ဧပြီ-၂၆၊ ၂၀၂၆။ ထားမြတ်/People’s Spring
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ် နမ္မတီးမြို့ပေါ် စစ်ရှောင်စခန်းတွေမှာ လေပြင်းကြောင့် စစ်ရှောင်နေအိမ်အများအပြား ပျက်စီးခဲ့ရပြီး အရေးပေါ် အကူအညီတွေလိုအပ်နေကြောင်း စစ်ရှောင်စခန်း ဦးဆောင်တာဝန်ခံ တစ်ဦးက ပြောပါတယ်။
” လေပြင်းဒဏ်ကြောင့် Campတွေကတော့ တော်တော်များများ အားလုံးနီးပါးကိုထိခိုက်သွားပါတယ်” လို့ စစ်ရှောင်စခန်းတာဝန်ခံ တစ်ဦးက ပြောပါတယ်။
စစ်ရှောင်တွေဟာ ကချင်ဒေသစစ်ရေးအခြေအနေတွေအရ ၂၀၂၅ မတ်လမှာ မြို့ပေါ်ကို စစ်ရှောင်လာကြရတာလို့ ဆိုပါတယ်။ ၀အောင် စစ်ရှောင်စခန်း၊ နမ္မတသကြားစက်၊ စိန်ထရေဇာ၊ RC Campတို့ အပါအဝင် စခန်း ၇ခုရှိတယ်လို့ သိရပါတယ်။

Public Service Announcement
ဧပြီ ၂၅ရက်ညပိုင်းက လေပြင်းနဲ့အတူ မိုးရွာသွန်းလို့ စစ်ရှောင်နေအိမ်တွေပျက်စီးခဲ့ရပြီး စစ်ရှောင်တွေ မိုးရေထဲ အခက်အခဲများ ကြုံခဲ့ရတာလို့ ဆိုပါတယ်။
လက်ရှိမြို့ပေါ်မှာ စစ်ရှောင်စခန်း ၇ခု အိမ်ခြေ တစ်ထောင်နီးပါးရှိတယ်လို့ နမ္မတီးမြို့ပေါ်စစ်ရှောင်စခန်း ဦးဆောင်တာဝန်ခံက ပြောပါတယ်။
” အခုအချိန်မှာလိုအပ်နေတာ ဝါး စတာတို့ မိုးကာတို့ဖြစ်ပါတယ်။ ရာသီဥတု အခြေအနေက ပြန်ဆိုး ကုန်စျေးနှုန်းတွေက တက်ဆိုတော့ ကျနော်တို့ အတော်လေး ဒုက္ခရောက်နေပါတယ်။ မနေ့ညကဆို ညအိပ်ဖို့ အိပ်ယာတွေတောင် မရှိတဲ့အထိ ပြန်ဒုက္ခရောက်သွားပါတယ်။ သတင်းစကား ပါးချင်တာက ပြည်သူတွေ အမျိုးမျိုးကြောင့် ဒုက္ခရောက်နေကြချိန်မှာ တထောင့်တနေရာကနေပါဝင်ကူညီ ဖေးမကြဖို့ တောင်းဆိုချင်ပါတယ်”လို့ စစ်ရှောင်စခန်းတာဝန်ရှိသူက ပြောပါတယ်။
လေပြင်းကြောင့် စစ်ရှောင်စခန်းပျက်စီးမှုမှတ်တမ်းတွေ၊ အမိုးအကာတွေလန်ပြီး စစ်ရှောင်တွေ မိုးရေထဲ အခက်အခဲဖြစ်နေရတဲ့ ရုပ်သံမှတ်တမ်းတွေလည်း စစ်ရှောင်စခန်းတာဝန်ရှိသူတွေက အသိပေးဖော်ပြထားပါတယ်။
ရုပ်သံ – Lamai Brang Di


















































