မေ-၈၊၂၀၂၆။ဇော်ရမ်း/People’s Spring
တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ စစ်ရေးပစ်မှတ်မဟုတ်တဲ့နေရာတွေကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားလို့ အရပ်သားထိခိုက်သေဆုံးမှုတွေရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။
ဖားကန့်ဒေသ၊ လုံးခင်းကျေးရွာအုပ်စု၊ မလောင်ကျေးရွာက ကျောက်စိမ်းကုမ္ပဏီလုပ်ကွက်တစ်ခုထဲကို ဒီနေ့ မေလ ၈ရက် မနက် ၁၀နာရီ ၁၀မိနစ်နဲ့ ၁၀နာရီ၁၈မိနစ်ခန့်မှာ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲသွားပြီး နေ့လယ် ၁၂နာရီ ၁၂မိနစ်ခန့်မှာ လုံးခင်းဂေါက်ကွင်းလမ်း၊ ကုဋေလမ်းဆုံအနီးကို ဗုံးထပ်ကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
” တိုက်ပွဲက မှော်စီဆာ၊ လုံးခင်းနဲ့ ကုဋေရွာဘက်မှာဖြစ်နေတာ။ ဗုံးကြဲသွားတာက တိုက်ပွဲနဲ့မဆိုင်တဲ့နေရာ။ အဲဒီထဲမှာအရပ်သားတွေ ထိကုန်တယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement
ဖားကန့်မှာ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ် လေကြောင်းကဗုံးကြဲနေ မေ-၈၊၂၀၂၆။ဇော်ရမ်း/People's Spring…
Posted by People's Spring on Friday 8 May 2026
ဒါ့အပြင် နေ့လယ်ပိုင်းလေကြောင်းတိုက်ခိုက်မှုမှာ စက်သုံးဆီဆိုင်နဲ့ နေအိမ်တွေကိုထိမှန်သွားပြီး မီးလောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်တပ်စစ်ကြောင်းတွေကြောင့် လူမှုကယ်ရေးအဖွဲ့တွေလည်း လုပ်ငန်းယာယီရပ်နားထားလို့ မီးငြှိမ်းသတ်ဖို့အခက်အခဲတွေရှိနေတယ်လို့ သိရပါတယ်။
ဟုမ္မလလင်းလေတပ်ကနေတက်လာတဲ့ ဂျက်ဖိုက်တာနဲ့ ဖားကန့်ဒေသကို ဗုံးကြဲသွားတာလို့ လေကြောင်းအန္တရာယ်စောင့်ကြည့်နေသူတွေက ပြောပါတယ်။
ဖားကန့်ဒေသမှာ ဧပြီ၂ရက်ကစပြီး စစ်ရေးတင်းမာနေတာကနေ လုံးခင်းကျေးရွာအုပ်စုအတွင်း စစ်တပ် တပ်စွဲထားတဲ့နေရာတွေကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊KPDFက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
စစ်တပ်ကလည်း လက်နက်ကြီး၊ဒရုန်းတွေသုံးပြီး တိုက်ခိုက်ခဲ့ပါတယ်။
မေလ ၄ရက် မနက်ပိုင်းမှာ KIA၊KPDFက တကျော့ပြန်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး ဒီနေ့ဆို မြေပြင်တိုက်ပွဲ ၅ရက်မြောက်ဖြစ်ပါတယ်။
တိုက်ပွဲအတွင်း စစ်တပ်ပစ်တဲ့ လက်နက်ကြီးတွေဟာ လူနေရပ်ကွက်ထဲကျရောက်ပေါက်ကွဲလို့ အရပ်သားထိခိုက်သေဆုံးမှုတွေရှိခဲ့ပါတယ်။ မေလ ၆ရက်ကလည်း လုံးခင်းကျေးရွာအုပ်စု၊ ရပ်ကွက်(၄)ထဲကို စစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်လို့ အရပ်သားနှစ်ဦးဒဏ်ရာရခဲ့ပါတယ်။
ယမန်နေ့ မေလ၇ရက်ကလည်း လုံးခင်းကျေးရွာအုပ်စုထဲမှာ မိုင်းပေါက်ကွဲပြီး ကလေးငယ်တစ်ဦးသေဆုံးခဲ့ပါတယ်။
ဖားကန့်ဒေသကို စစ်တပ်က လေကြောင်းတိုက်ခိုက်တာမှာ ဟုမ္မလင်းလေဆိပ်ကို အများဆုံးအသုံးပြုနေပါတယ်။
ကချင်ပြည်နယ်နဲ့စစ်ကိုင်းတိုင်းအတွင်း မြို့တွေကို စစ်တပ်က လေကြောင်းကနေတိုက်ခိုက်ရာမှာ အသုံးပြုနေတဲ့ ဟုမ္မလင်းလေတပ်ရဲ့ အန္တရာယ်ကို အထူးဂရုပြုကြဖို့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)က ပြီးခဲ့တဲ့ ဖေဖော်ဝါရီမှာ သတိပေးထားပါတယ်။


















































