ဧပြီ ၂၁၊ ၂၀၂၆။ ဇေအောင်/People’s Spring
စစ်ကောင်စီရဲ့ အလင်းဝင်ဖို့ဖိတ်ခေါ်မှုကိုယုံကြည်ပြီးသွားတဲ့ တော်လှန်ရေးရဲဘော်တွေ လှည့်ဖြားဖမ်းဆီးခံနေရပြီး လက်တလောမှာ ပခုက္ကူအကျဉ်းထောင်အတွင်းမှာ အကျဥ်းချခံထားရတယ်လို့ Southern YSO PDF အဖွဲ့ တာဝန်ခံ ကိုအောင်မောင်းက ပြောပါတယ်။
စစ်ကောင်စီရဲ့ ဖိတ်ခေါ်မှုနဲ့ အညံ့ခံသွားကြတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF)အဖွဲ့ဝင်တွေနဲ့ လူငယ်အများအပြားဟာ လှည့်ဖြားဖမ်းဆီးခြင်းခံရပြီးနောက် ပခုက္ကူအကျဉ်းထောင်အတွင်း ပို့ဆောင်ခံထားရကြောင်း ထောင်မှ ပြန်လည်လွတ်မြောက်လာသူတစ်ဦးရဲ့ ပြောပြချက်ကိုကိုးကားပြီး Southern YSO PDF အဖွဲ့ တာဝန်ခံ ကိုအောင်မောင်းက ပြောပါတယ်။
စစ်ကောင်စီဟာ အညံ့ခံလာသူတွေကို တောင်ကြီးနဲ့ မန္တလေးမြို့ကြီးတွေမှာ ကြိုဆိုဧည့်ခံပွဲတွေ ပြုလုပ်ပေးကာ နေအိမ်မှာ ခေတ္တပြန်နေခွင့်ပြုခဲ့ပေမဲ့ စောင့်ကြည့်မှုတွေ ပြုလုပ်ခဲ့ကြောင်း၊ အဲဒီနောက် အချိန်တိုအတွင်း ပြန်လည်ဖမ်းဆီးကာ ထောင်ပို့ဆောင်ခဲ့တာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။

Public Service Announcement
“တဒင်္ဂမှာ ငရဲပန်းကို ရွှေပန်းထင်နေသော ဆေးကြောင် PDFများ သိစေဖို့ ပခုက္ကူအကျဉ်းထောင်မှာ မင်းတို့လို PDF ကြောင်များ ထောင်တွင်း အကျဉ်းချခံနေရပါကြောင်း နိုးဆော်အပ်ပါသည်။”လို့ Southern YSO PDF တာဝန်ခံ ကိုအောင်မောင်းက ဆိုပါတယ်။
ဒါ့အပြင် ပခုက္ကူခရိုင်က PDFတွေနဲ့ ဆက်နွယ်မှုရှိတယ်လို့ စွပ်စွဲခံထားရတဲ့သူတွေလည်း ဖမ်းဆီးခံထားရကြောင်း သိရပါတယ်။
“ရန်သူဟာ ရန်သူပါပဲ။ စစ်အာဏာရှင်ကို သွားယုံကြည်ကြတာဟာ ကလေးတွေ မီးနဲ့သွားကစားမိကြသလိုပါပဲ။ အန္တရာယ်သိပ်ကြီးပါတယ်။ PDFနဲ့ ပကဖ ရဲဘော်တွေအနေနဲ့ တပ်မှာဘယ်လိုမှ အဆင်မပြေတော့ရင် ခွေးတပ်ဘက်ကိုအမှောင်ဝင်မယ့်အစား အထက်အဆင့်ဆင့်ကို တင်ပြပြီး နားခွင့်ရအောင် ကြိုးစားသင့်ပါတယ်လို့ အကြံပြုလိုပါတယ်။”လို့ မုံရွာခရိုင်အခြေစိုက် ပကဖရဲဘော်တစ်ဦးက အကြံပြုပါတယ်။
လက်ရှိ ပခုက္ကူအကျဉ်းထောင်အတွင်း အသက်(၁၇)နှစ်မှ (၇၀)ကျော်အထိ အကျဉ်းသားပေါင်း ၇၀၀ ခန့် ရှိနေပြီး အများစုမှာ မတရားစွပ်စွဲခံထားရတဲ့ ပြည်သူတွေဖြစ်ကြောင်း၊ ၎င်းတို့အနက် မိသားစုလိုက် ဖမ်းဆီးခံရသူတွေ၊ မတရားပုဒ်မတွေနဲ့ ထောင်ဒဏ် ၁၀ နှစ်မှ ၅၀ နှစ်အထိ ချမှတ်ခံထားရသူတွေ ရှိနေကြောင်း၊ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေလည်း ထောင်ဒဏ် နှစ် ၄၀ ကျော် ချမှတ်ခံရပြီး ထောင်တွင်းမှာပဲ ကလေးမွေးဖွားထားရကြောင်း Southern YSO PDF အဖွဲ့က အသိပေးပါတယ်။
ဒါ့အပြင် CDM ဝန်ထမ်းတွေ ခရီးသွားစဉ် မှတ်ပုံတင်စစ်ဆေးခံရရာမှ ၅ နှစ်အထက် ထောင်ဒဏ်တွေ ချမှတ်ခံထားရတာတွေလည်း ရှိနေကြောင်း သိရပါတယ်။ တော်လှန်ရေးလူငယ်တွေအနေနဲ့ စစ်ကောင်စီရဲ့ လှည့်ဖြားမှုအောက်ကို သတိပြုဖို့ Southern YSO PDF အဖွဲ့က အသိပေးထားပါတယ်။

















































