မေ-၁၁၊၂၀၂၆။တာရာ၊ရဲခေါင်/People’s Spring
မရမ်းကုန်းမြို့နယ်မှာဖွင့်ထားတဲ့ဟိုတယ်တစ်ခုမှာ ဧည်ကြိုလုပ်ကိုင်နေတဲ့ လူငယ်တစ်ဦး ကျားဖြန့်ဆီမှာ ရောင်းစားခံရတယ်လို့ မိခင်ဖြစ်သူကပြောပါတယ်။
အသက် ၂၅ နှစ်အရွယ်အိမ်အမည်ပိုင်ပိုင်လို့ခေါ်တဲ့ လူငယ်ဟာ ဧည့်ကြိုရာထူးနဲ့ ဧပြီလက စပြီးဟိုတယ်မှာလုပ်ကိုင်ခဲ့တာဖြစ်ပြီး တစ်လမပြည့်ခင်မှာ ရောင်းစားခံရတာဖြစ်တယ်လို့ မိခင်ဖြစ်သူကပြောပါတယ်။
“သားလေးက အာဏာသိမ်းတော့ ကျောင်းဆက်မတတ်တော့ဘူး။ ကြုံရာကျပန်းဝင်လုပ်နေတာ။ မိဘအပေါ်လည်း တော်တော်သိတတ်တယ်။ ဟို

Public Service Announcement
တယ်မှာအလုပ်လေးရလို့ ဝမ်းသာနေတာ။ အဲဒါကို ရောင်းစာခံရတာ။ ကလေးကဖုန်းဆက်တော့ လိုင်းကမမိတမိဖြစ်နေတာ။ ပြန်ဆက်တော့ ဖုန်းကလုံးဝမရတော့ဘူး။ ရှမ်းပြည်ဘက်လို့ပဲပြောတယ်။ ရင်တွေလည်းပူနေပါပြီ။ ဘယ်လိုက်ရမှန်းတောင်မသိတော့ဘူး”လို့ မိခင်ဖြစ်သူကပြောပါတယ်။
အဆိုပါလူငယ်ကို သိန်း ၁၅၀ နဲ့ရောင်းစားလိုက်တာဖြစ်တယ်လို့ စုံစမ်းသိရပါတယ်။
အဆိုပါဟိုတယ်ကို အခုနောက်ပိုင်းမှာတရုတ်နိုင်ငံသားတွေအများဆုံးလာရောက်တည်းခိုနေပြီး မကြာခဏလူပျောက်ဆုံးတာတွေရှိနေတယ်လို့ စုံစမ်းသိရပါတယ်။
အဆိုပါဟိုတယ်ကို လူထုနွေဦးက ဖုန်းနဲ့ဆက်သွယ်ပြီးမေးမြန်းတဲ့ အခါအဆိုပါဖြစ်စဥ်မရှိဘူးလို့ ပြောပါတယ် ။
“ကျွန်မဆီက ဝန်ထမ်းရေးရာကတော့ သိမနေဘူးရှင်။အဲဒီ့နာမည် ကို ပိုင်ပိုင်ကိုလေ။ကျွန်မတို့ဆီမှာ ကျားဖြန့်ဆီမှာ ရောင်းစားခံရတာမျိုး ကျွန်မတို့ဆီမှာ မရှိပါဘူး”လို့ဟိုတယ်ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ဒါပေမယ့် မိခင်ဖြစ်သူကတော့ ဟိုတယ်ကိုသူလိုက်သွားပြီး မေးမြန်းတဲ့အခါ အလုပ်ကိစ္စနဲ့ နယ်ကိုသွားတယ်လို့ပြောတယ်လို့ ဆိုပါတယ်။သားဖြစ်သူ ပြန်ရောက်မလာပဲ ပျောက်ဆုံးနေပြီး ရောင်း
စားခံရကာ ရှမ်းပြည်နယ်ဘက်ကိုရောက်နေတယ်လို့ မိခင်ကကြားရလို့ ဟိုတယ်ကိုလိုက်သွားပြီးငိုယိုပြီးပြောပေမယ့် ဟိုတယ်က တာဝန်ယူဖြေရှင်းပေးတာမရှိဘူးလို့ ဖြစ်စဥ်ကိုသိသူတဦးကပြောပါတယ်။
ပိုင်ပိုင်ဟာ ဟိုတယ်မှာ ဧည်ကြိုအလုပ်ဝင်ပြီးနောက်ပိုင်း အလုပ်သွားဆင်းရင် တစ်ပါတ်မှာတစ်ရက်ပဲ အိမ်ပြန်လာတက်ပေမယ့် ဖုန်းပုံမှန်ဆက်တယ်လို့ မိသားစုထံကသိရပါတယ်။
အဆိုပါဟိုတယ်ကို People’s Spring က ထပ်မံမေးမြန်းတဲ့အခါ”ကျွန်မတို့ဘက်ကဖြေပေးလို့မရပါဘူး။ မန်နေဂျာကအလုပ်မအားသေးလို့ ပြော
ထားပေးပါမယ်။ ပြန်ဆက်သွယ်ပေးပါမယ်”လို့
ဖုန်းကိုင်ဖြေဆိုသူတဦးကပြောပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တရားဥပဒေစိုးမိုးမှုမရှိတော့ပဲ အကျင့်ပျက် ခြစားမှုတွေများနေတဲ့ ရန်ကုန်မြို့မှာ ကျားဖြန်လုပ်ကိုင်ဖို့ ဟိုတယ်တွေကို လိုက်လံငှားရမ်းမှုတွေများလာတယ်လို့ အိမ်ခြံမြေစျေးကွက်လုပ်ကိုင်သူအချို့ကပြောပါတယ်။
နယ်စပ်ဒေသတွေကနေတဆင့် ပြန့်နှံ့လာတဲ့ ကျားဖြန့်လုပ်ငန်းတွေဟာ ရန်ကုန်မြို့တွင်းမှာပါ အခြေ
စိုက်ဖို့ နေထိုင်စရာငှားရမ်းမှုတွေရှိနေတာကြောင့် အငှားစျေးကွက်မြင့်တက်လာတယ်လို့ အိမ်ခြံမြေ အကျိုး ဆောင်တွေကနေတဆင့် သိရတာပါ။
ရွှေလိပ်ပြာဟိုတယ်မှာလည်း ကျားဖြန်လုပ်ငန်းလုပ်ကိုင်တာတွေရှိနေပြီး လူအချင်းချင်းသတိထားဖို့ ကျားဖြန့်လုပ်ငန်းမှာလုပ်ကိုင်ခဲ့ပြီးအလုပ်ထွက်ခဲ့သူအချို့ကပြောပါတယ် ။ရွှေလိပ်ပြာဟိုတယ်ကတော့ ဟိုတယ်မှာကျားဖြန့်လုပ်ငန်းတွေလုပ်ကိုင်တာမရှိဘူး သတင်းတွေထွက်လို့စစ်ကောင်စီကဝင်စစ်တာခံရပြီး မမှန်သတင်းပြောသူတွေကို ဥပဒေအရတုံ့ပြန်မယ်လို့စာထုတ်ထားပါတယ် ။
အာဏာသိမ်းစစ်တပ်အနေနဲ့လည်း ကျားဖြန်လုပ်ငန်းတွေကိုလိုင်းကြေးတွေယူပြီး မသိချင်ယောင်ပြုပေးကာ လုပ်ကိုင်ခွင့်ပြုထားတယ်လို့ ကျားဖြန့်လုပ်ငန်းမှာကိုယ်တိုင်ဝင်ရောက် လုပ်ကိုင်ခဲ့သူအချို့ကပြောပါတယ်။ စစ်တပ်နဲ့ တရုတ်တို့ကရှမ်းပြည်နယ်မှာ၊ ကရင်ပြည်နယ်မှာကျားဖြန့်လုပ်ငန်းတွေတိုက်ဖျက်ရေးလုပ်ကိုင်ခဲ့တယ်ဆိုပေမယ့် ရန်ကုန်အပါအဝင် နိုင်ငံတစ်ဝန်းမြို့အများစုမှာ ကျားဖြန့်လုပ်ငန်းတွေပျံ့နှံ့နေပြီလို့ ဒေသခံပြည်သူတွေကပြောပါတယ်။
ဒါ့အပြင် စစ်တပ်အနေနဲ့ ကျားဖြန်လုပ်ငန်းတွေကို နှိမ်နှင်းနေသယောင် လုပ်နေပေမယ့် မြန်မာ-ထိုင်းနယ်စပ် ဒေသ တွေမှာ ကျားဖြန့်အလုပ်အကိုင်နေရာတွေပိုပေါလာတယ်လို့ မြေပြင်အခြေအနေကို သိရှိသူတစ်ဦးက ဆိုပါတယ်။
“ကျွန်မဆို ကျားဖြန့်လုပ်သားဟောင်းပဲ။အခု ပြန်ခေါ်နေတာ။ရွှေကုက္ကိုလ်သွားမလား။ဘုရားသုံးဆူ သွားမလား အကုန်သွားလို့ရတယ်။နေရာတွေမှ ပေါလို့။သူတို့ ပိတ်နေတာဆိုတာဟန်ပြတွေ။ကျွန်မကတော့ မလုပ်ချင်တော့ဘူး”လို့ မြဝတီကျားဖြန့်နေရာတစ်ခုမှာ သုံးနှစ်ကြာအလုပ်လုပ်ခဲ့သူက ပြောပါတယ်။


















































