အီရန် ရေယာဉ်တွေ ပစ်ခတ်ခံရရင် အရှေ့အလယ်ပိုင်း ဒေသအနှံ့မှာရှိတဲ့ အမေရိကန်ရဲ့ အဆောက်အအုံတွေနဲ့ တခြားတည်နေရာတွေကို တိုက်ခိုက်ရလိမ့်မယ်လို့ အီရန် အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် (IRGC)က သတိပေး ပြောကြားလိုက်ပါတယ်။
အမေရိကန်ဟာ ဟောမုဇ်ရေလက်ကြား အထွက် ပင်လယ်ပြင်မှာ ရေတပ်တွေ ဖြန့်ကျက်ပိတ်ဆို့ပြီး အီရန်ဆိပ်ကမ်းတွေကနေ ထွက်ခွာလာတဲ့ သင်္ဘောတွေကို တောက်လျှောက် တားဆီးထားပါတယ်။ အဲဒီလို တားဆီးရာမှာ သင်္ဘောတွေရဲ့ အင်ဂျင်ခန်းတွေနဲ့ ရေယက်တွေကို ပစ်ခတ် ဖျက်ဆီးတဲ့ နည်းလမ်းမျိုးတွေကိုလည်း အသုံးပြုနေပါတယ်။
မေလ ၉ ရက်နေ့မှာတော့ IRGCက အီရန်ရဲ့ အရပ်ဖက် ကုန်သွယ်ရေကြောင်း သင်္ဘောတွေကို တိုက်ခိုက်တဲ့ ဘယ်လိုလုပ်ရပ်မျိုးမဆို ဒေသတွင်းက အမေရိကန် တည်နေရာတွေမှာ အကြီးအကျယ် တိုက်ခိုက်ခံရတဲ့ အကျိုးဆက်မျိုး ကြုံလာစေမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
မေလ ၈ ရက်နေ့တုန်းက အိုမန်ပင်လယ်ကွေ့မှာ အီရန် ရေနံတင်သင်္ဘော နှစ်စီးဟာ အမေရိကန် တိုက်ခိုက်မှုကို ခံခဲ့ရတဲ့နောက် အီရန်ဖက်က အခုလို တုံ့ပြန်သတိပေးလာတာ ဖြစ်ပါတယ်။

Public Service Announcement
လက်ရှိမှာတော့ အီရန်နဲ့ အမေရိကန်တို့ဟာ အပစ်အခတ် ရပ်စဲထားကြပါတယ်။ အခုသီတင်းပတ်ထဲမှာ ဟောမုဇ်ရေလက်ကြား တဝိုက် ရေပြင်မှာ နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုတွေ ရှိခဲ့ပေမယ့် အပစ်ရပ် သဘောတူညီမှုကတော့ ဆက်ပြီး တည်တံ့နေဆဲလို့ အီရန်ရော၊ အမေရိကန်ကပါ အတည်ပြုခဲ့ကြပါတယ်။
အမေရိကန်ဟာ စစ်ပွဲကို အပြီးသတ် ရပ်စဲစေဖို့ အဆိုပြုချက်တွေကို အီရန်ဆီ ပေးပို့ထားပြီး အီရန်ဖက်က အကြောင်းပြန်မှုကို စောင့်ဆိုင်းနေဆဲလို့ မေလ ၉ ရက်နေ့မှာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။
တစ်ဖက်မှာလည်း အီရန် နိုင်ငံခြားရေးဝန်ကြီး အဘက်စ် အာရက်ချီက အမေရိကန်အပေါ် ဘယ်လောက်ထိ ယုံကြည်ရမလဲ ဆိုတာမျိုး မေးခွန်းထုတ်ထားခဲ့ပါတယ်။
ပါရှန်းပင်လယ်ကွေ့ တဝိုက်မှာ လတ်တလော အမေရိကန် တပ်တွေက ပြဿနာ ရှာနေတာ၊ အပစ်ရပ် သဘောတူညီမှုကို အကြိမ်ကြိမ် ချိုးဖောက်နေတာတွေက အမေရိကန်ဟာ လက်ရှိ ပဋိပက္ခကို သံတမန်ရေးနည်းနဲ့ ဖြေရှင်းချင်တာ ဟုတ်ရဲ့လားဆိုတဲ့ အီရန်ရဲ့ သံသယကို ပိုပြီး ခိုင်မာလာစေခဲ့ကြောင်း အီရန် အစိုးရပိုင် IRNAကို အာရက်ချီက ပြောကြားခဲ့ပါတယ်။
မေလ ၈ ရက်နေ့မှာ အမေရိကန် ရေတပ် ပိတ်ဆို့ထားတဲ့ နေရာကို ဦးတည် ခုတ်မောင်းလာတဲ့ အီရန်အလံ လွှင့်ထူထားတဲ့ ရေနံတင် သင်္ဘောနှစ်စီးကို အမေရိကန်ရေတပ် တိုက်လေယာဉ် တစ်စီးက ပစ်ခတ်ပြီး ဟန့်တားခဲ့ကြောင်း အမေရိကန် အစိုးရက ကြေညာခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အီရန်ရေတပ်ကလည်း ပစ်ခတ်မှုတွေနဲ့ လက်တုံ့ပြန်ခဲ့တယ်လို့ အီရန်ဖက်က ထုတ်ပြန်ခဲ့ပါတယ်။
အီရန်က အမေရိကန်ရဲ့ ရေတပ်အင်အားသုံး ပိတ်ဆို့မှုတွေဟာ အပစ်ရပ် သဘောတူညီမှုကို တိုက်ရိုက်ချိုးဖောက်ရာ ရောက်တယ်လို့ စွပ်စွဲထားပြီး အမေရိကန်ကတော့ ဆွေးနွေးမှုတွေ အပြီးမသတ်နိုင်မချင်း အဲဒီပိတ်ဆို့မှုတွေ ဆက်လက် ထားရှိမယ်လို့ အခိုင်အမာ ပြောဆိုထားပါတယ်။
ကိုးကား: AFP


















































