မေ-၁၊၂၀၂၆။ဒလပန်း/People’s Spring
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်က ဝင်းတာပန်စခန်းသိမ်းတိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှုများနေတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
” အခြေအနေကတော့ တိုက်ပွဲပြင်းထန်ပြီး နှစ်ဘက် အကျအဆုံးများတယ်လို့ပဲ အကြမ်းဖျင်းပဲ ပြောလို့ရပါမယ် “လို့ နည်းဗျူဟာ (၂၇) ၊ P2-7801 တပ်ရင်းက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ဧပြီ ၁၂ရက်က ဘီးလင်းမြို့နယ်၊ လေးကေကျေးရွာမှာ အခြေချထားတဲ့ လေးကေတပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA ၊PDF နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက သိမ်းပိုက်နိုင်ခဲ့ပါတယ် ။အဲဒီနောက် ဝင်းတာပန်စခန်းကို သိမ်းပိုက်နိုင်ဖို့ ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေကြတာလည်းဖြစ်ပါတယ်။

Public Service Announcement
စစ်တပ်က မြေပြင်ကနေလည်း ဝင်းတာပန်စခန်းကို အင်အားဖြည့်တင်းဖို့ စစ်ကူတွေစေလွှတ်နေတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။
အဲ့ဒီစစ်ကူလာတဲ့ စစ်ကြောင်းတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက ပိတ်ဆို့ တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ နည်းဗျူဟာ (၂၇) ၊ P2-7801 တပ်ရင်းက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“စကစဘက်ကလည်း စစ်ကူတွေ ထပ်ဖြည့်ပြီး ဝင်းတာပန်စခန်းရော စစ်ကူလာတဲ့ စစ်ကြောင်းတွေနဲ့ပါ တိုက်ပွဲ ပြင်းထန်နေပါတယ် “လို့ ပြောပါတယ်။
စစ်တပ်က ဝန်းတာပန်စခန်းမကျရေး မြေပြင်အင်အားဖြည့်တင်းတာတွေအပြင် လေကြောင်းကနေ ပါအပြင်းအထန် ခုခံနေတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
လေကြောင်းတိုက်ခိုက်ရာမှာ စစ်တပ်က တိုက်ပွဲနဲ့ မသက်ဆိုင်တဲ့ အရပ်သား ပြည်သူနေထိုင်ရာနေရာတွေကိုပါ တိုက်ခိုက်မှု အကြိမ်ပေါင်းများစွာ ပြုလုပ်နေတာ ဖြစ်ပါတယ်။
စစ်တပ်က ဧပြီ ၂၃ရက်ညမှာ ဝင်းတာပန်ရွာ နဲ့ ဝင်းတာပန်အထက်ရွာတွေကို Y12 လေယာဉ်နဲ့ ၁၀ကြိမ် ကြဲခဲ့ပါတယ်။
ဧပြီ ဒုတိယပတ်နဲ့ တတိယပတ်အတွင်းမှာလည်း ဘီးလင်းမြို့နယ်ထဲက ဝင်းတာပန်၊ ဝင်းတာပန်အထက်ရွာ၊ ကျောက်ဖျာရွာတွေကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့လို့ ဘုန်းကြီးကျောင်းနဲ့ ဆီဆိုင်တွေ၊ ပြည်သူလူထုနေအိမ်တွေအများအပြား ပျက်စီးခဲ့ရပါတယ်။
















































