Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မြောက်ကိုရီးယားနဲ့ ဘီလားရုစ်တို့ နှစ်နိုင်ငံ ချစ်ကြည်ရေးစာချုပ် ချုပ်ဆို

ဓာတ်ပုံ - KCNA

ဘီလားရုစ် သမ္မတရဲ့ မြောက်ကိုရီးယား ခရီးစဉ် အတောအတွင်း နှစ်နိုင်ငံ ချစ်ကြည်ရေး စာချုပ်ကို လက်မှတ် ရေးထိုးခဲ့ကြောင်း သိရပါတယ်။

အလက်ဇန္ဒား လူကာရှန်ကိုရဲ့ ပြုံယမ်းမြို့ ခရီးစဉ်ကို အိမ်ရှင် မြောက်ကိုရီးယား အစိုးရ ခေါင်းဆောင် ကင်မ်ဂျုံအွန်းက တခမ်းတနား ဧည့်ခံ ကြိုဆိုခဲ့ပြီး အခုလိုမျိုး နှစ်နိုင်ငံကြား ဆက်ဆံရေးကို မြှင့်တင်နိုင်မယ့် စာချုပ်တစ်ရပ်ကို ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။

လူကာရှန်ကိုဟာ ရုရှား သမ္မတ ဗလာဒီမာ ပူတင်ရဲ့ အနီးကပ်ဆုံး မဟာမိတ်တစ်ဦး ဖြစ်ပါတယ်။ မြောက်ကိုရီးယားဟာလည်း ရုရှားနဲ့ ကာကွယ်ရေးဆိုင်ရာ သဘောတူ စာချုပ်တစ်ရပ်ကို လက်မှတ် ရေးထိုးထားပြီး ယူကရိန်းနဲ့ စစ်ပွဲအတွက် ရုရှားကို ကူညီ တိုက်ခိုက်ပေးရင်း မြောက်ကိုရီးယားစစ်သည် ၂၀၀၀ ကျော်လောက် အသေအပျောက် ရှိထားပါတယ်။ အခုတော့ ရုရှား မဟာမိတ် နှစ်နိုင်ငံဟာ လူကာရှန်ကိုရဲ့ ပထမဆုံး မြောက်ကိုရီးယား ခရီးစဉ်မှာ ချစ်ကြည်ရေး စာချုပ်ကိုပါ လက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်ပါတယ်။

မျက်မှောက်ကာလ ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းမှာ အင်အားကြီး နိုင်ငံတွေဟာ နိုင်ငံတကာ ဥပဒေတွေရဲ့ စံနှုန်းတွေကို အတိအလင်း ချိုးဖောက်နေကြောင်း၊ နိုင်ငံတွေ အနေနဲ့ ကိုယ်ပိုင် လွတ်လပ်ခွင့်၊ အချုပ်အခြာ အာဏာနဲ့ နိုင်ငံသားတွေရဲ့ ဘဝတိုးတက်ရေးတွေအတွက် အချင်းချင်း အပြန်အလှန် ရိုင်းပင်းကူညီကြဖို့ အရင်ကထက် ပိုလိုအပ်လာကြောင်း လူကာရှန်ကိုက ကင်မ်ကို ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ကင်မ်ကလည်း အနောက်နိုင်ငံတွေက ဘီလားရုစ်အပေါ် တရားလက်မဲ့ တစ်ဖက်သတ် ဖိအားပေးနေမှုတွေကို မြောက်ကိုရီးယားက ဆန့်ကျင်ပြီး ဘီလားရုစ် အစိုးရက နိုင်ငံရေး၊ လူမှုရေး တည်ငြိမ်မှုတွေနဲ့ စီးပွားရေး ဖွံ့ဖြိုးမှုတွေအတွက် အားထုတ်နေတာတွေအပေါ် နားလည်မှုအပြည့် အားပေးထောက်ခံမယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

ဘီလားရုစ် သတင်းဌာန Beltaက မတ်လ ၂၅ ရက်နေ့က ပြုံယမ်းကို လူကာရှန်ကို ရောက်လာတဲ့နောက် ကင်မ်နဲ့ ဖက်လှဲတကင်း ပွေ့ဖက် နှုတ်ဆက်နေကြတဲ့ ဓာတ်ပုံတွေကိုလည်း ဖော်ပြခဲ့ပါတယ်။

လူကာရှန်ကိုဟာ ကင်မ်ရဲ့ ဖခင်နဲ့ အဖိုးတို့ရဲ့ ရုပ်အလောင်းတွေကို ထားရှိသင်္ဂြိုဟ်ရာ ကွမ်ဆူဆန် နေဗိမာန်ဆီကိုလည်း သွားရောက်ပြီး ဂါရဝ ပြုခဲ့ကြောင်း မြောက်ကိုရီးယား အစိုးရပိုင် KCNA သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

အသက် ၇၁ နှစ်အရွယ် လူကာရှန်ကိုဟာ ဘီလားရုစ်ကို ၁၉၉၄ ခုနှစ် ကတည်းက အုပ်ချုပ်နေပြီး အတိုက်အခံတွေအပေါ် ရက်စက်ကြမ်းတမ်းတဲ့ ဖြိုခွင်းမှုတွေကြောင့် ဥရောပရဲ့ နောက်ဆုံးလက်ကျန် အာဏာရှင်အဖြစ် လူသိများပါတယ်။ ကင်မ်ကတော့ အထီးကျန် ကွန်မြူနစ်နိုင်ငံ မြောက်ကိုရီးယားကို မိသားစု အစဉ်အဆက် အုပ်ချုပ်မှုကြောင့် ကင်မ်မင်းဆက်လို့ ရည်ညွှန်းခံရတဲ့ မိသားစုရဲ့ တတိယမျိုးဆက် အာဏာရှင် ဖြစ်ပါတယ်။

အမေရိကန်နဲ့ အနောက်နိုင်ငံတွေရဲ့ ကမ္ဘာ့ပါဝါ လက်ဝါးကြီးအုပ်မှုကို တန်ပြန်ဖို့ တရုတ်နဲ့ ရုရှားတို့ ဦးဆောင်ပြီး စုစည်းနေတဲ့ နိုင်ငံတကာ အင်အားစု အသစ်တစ်ခုမှာလည်း မြောက်ကိုရီးယားနဲ့ ဘီလားရုစ်တို့ဟာ အရေးပါတဲ့ အစိတ်အပိုင်းတွေအဖြစ် ပါဝင်နေကြောင်း သိရပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ