မေ – ၄ ၊၂၀၂၆ ၊ ဆိုင်းမင်း/People’s Spring
ကချင်ပြည်နယ်ကမြို့နယ်လေးခုမှာနှစ်လတာအတွင်းစစ်ရေးပဋိပက္ခတွေကြောင့်အရပ်သားအနည်းဆုံး ၃၀ ဦး သေဆုံးခဲ့ပြီး ၄၂ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ကချင်လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (KHRW)ကမေလ ၂ ရက်မှာ အစီရင်ခံစာထုတ်ပြန်ပါတယ်။
အရပ်သားတွေသေဆုံးမှုနဲ့ ဖမ်းဆီးခံရမှုတွေဟာပြီးခဲ့တဲ့မတ်လနဲ့ ဧပြီလအတွင်းဖားကန့် ၊ မြစ်ကြီးနား၊ဗန်းမော် နဲ့ မိုးညှင်းမြို့နယ်တွေမှာဖြစ်ပွားခဲ့တာလို့ KHRW က ဆိုပါတယ်။
အရပ်သားထိခိုက်သေဆုံးမှုတွေဟာအာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှု ၊ လက်နက်ကြီးပစ်ခတ်မှု ၊ အမည်မသိ လက်နက်ကိုင်အဖွဲ့တွေရဲ့ပစ်ခတ်မှုတွေကြောင့်ဖြစ်တယ်လို့ အစီရင်ခံစာမှာ ထည့်ရေးထားပါတယ်။

Public Service Announcement
နှစ်လတာအတွင်း အရပ်သား သေဆုံးမှုအများဆုံးက ဖားကန့် က ဖြစ်ပြီး ၁၅ဦး ထိရှိကာ ၊ ဗန်းမော်က ၁၂ ဦး ၊ မိုးညှင်းမှာ နှစ်ဦး နဲ့ မြစ်ကြီးနားက တစ်ဦးဖြစ်တယ်လို့ အစီရင်ခံစာအရသိရပါတယ်။
အရပ်သားသေဆုံးမှုအများဆုံးရှိနေတဲ့ဖားကန့်ဟာအာဏာသိမ်းစစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တို့ကြား တိုက်ပွဲပြင်းထန်နေတဲ့နယ်မြေလည်းဖြစ်ပါတယ်။
ဒါအပြင်နှစ်လတာအတွင်းစစ်တပ်ရဲ့ဖမ်းဆီးမှုကိုခံရသူ ၄၂ ဦးရှိရာမှာ ဖားကန့်က ၃၅ ဦးနဲ့ မြစ်ကြီးနားကခုနှစ်ဦး ဖြစ်တယ်လို့ KHRW ရဲ့ စာအရင်းအရသိရပါတယ်။
ဖားကန့်မှာပြီးခဲ့တဲ့ ဧပြီလအတွင်း ဆရာဝန် တစ်ဦးအပါအဝင် အရပ်သား ၃၄ ဦး ကို စစ်တပ်က အစုလိုက်အပြုံလိုက်ဖမ်းဆီးခဲ့တာဖြစ် ပြီး မေလ ၂ ရက်အထိ ပြန်လွှတ်ပေးတာမရှိတာပါ။
စစ်ရေးပဋိပက္ခတွေနဲ့ လက်နက်ကိုင် အကြမ်းဖက်ဖြစ်စဉ်တွေကြောင့် ဒေသခံပြည်သူတွေ ကြောက်ရွံ့စိုးရိမ်မှုတွေအောက်မှု မှာ နေထိုင်နေရပြီး အခြေခံ လူ့အခွင့်အရေးတွေ ချိုးဖောက်ခံနေရတယ်လို့ KHRW က အသိပေးပေးထားပါတယ်။

















































