုးကုတ်လမ်းပိုင်းမှာ စစ်တပ်က လမ်းကြေးအတောင်းကြမ်းနေ

(စစ်တပ်စစ်ဆေးရေးဂိတ်တစ်ခုမှာ ကုန်ကားတစ်စီးကို စစ်သားတွေက ငွေတောင်းနေစဉ်။ ဓာတ်ပုံ - CJ)

မတ်-၂၆၊၂၀၂၆။ရှိန်း/ People’s Spring

မန္တလေးမြို့ကနေ စဉ့်ကူး- မိုးကုတ်သွားတဲ့လမ်းပိုင်းမှာ စစ်တပ်က လမ်းကြေးအဆမတန် တောင်းယူမှု တွေနဲ့ မထင်သလိုဖမ်းဆီးမှုတွေကြောင့် ကုန်ကားသမားတွေအခက် တွေ့နေတယ်လို့ ကုန်ကားမောင်းနှင်သူ တွေက ပြောပါတယ်။

မန္တလေးမြို့ကနေ သပိတ်ကျင်းမြို့အထိ ဂိတ်ပေါင်း ၈၀ကျော်ရှိပြီး ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌အသွားအပြန်ဆိုရင် တချို့ဂိတ်တွေဟာ ငွေကြေးတောင်းခံမှု အလွန်များတယ်လို့ ကားသမားတွေက ပြောပါတယ်။

“မြို့အထွက် ရွှေကျင်ဂိတ်ကိုပဲကြည့်လိုက်။ကုန်ကားဆို အကုန်လာထား ၅၀၀၀၀ပဲ။အဲတာပြီး မတ္တရာမြို့အဝင်အထွက် ဒီမှာတင် ၁သိန်းခွဲဖြစ် နေပြီ။စဉ့်ကူးမြို့နယ်ထဲကို လက်ပန်လှကယာဉ်ရပ်နားကွင်းထဲ တန်းမောင်းခိုင်းတယ်။အဲဒီမှာ တစီး တသိန်း။ကျန်တဲ့ ဂိတ်အသေးတွေ မပါသေးဘူး”လို့ ကုန်ကား မောင်းသူတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် မတ္တရာမြို့အထွက်က ရေနံ့သာဂိတ်မှာလည်း စစ်တပ်က မထင်ရင် မထင်သလို ကုန်ကားတွေကို ဖမ်းဆီးတာ တွေရှိနေပြီး အဖမ်းခံရရင် ကျပ်သိန်းရာဂဏန်းအထိ လိုက်ရွေးရတယ်လို့ ဆိုပါတယ်။

ယခုရက်ပိုင်း စက်သုံးဆီပြတ်ပြီးနောက် ကုန်ကားတွေထွက်ဖို့ခက်ခဲ နေချိန်မှာ စစ်တပ်က ဆက်တိုက် ‌‌‌ငွေကြေးတောင်းခံမှု တွေကြောင့်ပိုမိုခက်ခဲလာတယ်လို့လည်း ကားသမားတွေက ပြောပါတယ်။

စစ်တပ်က သပိတ်ကျင်းမြို့ကိုပြန်ထိန်းချုပ်ပြီးတဲ့နောက် မန္တလေး- မတ္တရာ- စဉ့်ကူး- သပိတ်ကျင်း -မိုးကုတ်အထိ လမ်းဖွင့်ထားပြီး အဲဒီလမ်းကြောမှာ အင်အားအနည်းငယ်ဆီနဲ့ စစ်တပ်ဂိတ် အများအပြားဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ