အီရတ်နိုင်ငံမှာ အမေရိကန် အမျိုးသမီး ဂျာနယ်လစ်တစ်ဦး ပြန်ပေးဆွဲတာ ခံခဲ့ရကြောင်း သိရှိရပါတယ်။
အာဏာပိုင်တွေနဲ့ ဒေသတွင်း သတင်းဌာနတွေက ရှယ်လီ ကစ်တယ်လ်ဆန်ဟာ ဘဂ္ဂဒက် မြို့တော်နားမှာ ပြန်ပေးဆွဲ ခံခဲ့ရတာ ဖြစ်တယ်လို့ အသီးသီး ထုတ်ပြန်ထားပါတယ်။ သူဟာ အလွတ်တမ်း သတင်းထောက် တစ်ဦးဖြစ်ပြီး အီရန်ကို ထောက်ခံတဲ့ အီရတ် လက်နက်ကိုင် အဖွဲ့အစည်း တစ်ခုခုက သူ့ကို ဖမ်းဆီးသွားတယ်လို့ ယူဆရပါတယ်။
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ ပြန်ပေးဆွဲခံရတဲ့ အမေရိကန်နိုင်ငံသား လွတ်မြောက်ရေးကိစ္စအတွက် အစွမ်းကုန် ကြိုးစား လုပ်ဆောင်နေကြောင်း ပြောပါတယ်။
အီရန်မဟာမိတ် ခါတစ်ဘ် ဟက်ဇ်ဘာလား အဖွဲ့နဲ့ ဆက်နွှယ်ပြီး ကစ်တယ်လ်ဆန်ကို ပြန်ပေးဆွဲမှုမှာ ပူးပေါင်းပါဝင်ခဲ့တယ်လို့ ယူဆရသူ တစ်ဦးကို အီရတ် အာဏာပိုင်တွေက ဖမ်းဆီး စစ်ဆေးနေတယ်လို့လည်း နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ကမ္ဘာ့ရေးရာ ဌာနကြီးမှူး ဒိုင်လန် ဂျွန်ဆန်က လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားထားခဲ့ပါတယ်။

Public Service Announcement
မှုခင်းဖြစ်စဉ်မှာ အသုံးပြုခဲ့တဲ့ ယာဉ်တစ်စီးကို အီရတ် လုံခြုံရေး တပ်ဖွဲ့ဝင်တွေက တားဆီးနိုင်ခဲ့ကြောင်း၊ ပြီးတော့ ကျူးလွန်သူတွေထဲမှာ ပါဝင်တယ်လို့ သံသယရှိသူ တစ်ဦးကို ဖမ်းမိထားကြောင်း အီရတ် ပြည်ထဲရေး ဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။
ကစ်တယ်လ်ဆန် ပြန်ပေးဆွဲ ခံရတဲ့ အကြောင်းကို သူက ဆောင်းပါးတွေ ပေးပို့လေ့ရှိတဲ့ Al-Monitor အပါအဝင် ဒေသတွင်း သတင်းဌာနတွေက စတင်ဖော်ပြခဲ့ပါတယ်။ ကစ်တယ်လ်ဆန်ရဲ့ လုံခြုံရေးအတွက် အထူးစိုးရိမ်ကြောင်းနဲ့ အမြန်ဆုံး ပြန်လည်လွတ်မြောက်ရေးအတွက် တောင်းဆိုကြောင်းလည်း Al-Monitorက ထုတ်ပြန်ထားပါတယ်။
ပုံမှန်ဆိုရင် ကစ်တယ်လ်ဆန်ဟာ အီတလီနိုင်ငံ၊ ရောမမြို့မှာ အခြေချ နေထိုင်သူ တစ်ဦးလို့လည်း အပြည်ပြည်ဆိုင်ရာ အမျိုးသမီး မီဒီယာ ဖောင်ဒေးရှင်းက ဆိုပါတယ်။
ရဲတွေက ကစ်တယ်လ်ဆန်ဟာ လူ ၄ ဦးက ဝိုင်းဖမ်းပြီး ကားတစ်စီးဆီကို အတင်းဆွဲခေါ်သွားတာ ခံခဲ့ရကြောင်း ပြောပါတယ်။ လောလောဆယ်မှာတော့ အာဏာပိုင်တွေဟာ ပြန်ပေးသမားတွေရဲ့ ယာဉ်က ဦးတည်မောင်းနှင်သွားတဲ့ မြို့တော် အရှေ့ပိုင်း ဧရိယာတွေမှာ အဓိကထား ရှာဖွေမှုတွေ လုပ်နေပါတယ်။
ဘဂ္ဂဒက်ဟာ အရင်က ပြန်ပေးမှု၊ ပြန်ပေးဆွဲဖို့ ကြံစည်မှုတွေကြောင့် နာမည်ဆိုး ထွက်ခဲ့ဖူးပေမယ့် ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း လုံခြုံရေး အခြေအနေက သိသိသာသာ တိုးတက် ကောင်းမွန်လာခဲ့ပါတယ်။
၂၀၂၃ ခုနှစ်တုန်းက အစ္စရေး-ရုရှား အမျိုးသမီး အဲလိဇဘက်သ် ဆာကော့ဖ်ဟာ ဘဂ္ဂဒက်မှာ ပြန်ပေးဆွဲ ခံခဲ့ရပြီး ၂ နှစ်အကြာ ၂၀၂၅ ခုနှစ်မှ ပြန်လည် လွတ်မြောက်လာခဲ့ပါတယ်။
အီရတ်ဟာ အမေရိကန်နဲ့ရော၊ အီရန်နဲ့ပါ မဟာမိတ် ဆက်ဆံရေးမျိုးကို ထိန်းသိမ်းထားပြီး ပြည်တွင်းမှာ အီရန်ကို လိုလားထောက်ခံတဲ့ တပ်ဖွဲ့တွေလည်း လှုပ်ရှားနေပါတယ်။ အီရန်နဲ့ အမေရိကန် စစ်ပွဲစတင်လာတဲ့နောက် အမေရိကန် အစိုးရက အီရတ်နိုင်ငံ ပိုင်နက်ထဲမှာ ရှိနေတဲ့ အမေရိကန် နိုင်ငံသားတွေ အနေနဲ့ လုံခြုံရေးအသိ နိုးနိုးကြားကြား ရှိကြဖို့ သတိပေးထားခဲ့ပါတယ်။
ကိုးကား: Guardian


















































