Connect with us

Hi, what are you looking for?

သတင်း

NATO က စက္ကူကျား ဖြစ်နေပြီလို့ ထရမ့်ဝေဖန်

မဟာမိတ် NATO အဖွဲ့ဟာ အစွမ်းအစ မရှိတဲ့ စက္ကူကျား ဖြစ်လာနေပြီလို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ဝေဖန် ပုတ်ခတ်သွားခဲ့ပါတယ်။

မဟာမိတ် NATO အဖွဲ့ဟာ အစွမ်းအစ မရှိတဲ့ စက္ကူကျား ဖြစ်လာနေပြီလို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ဝေဖန် ပုတ်ခတ်သွားခဲ့ပါတယ်။

NATO အတွင်းရေးမှူးချုပ် မတ်ခ်ရူတေးရဲ့ ဝါရှင်တန်ဒီစီ ခရီးစဉ် မတိုင်ခင် ဧပြီ ၆ ရက်နေ့မှာ ထရမ့်က အီရန်စစ်ပွဲအတွင်း အမေရိကန်ကို ကူညီဖို့ ငြင်းဆန်ခဲ့တဲ့ NATOကို အခုလို ဝေဖန်ထိုးနှက်ခဲ့တာ ဖြစ်ပါတယ်။

NATOကတော့ အစ္စရေးနဲ့ ပူးပေါင်းပြီး အီရန်ကို တိုက်ခိုက်ခဲ့တဲ့ အမေရိကန်ရဲ့ ရွေးချယ်မှုမှာ NATOကို တိုင်ပင်ခဲ့တာ မရှိသလို အမေရိကန်က ကျူးကျော်ခံရတာ မဟုတ်တဲ့အတွက် NATOက စစ်ပွဲထဲ ကျိန်းသေပေါက် ဝင်ပါဖို့ တာဝန်မရှိကြောင်း ပြောပါတယ်။

အစောပိုင်းတုန်းကလည်း ထရမ့်ကNATO အဖွဲ့ဝင် ဒိန်းမတ်နိုင်ငံရဲ့ ပိုင်နက်ဖြစ်တဲ့ ဂရင်းလန်ကျွန်းကို သိမ်းယူလိုကြောင်း အတိအလင်း ထုတ်ပြောခဲ့တာကြောင့် အမေရိကန်ရဲ့ အစဉ်အလာ မဟာမိတ် ဥရောပ နိုင်ငံတွေနဲ့ တင်းမာမှုတချို့ ရှိခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

စစ်ပွဲနဲ့ပတ်သက်ပြီး အကူအညီ ပေးနိုင်မလားလို့ အမေရိကန်က NATOကို မေးခဲ့ဖူးကြောင်း၊ အရမ်း အသည်းအသန် တောင်းဆိုခဲ့တာ မဟုတ်ဘဲ NATOကသာ ကူညီနိုင်မယ် ဆိုရင်တော့ အဆင်ပြေလိမ့်မယ်လို့ပဲ သူက ပြောခဲ့ကြောင်း ထရမ့်က ဆိုပါတယ်။ အဲဒီအခါ NATOက အကူအညီ မပေးနိုင်ဘူးဆိုပြီး တူးတူးခါးခါး ငြင်းဆိုခဲ့ကြောင်း ထရမ့်က ဆက်ပြောပါတယ်။ ဒါပေမဲ့ အဲဒီတုန်းက သူဟာ ဘယ်သူနဲ့ စကားပြောခဲ့တာလဲ ဆိုတာကိုတော့ ထရမ့်က ထုတ်ပြောမသွားပါဘူး။

အမေရိကန်အတွက် အကူအညီ လိုအပ်နေတဲ့ အချိန်တစ်ခုမှာ NATO အဖွဲ့ဝင် နိုင်ငံတွေဟာ အသီးသီး ခေါင်းရှောင်ကုန်ကြကြောင်းလည်း ထရမ့်က ဆိုပါတယ်။ အခုဆိုရင် NATO ဆိုတာက စက္ကူကျားအဆင့် ဖြစ်လာပြီး ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကလည်း လုံးဝ ကြောက်ရွံ့တောမှာ မဟုတ်ဘူးလို့ သူက ဝေဖန်သွားပါတယ်။

ထရမ့်ကို ထူးချွန်တဲ့ ပုဂ္ဂိုလ်တစ်ဦးလို့ လူသိရှင်ကြား ချီးကျူးခဲ့ဖူးသူ ရူတေးဟာ အခုသီတင်းပတ်မှာ အမေရိကန်ကို လာရောက်ပြီး ထရမ့်၊ နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီရို၊ ကာကွယ်ရေး ဝန်ကြီး ပိထ်ဟက်ဂ်ဆက်သ်တို့နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။

NATOနဲ့ ပတ်သက်ပြီး မကျေမနပ် ဖြစ်နေသလားလို့ သတင်းထောက်တွေက မေးတဲ့အခါ ထရမ့်က ဂရင်းလန် ကိစ္စကို ပြန်ပြီး အစဖော်ခဲ့ပါတယ်။ ဂရင်းလန် ကိစ္စကို အမှန်အတိုင်း သိချင်ရင်တော့ သူပြောနိုင်ကြောင်း၊ အမေရိကန်က ဂရင်းလန်ကို လိုချင်ကြောင်း၊ ဒါပေမဲ့ NATOက ဒါကို မလိုက်လျောချင်ကြောင်း၊ ဒီတော့ သူလည်း လက်ပြ နှုတ်ဆက်ခဲ့ကြောင်း ထရမ့်က ပြောကြားသွားပါတယ်။

ထရမ့်က NATO အဖွဲ့ဝင် မဟုတ်တဲ့ အမေရိကန် မဟာမိတ်တွေဖြစ်တဲ့ တောင်ကိုရီးယား၊ ဩစတြေးလျ၊ ဂျပန်တို့ကိုလည်း အီရန်စစ်ပွဲထဲ ဝင်မပါခဲ့တဲ့အတွက် ဝေဖန်သွားခဲ့ပါတယ်။ တစ်ဖက်မှာတော့ ဆော်ဒီအာရေးဘီးယား၊ ကူဝိတ်၊ ဘာရိန်း၊ ကာတာနဲ့ အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) နိုင်ငံတွေက စစ်ပွဲမှာ ပါဝင်ကူညီခဲ့တဲ့အတွက် ထရမ့်က ချီးကျူးသွားခဲ့ပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဗြိတိန် ဝန်ကြီးချုပ် ဆာကီရာ စတာမာ မကြာခင် ရာထူးက နုတ်ထွက်လိမ့်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က လူမှုကွန်ရက်ပေါ်မှာ ရေးသားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ စီးတော် လေယာဉ် (Air Force One) အသစ်ကို သမ္မတ ဒေါ်နယ်လ်ထရမ့် ကိုယ်တိုင် မိတ်ဆက် ပြသခဲ့ပါတယ်။

နိုင်ငံတကာ

သူနဲ့အတူတူ ဓာတ်ပုံရိုက်ဖို့ အီတလီ ဝန်ကြီးချုပ်က ခခယယ တောင်းဆိုခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ စကားကို ကာယကံရှင်က ပြင်းပြင်းထန်ထန် တုံ့ပြန် ငြင်းဆိုခဲ့ပါတယ်။

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။