ရွှေ့ဆိုင်းခဲ့တဲ့ တရုတ် ခရီးစဉ်ကို မေလထဲမှာ သွားရောက်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။
ထရမ့်ဟာ အစောပိုင်းက မတ်လ ၃၁ ရက်နေ့ကျရင် ဘေဂျင်းကို သွားရောက်ပြီး တရုတ် သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံဖို့ စီစဉ်ထားခဲ့တာပါ။ ဒါပေမဲ့ အစ္စရေးနဲ့ ပူးပေါင်းပြီး အမေရိကန်က အီရန်ကို စစ်တိုက်ခဲ့တဲ့နောက် ထရမ့်က ဘေဂျင်း ခရီးစဉ်ကို ဆိုင်းငံ့ထားစေခဲ့ပါတယ်။
မတ်လ ၂၅ ရက်နေ့မှာတော့ ထရမ့်က သူဟာ ဘေဂျင်းခရီးစဉ်ကို မေလ ၁၄ ရက်နဲ့ ၁၅ ရက်တွေကို ပြောင်းလဲ ရက်သတ်မှတ်လိုက်ကြောင်း ကိုယ်ပိုင် လူမှုကွန်ရက် မီဒီယာ Truthမှာ ရေးသားထားခဲ့ပါတယ်။ ထရမ့်ဟာ စစ်ပွဲကို အကြောင်းပြပြီး တရုတ်ခရီးစဉ်ကို ရက်ရွှေ့ခဲ့တာပါ။ ဒီတော့ မေလလယ်မှာ ရက်အသစ် ပြောင်းလဲ သတ်မှတ်ခြင်းဟာ အဲဒီ အချိန်လောက်ကျရင် အီရန်စစ်ပွဲ ပြီးဆုံးနေလောက်ပြီလို့ သူက ယုံကြည်ထားတာကြောင့် ဖြစ်နိုင်ပါတယ်။
ထရမ့်က ရှီဟာလည်း နှစ်ကုန်ပိုင်းလောက်ကျရင် အမေရိကန်ကို အလည်အပတ် ခရီးစဉ် လာရောက်လိမ့်မယ်လို့ ဆိုပါတယ်။ နှစ်နိုင်ငံ ကိုယ်စားလှယ်တွေဟာ အဲဒီ သမိုင်းဝင် ခရီးစဉ်တွေအတွက် အပြီးသတ် ပြင်ဆင်မှုတွေ လုပ်ဆောင်နေပြီးပြီဖြစ်ကြောင်း၊ ရှီနဲ့ တွေ့ဆုံမယ့် ထူးခြားခမ်းနားတဲ့ အခိုက်အတန့်မျိုးအတွက် သူလည်း မျှော်လင့်နေကြောင်း ထရမ့်က ရေးသားထားခဲ့ပါတယ်။

Public Service Announcement
တရုတ်သံရုံးကတော့ ရှီရဲ့ အမေရိကန် ခရီးစဉ်အတွက် သတ်မှတ်ရက်အကြောင်း မကြေညာသေးပါဘူး။ တရုတ်ဟာ လုပ်ထုံးလုပ်နည်းတွေအရ သမ္မတရဲ့ ခရီးစဉ်ကို ရက်အနည်းငယ်လောက် အကြို အချိန်ကပ်ပြီးမှ ထုတ်ပြန်လေ့ ရှိပါတယ်။
ထရမ့်ဟာ အိမ်ဖြူတော်ဆီ တကျော့ပြန် ရောက်ရှိလာတဲ့နောက် တရုတ်ကို ကုန်သွယ်ရေးအရ ထိုးနှက်တဲ့ မူဝါဒတွေကို ကျင့်သုံးခဲ့ပြီး ကမ္ဘာ့စီးပွားရေးအင်အား အတောင့်တင်းဆုံး စူပါပါဝါ နှစ်နိုင်ငံကြားမှာ တင်းမာမှုတွေ မြင့်တက်ခဲ့ဖူးပါတယ်။ နောက်ပိုင်းမှသာ နှစ်ဖက် အကျေအလည် ညှိနှိုင်းမှုတွေကြောင့် အခြေအနေတွေ ပြန်လည် ကောင်းမွန်လာခဲ့တာပါ။ ထရမ့်ဟာ သူ့ရဲ့ ပထမအကြိမ် သမ္မတ သက်တမ်းအတွင်း ၂၀၁၇ တုန်းက တရုတ်နိုင်ငံကို နောက်ဆုံးအကြိမ် သွားရောက်ထားခဲ့ပါတယ်။
ကိုးကား: AFP


















































