အင်အားသုံးတဲ့ နည်းမျိုးနဲ့ ဟောမုဇ် ရေလက်ကြားကို ပြန်ဖွင့်စေတဲ့ နည်းလမ်းမျိုးက လက်တွေ့ အလုပ်မဖြစ်နိုင်ဘူးလို့ ပြင်သစ် သမ္မတ အီမန်နျူရယ်လ် မာခရွန်က ပြောကြားခဲ့ပါတယ်။
အီရန် ပိတ်ဆို့ထားတဲ့ ရေလက်ကြားကို ပြန်ဖွင့်ဖို့ အမေရိကန် မဟာမိတ် နိုင်ငံတွေကလည်း စစ်ဆင်ရေးတွေ လုပ်ဆောင်သင့်ပြီလို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့တဲ့အပေါ် ဧပြီ ၂ ရက်နေ့မှာ မာခရွန်က အခုလို တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။
အီရန်ဟာ အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ စစ်ပြုတိုက်ခိုက်မှုကို ခံခဲ့ရတဲ့နောက် လွန်ခဲ့တဲ့ တစ်လကျော် ကတည်းက နိုင်ငံတောင်ပိုင်း ကမ်းလွန်မှာရှိတဲ့ ဟောမုဇ် ရေလက်ကြားကို ပိတ်ချထားခဲ့တာပါ။ ဟောမုဇ်ဟာ နိုင်ငံတကာ ရေနံတင်ပို့မှုတွေမှာ အရေးအကြီးဆုံး ရေလမ်းကြောင်း တစ်ခုလည်း ဖြစ်ပါတယ်။
မာခရွန်ကတော့ ပြင်သစ်ဟာ အဲဒီရေလက်ကြား ပြန်ဖွင့်ဖို့အတွက် အီရန်ကို စစ်ရေးအရ ဖိအားပေးဖို့ လုံးဝ စဉ်းစားမထားကြောင်း ဆိုပါတယ်။ တချို့တွေက ဟောမုဇ် ရေလက်ကြားကို စစ်အင်အားသုံးပြီး ပြန်ဖွင့်သင့်တယ်ဆိုတဲ့ အတွေးအခေါ်မျိုးကို ကာကွယ် ထောက်ခံနေကြကြောင်း၊ အဲဒီ သဘောထားကို အမေရိကန်ကလည်း ပြသဖူးပေမယ့် အပြောင်းအလဲတွေလည်း ရှိခဲ့ကြောင်း မာခရွန်က တောင်ကိုရီးယား ခရီးစဉ်မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

Public Service Announcement
ပြင်သစ်ကတော့ ဒီနည်းလမ်းကို ဘယ်တော့မှ ရွေးမှာ မဟုတ်ကြောင်း၊ ဘာကြောင့်လဲဆိုတော့ လက်တွေ့မကျတာကြောင့် ဖြစ်ကြောင်း၊ စစ်ရေးအရ ဖိအားပေးတဲ့ နည်းလမ်းဟာ ထာဝရ ကြာမြင့်သွားနိုင်သလို ရေလက်ကြားကို ဖြတ်သန်းသမျှ ဘယ်သူမဆို အီရန် အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် (IRGC)နဲ့ သူတို့ရဲ့ ပဲ့ထိန်းဒုံးကျည်တွေရဲ့ ပစ်မှတ်ထားခြင်းကို ခံရဖို့ ကျိန်းသေကြောင်း မာခရွန်က ထောက်ပြသွားပါတယ်။
မာခရွန်ဟာ လက်ရှိ အီရန်စစ်ပွဲ ပြီးဆုံးသွားတဲ့အခါ ဟောမုဇ်ရေလက်ကြား လုံခြုံရေးအတွက် ပြင်သစ်နဲ့ တခြား မဟာမိတ် နိုင်ငံတွေ ပူးပေါင်းထားတဲ့ တပ်ပေါင်းစုတစ်ခု ဖွဲ့စည်းဖို့လည်း ဆွေးနွေးနေပါတယ်။ ဒါပေမဲ့ အဲဒီကိစ္စမှာ အီရန်နဲ့လည်း မဖြစ်မနေ စကားပြောဖို့ လိုလိမ့်မယ်လို့ သူက ဆိုပါတယ်။
ဟောမုဇ်ကို ပြန်ဖွင့်နိုင်ဖို့ မဟာမိတ်တွေက စစ်ရေး အကူအညီ မပေးတဲ့အပေါ် ထရမ့်က စကားနာ ထိုးခဲ့တာတွေနဲ့ ပတ်သက်ပြီး သတင်းထောက်တွေက မေးမြန်းတဲ့အခါ မာခရွန်က အမေရိကန်က အစ္စရေးနဲ့ ပူးပေါင်းပြီး သူ့သဘောနဲ့သူ ဆုံးဖြတ် ရွေးချယ်ခဲ့တဲ့ စစ်ဆင်ရေးအကြောင်း သူမှတ်ချက် မပေးလိုကြောင်း၊ အမေရိကန် အနေနဲ့ သူတို့တွေ အကူအညီ မရပါဘူးဆိုပြီး ဝမ်းနည်းပြနေခွင့်လည်း ရှိကြောင်း၊ ဒါပေမဲ့ ဒီစစ်ပွဲဟာ ပြင်သစ်ရဲ့ စစ်ဆင်ရေး မဟုတ်ခဲ့သလို ပြင်သစ်အနေနဲ့ ငြိမ်းချမ်းရေးကိုပဲ အမြန်ဆုံး လိုလားကြောင်း ပြောကြားသွားပါတယ်။
ဒီကိစ္စ တစ်ခုလုံးဟာ ဖျော်ဖြေရေး ရှိုးတစ်ခု မဟုတ်ကြောင်း၊ စစ်နဲ့ ငြိမ်းချမ်းရေးအကြောင်း ပြောဆိုနေတာ ဖြစ်ကြောင်း၊ ကိစ္စတိုင်းအပေါ် အလေးအနက် သဘောထားဖို့ လိုကြောင်း၊ ဒီနေ့ ပြောတဲ့စကားနဲ့ ဆန့်ကျင်ဖက်ကို နောက်နေ့မှာ ထပ်ပြောတာမျိုး လုပ်လို့မရကြောင်း မာခရွန်က ဆိုပါတယ်။ အဲဒီစကားဟာ ထရမ့်က စကားတွေ အမျိုးမျိုး လှည့်ပတ်ပြောဆိုနေတာကို ရည်ရွယ်သလား ဆိုတာကိုတော့ မာခရွန်က တိတိကျကျ မှတ်ချက်ပေးမသွားခဲ့ပါဘူး။
ထရမ့်က သူနဲ့ ဇနီးဖြစ်သူကို လှောင်ပြောင်သလို စကားတွေ ပြောခဲ့တာနဲ့ ပတ်သက်ပြီးလည်း မာခရွန်က အဲဒီစကားမျိုးတွေဟာ ရည်ရည်မွန်မွန် မျှမျှတတ ဘာတစ်ခုမှ မရှိဘူးလို့ တုံ့ပြန်သွားပါတယ်။
ကိုးကား: Reuters
ဓာတ်ပုံ – Reuters


















































