မတ်-၂၈၊၂၀၂၆။မိုမို/People’s Spring
စစ်ကိုင်းငလျင်ကြီးကြောင့် ဒုက္ခရောက်ရသူတွေဟာ ကမ္ဘာ့အရှေ့အလယ်ပိုင်းက ပဋိပက္ခကဖြစ်ပေါ်လာတဲ့ လောင်စာဆီအခက်အခဲနဲ့အတူ စားနပ်ရိက္ခာနဲ့ မြေဩဇာဈေးနှုန်းကြီးမြင့်မှု ဒဏ်တွေကိုပါ ထပ်ဆင့်ခံစားနေရတယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)က ဒီကနေ့ မတ်လ ၂၈ရက်မှာ ထုတ်ပြန်ပါတယ်။
WFPရဲ့ နောက်ဆုံးစောင့်ကြည့်ချက်အရ စစ်ကိုင်းငလျင်ကြီးဒဏ်သင့်ခဲ့တဲ့ စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းက မိသားစုတွေဟာ အခြေအနေ ပြန်ကောင်းဖို့ ကြိုးစားနေရတုန်းပဲ ရှိသေးတယ်လို့ ဆိုပါတယ်။
စားနပ်ရိက္ခာ မလုံလောက်မှုတွေမှာ အိမ်ထောင်စု ခြောက်ခုမှာ တစ်စုက စားနပ်ရိက္ခာ အခက်အခဲကို အပြင်း အထန် ရင်ဆိုင်နေရသလို တစ်နေ့စာ တစ်နေ့ ဖြေရှင်းနေရပြီး နောက်ထပ် ဘယ်လို အခက်အခဲမျိုးကိုမှ ထပ်ပြီးတောင့်ခံနိုင်စွမ်းမရှိတော့ပါဘူးလို့ ဖော်ပြပါတယ်။

Public Service Announcement
“ငလျင်ဒဏ်ကနေ အနိုင်နိုင် ပြန်ရုန်းထနေရတဲ့ သူတွေဟာ အခု ကမ္ဘာ့အခြေအနေတွေကြောင့် နောက် ထပ် ရိုက်ခတ်မှုတစ်ခုကို အဆိုးရွားဆုံး အချိန်မှာ ထပ်ကြုံနေရတာပါ”လို့ WFP ရဲ့မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး မိုက်ကယ်ဒန်ဖို့ က ပြောပါတယ်။
လောင်စာဆီဈေးနှုန်းနဲ့ အရှေ့အလယ်ပိုင်း ပဋိပက္ခကြောင့် ဆီဈေးတက်ပြီး သယ်ယူပို့ဆောင်ရေး ခက်ခဲလာတဲ့အတွက် ပြည်တွင်းအခြေခံ စားသောက်ကုန်ဈေးနှုန်းတွေပါ လိုက်တက်နေတာဖြစ်ပါတယ်။
အခု မတ်လလယ်ပိုင်းက ရန်ကုန်မြို့မှာ နေထိုင်တဲ့ အိမ်ထောင်စု သုံးခုကို လူထုနွေဦးက ကောက်ယူထားတဲ့ စစ်တမ်းတွေအရ ဆန်၊ဆီ နဲ့ ကြက်ဥလို အခြေခံစား သောက်ကုန်တွေက ဖေဖော်ဝါရီကထက် ၁၀ရာခိုင်နှုန်းကျော်မြင့်တက်လာတယ်လို့ ပြောပါတယ်။
“ပန်းသစ်တော် တစ်လုံးတောင် အရင် ၄၀၀၀ က အခု ၇၅၀၀ ဖြစ်နေတာ။ဒါက အလုပ်ကြမ်းသမားတစ်ယောက်ရဲ့ ဝင်ငွေ ဖြစ်နေပြီ”လို့ အသက်(၄၀) အရွယ် မရမ်းကုန်းမြို့နယ်က အိမ်ရှင်မတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် မိုးတွင်းစိုက်ပျိုးချိန် နီးလာပြီဖြစ်ပေမယ့် မြေဩဇာနဲ့သွင်းအားစု စရိတ်တွေက မနှစ်ကထက် နှစ်ဆလောက် တက်လာတာကြောင့် တောင်သူတွေအတွက် အကျပ်အတည်း ဖြစ်နေပါတယ်လို့ WFP က သတိပေးပါတယ်။
စစ်ဘေးနဲ့ ငလျင်ဘေး ဒဏ်ခံနေရတဲ့ ချင်း၊ ကချင်၊ ကယား၊ ရခိုင်၊စစ်ကိုင်းနဲ့ ရှမ်းပြည်နယ်မှာ အခြေအနေတွေက ပိုဆိုးရွားလာနိုင်တယ်လို့ ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံက လူဦးရေရဲ့ လေးပုံတစ်ပုံ (၁၂.၄ သန်းခန့်) ဟာ အစာရေစာ ပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရတာကြောင့် အခုလိုစုပေါင်းရိုက်ခတ်မှုတွေကြောင့် မြန်မာနိုင်ငံရဲ့ စားနပ်ရိက္ခာဖူလုံမှုအခြေအနေဟာ လက်ရှိထက် ပိုရင်ဆိုင်ရနိုင်တယ်လို့လည်းသတိပေးချက်မှာ ဖော်ပြပါတယ်။

















































