မတ်-၂၇၊၂၀၂၆။ထားမြတ်/People’s Spring
ကိုးကန့်တပ်မတော်(MNDAA)က မဟာမိတ်ဖြစ်ခဲ့တဲ့ တအာင်းတပ်မတော်(TNLA) ထိန်းချုပ်ထားတဲ့ကွတ်ခိုင်မြို့ကို တိုက်ခိုက်သိမ်းယူပြီးနောက် ရှမ်းမြောက် ပြည်ထောင်စုလမ်းပေါ်က ကချင်လွတ်လပ်ရေးတပ်မတော်(KIA) နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)တပ်ဂိတ်တွေကိုလည်း ဖယ်ရှားခိုင်းလို့ ဂိတ်တွေဖယ်ရှားသွားပြီဖြစ်ကြောင်း ဒေသ သတင်းရင်းမြစ်အချို့က ပြောပါတယ်။
မတ်လ၁၄ ရက်မှာ MNDAAက TNLA ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ကွတ်ခိုင်မြို့ကို သိမ်းပိုက်ခဲ့သလို လားရှိုး-မူဆယ်လမ်းပေါ်က TNLA တပ်စခန်းနေရာတွေကိုလည်း သိမ်းပိုက်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ နှစ်ဖက်တာဝန်ရှိသူတွေတွေ့ဆုံဆွေးနွေးပြီး အပစ်ရပ်စဲနိုင်ခဲ့ပေမယ့် ကွတ်ခိုင်မြို့နယ်ကိုတော့ MNDAAက ထိန်းချုပ်ခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင်ပြည်ထောင်စုလမ်းမပေါ်ကKIA နဲ့ SSPP ရဲ့ဂိတ်တွေကိုလည်းလတ်တလောမှာဖယ်ရှားပေးထားရတယ်လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement
“တပ်တွေတော့ရှိထားပါသေးတယ်။ဂိတ်ဖွင့်တာ လောလောဆယ်ပိတ်ထားတာရှိတယ်။ ဂိတ်ဖြုတ်သိမ်းတဲ့ ပုံစံမျိုး မဟုတ်သေးတော့ ခဏပိတ်တာလား အသေအချာတော့ မသိရသေးဘူး” လို့ ဒေသခံ သတင်းရင်းမြစ်က KIAနဲ့ SSPP တပ်ဂိတ်အချို့ ဖယ်ရှားပေးရတဲ့ အခြေအနေကို ပြောပြပါတယ်။
ကွတ်ခိုင်မြို့နယ် ၊နမ့်ဖက်ကာကျေးရွာအနီးရှိ စစ်တပ်ရင် ခလရ (၁၂၃ )အပါအဝင် စစ်စခန်းတွေကို KIA က ၂၀၂၄ ဇန်နဝါရီလမှာ ထိုးစစ်ဆင်သိမ်းပိုက်ခဲ့ပါတယ် ။နမ့်ဖက်ကာဒေသကို KIA ကထိန်းချုပ်ထားတာဖြစ်ပြီး အဲဒီဒေသက ပြည်ထောင်စုလမ်းပေါ်မှာ KIA ဂိတ်အချို့ရှိတယ်လို့ဒေသခံတွေကပြောပါတယ် ။
ရှမ်းမြောက်စစ်ရေး နိုင်ငံရေးလေ့လာသူ တဦးကလည်း “စကစက တရုတ်အစိုးရကို အကူအညီတောင်းလို့ တရုတ်အစိုးရက MNDAA ကို မြေပြင်မှာ လှုပ်ရှားခိုင်းတာဖြစ်တယ်။အဓိကတော့တရုတ်အစိုးရနဲ့စကစရဲ့ဖိအားကြောင့်MNDAAက SSPPနဲ့ KIA ဂိတ်စခန်းတွေကို ဖယ်ရှားခိုင်းလာတာဖြစ်တယ်။…။အဓိကတော့ တရုတ်အစိုးရရဲ့ စွက်ဖက်မှုကြောင့်ပါ။ နိုင်ငံရေးဗျူဟာရင့်နေတဲ့ KIAနဲ့ SSPPက သံတမန်နည်းလမ်းနဲ့ ဖယ်ရှားပေးထားတာလို့ပဲမြင်တယ်” လို့ သူ့အမြင်ကိုပြောပါတယ်။
ဂိတ်တွေဖယ်ရှားပေးရတာနဲ့ ပတ်သက်ပြီး KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံ ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပါဘူး။
ကချင်သတင်းရင်းမြစ်တဦးကတော့“ MNDAAဘက်ကပြောတာတော့ဂိတ်ရွှေ့ခိုင်းတာတော့ မရှိဘူး။ သို့သော် သူတို့ သွားလာမှု နည်းနည်းအဆင်ပြေအောင် လမ်းအလယ်မှာ ချထားတဲ့ ဝါးလုံးတွေ နေရာရွှေ့ခိုင်းတာနဘေးနားမှာချထားပေးဖို့တောင်းဆိုတာတွေရှိပါတယ် အဲဒီလိုပါပဲ” လို့ ပြောပါတယ်။
MNDAAအနေနဲ့ မတ်လလယ် ကွတ်ခိုင်တိုက်ပွဲကာလအတွင်း ဖမ်းဆီးခဲ့တဲ့ TNLA တပ်ဖွဲ့ဝင်တွေကို ပြန်လွှတ်ပေးခဲ့သလို TNLA ရဲ့ လက်နက်တွေ ပြန်လည်အပ်နှံခဲ့တယ်လို့သတင်းရင်းမြစ်အချို့ကပြောပါတယ်။
“အားလုံးရောက်ပြီလားတော့ အတိအကျ မသိရဘူး။အရပ်သားတွေတော့ အကုန်ပြန်မလွှတ်သေးဘူး” လို့ ဒေသခံသတင်းရင်းမြစ်ကပြောပါတယ်။
TNLA ရဲဘော်တွေကို MNDAA ကပြန်လွှတ်ပေးတယ်ဆိုတဲ့သတင်းတွေအပေါ် TNLA ပြောရေးဆိုခွင့်ရှိသူလွေးယေဦးကိုဆက်သွယ်မေးမြန်းဖို့ကြိုးစားနေပါတယ် ။
တအာင်းအမျိုးသမီးအဖွဲ့(TWO) ရဲ့ မတ်လ ၂၀ရက် သတင်းဖော်ပြချက်မှာ ကိုးကန့်တပ်က ကွတ်ခိုင်မြို့ကို ထိုးစစ်ဆင်ပြီးနောက် ဒေသခံ လူငယ်တွေကို ဖမ်းဆီး ခေါ်ဆောင်သွားတာရှိတယ်လို့အသိပေးထားပါတယ်။ကွတ်ခိုင်မြို့နယ်လွယ်ဆိုင်၊ ပန်းဆေးရွာခံလူငယ်တွေကိုကိုးကန့်တပ်က ဖမ်းခေါ်သွားတာလို့ ဆိုပါတယ်။ကိုးကန့်တပ်က ထိုး
စစ်ဆင်ရာမှာ ဒရုန်းနဲ့ တိုက်ခိုက်လို့ အရပ်သား သေဆုံးထိခိုက်ရှိခဲ့ကြောင်းလည်း TWOကထုတ်ပြန်ထားပါတယ်။ဒါ့အပြင်နမ့်ဖက်ကာရှိ တအာင်းနေအိမ်အချို့ကို နေထိုင်ခွင့်ပိတ်ပင်ပြီး ချိတ်ပိတ်တာ ဒေသခံတွေအနေနဲ့ TNLA တပ်ဖွဲ့ဝင် မလုပ်ဖို့ ဝန်ခံကတိလက်မှတ်ထိုးခိုင်းတာရှိတယ်လို့လည်း ဖော်ပြထားပါတယ်။လက်ရှိမှာ MNDAAက ကွတ်ခိုင်မြို့နယ်အတွင်း လူထုတွေ့ဆုံမှုတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။
“အများအားဖြင့် MNDAAက အထူးဒေသ (၁) အနေနဲ့ အုပ်ချုပ်သွားမယ့်အကြောင်း သူတို့ရဲ့ စည်းကမ်းကို လိုက်နာရမယ့် အကြောင်း၊ TNLA တပ်သားတွေ လက်နက်အပ်ဖို့၊ စာရင်းလာပေးဖို့ ဖိအားပေးတာရော ငွေနဲ့ စည်းရုံးတာရော တချို့ နေရာတွေမှာတပ်သားစုဆောင်းဖို့ ကိစ္စလည်း ပါတယ်လို့ သိရပါတယ်။” လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။
MNDAAကလည်း ကွတ်ခိုင်မြို့နယ်မှာ လူထုတွေ့ဆုံပွဲတွေ ဆက်တိုက်လုပ်ဆောင်နေကြောင်း သတင်းထုတ်ပြန်ထားပြီး တိုင်းရင်းသားအားလုံး တန်းတညီမျှမှု ရှိစေရမယ် ဆိုတဲ့ မူဝါဒကို လက်တွေဖော်ဆောင်ပြသခဲ့တယ်လို့ဖော်ပြထားပါတယ်။အထူးဒေသ(၁) လို့ ခေါ်ဆိုတဲ့ ကိုးကန့်ထိန်းချုပ်ရာဒေသအတွက် အကြီးမားဆုံးသော နိုင်ငံရေးဟာ တည်ငြိမ်ရေးဖြစ်ပြီး အကြီးမားဆုံးသော ပြည်သူ့ဘ၀ဟာ ဖွံ့ဖြိုးတိုးတက်ရေးဖြစ်တယ်လို့ ဆိုပါတယ်။


















































