ရာထူးကနေ နုတ်ထွက်ပေးဖို့ ဖိအားပေး တောင်းဆိုမှုတွေ မြင့်တက်လာတဲ့ အခြေအနေကို ဗြိတိန် ဝန်ကြီးချုပ် ဆာကီရာ စတာမာက ကြုံတွေ့နေရပါတယ်။
သူကိုယ်စားပြုတဲ့ လေဘာပါတီရဲ့ ဒေသတွင်း ရွေးကောက်ပွဲတွေမှာ ရလဒ်ပိုင်း ညံ့ဖျင်းမှုတွေ ကြုံတွေ့လာခြင်းက သူ့ရဲ့ ဦးဆောင်မှုအပေါ် ပါတီတွင်း ယုံကြည်မှုတွေ ကျဆင်းလာစေခဲ့ပါတယ်။
လေဘာပါတီရဲ့ အမတ် ၄၀၃ ဦးထဲက ၆၀ ကျော်လောက်ဟာ စတာမာကို ရာထူးက နုတ်ထွက်ပေးဖို့ အတိအလင်း တောင်းဆိုထားကြပြီး သူ့ရဲ့ ပါတီအပေါ် ခေါင်းဆောင်နိုင်စွမ်းက လုံးဝဥဿုံ ပျောက်ဆုံးသွားပြီလို့ ဝေဖန်ထားကြပါတယ်။
စတာမာက ဝန်ကြီးချုပ်အဖြစ် ဆက်လက် တာဝန်ယူထားတာကို ဆန္ဒပြတဲ့ အနေနဲ့ အစိုးရ အကြံပေး အရာရှိ ၄ ဦးဟာလည်း ရာထူးကနေ နုတ်ထွက်သွားပါတယ်။

Public Service Announcement
မေလ ၁၁ ရက်နေ့မှာတော့ စတာမာဟာ အစိုးရအဖွဲ့၊ ပါတီရဲ့ ထိပ်ပိုင်း အရာရှိတွေနဲ့ တွေ့ဆုံပြီး လက်ရှိ အခြေအနေတွေကို ဆွေးနွေးခဲ့ပါတယ်။ အစောပိုင်းမှာတော့ သူက ရာထူးက နုတ်ထွက်မှာ မဟုတ်ကြောင်း ပြောဆိုထားပြီး သူ့အပေါ် သံသယ ရှိသူတွေ မှားယွင်းကြောင်း သက်သေပြမယ်လို့ ပြောကြားထားခဲ့ပါတယ်။
စတာမာက သူ့အစိုးရရဲ့ လက်ရှိ လုပ်ဆောင်ချက်တွေအပေါ် မဲဆန္ဒရှင် ပြည်သူတွေ စိတ်ပျက်နေတယ် ဆိုတာကိုတော့ သဘောပေါက်ကြောင်း ဝန်ခံခဲ့ပြီး နိုင်ငံရေး၊ စီးပွားရေး၊ စွမ်းအင်၊ ဥရောပတိုက်နဲ့ ဆက်ဆံရေးဆိုင်ရာ မူဝါဒတွေမှာ ကြီးမားတဲ့ အပြောင်းအလဲတွေ လုပ်ဆောင်ဖို့ စီစဉ်ထားကြောင်း ဆိုပါတယ်။
ပြီးခဲ့တဲ့ ဒေသဆိုင်ရာ ရွေးကောက်ပွဲတွေဟာ လေဘာပါတီအတွက် ထိုးနှက်ချက်တွေ ဖြစ်စေခဲ့ပြီး ပြုပြင်ပြောင်းလဲရေးပါတီ၊ ဂရင်းပါတီတို့လို ပြိုင်ဘက်တွေက သိသိသာသာ အခြေအနေ ကောင်းလာခဲ့ပါတယ်။ ဗြိတိန် လက်အောက်ခံ ဝေးလ်စ်ပြည်နယ်ရဲ့ လွှတ်တော်ကို ထိန်းချုပ်ထားမှုကိုလည်း ၁၉၉၉ နောက်ပိုင်း လေဘာပါတီက ပထမဆုံးအကြိမ် ဆုံးရှုံးခဲ့ရပြီး စကော့တလန် လွှတ်တော်ထဲမှာလည်း အခြေအနေက တိုးတက်မလာခဲ့ပါဘူး။
စတာမာဟာ ၂၀၂၄ ခုနှစ် ရွေးကောက်ပွဲမှာ သောင်ပြိုကမ်းပြို ရလဒ်မျိုးနဲ့ အနိုင်ရခဲ့ပြီး ဝန်ကြီးချုပ် ဖြစ်လာခဲ့သူပါ။ ဒါပေမဲ့ သူဦးဆောင်တဲ့ အစိုးရဟာ စီးပွားရေး တိုးတက်မှုတွေ နှေးကွေးတာနဲ့ မူဝါဒရေးရာ အငြင်းပွားစရာ အခြေအနေ တချို့ကြောင့် ဝေဖန် ခံခဲ့ရပါတယ်။ ဒါပေမဲ့ အီရန်စစ်ပွဲမှာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ တစ်ဖက်သတ် တောင်းဆိုမှုတွေကို အာခံ ငြင်းဆန်ခဲ့တာ အပါအဝင် နိုင်ငံခြားရေး မူဝါဒ တချို့မှာတော့ သူ့ရဲ့ ရွေးချယ်မှုတွေဟာ လူထုရဲ့ ချီးကျူး ထောက်ခံမှုကို ရရှိခဲ့ပါတယ်။
လောလောဆယ်မှာတော့ ပါတီထဲမှာ စတာမာရဲ့ ဝန်ကြီးချုပ် နေရာအတွက် အစားထိုးဖို့ ထင်ကြေးပေး ခံရသူတွေတောင် ရှိနေပါတယ်။ အဓိက တစ်ပြေးနေသူတွေကတော့ ကျန်းမာရေးဝန်ကြီး ဝက်စ် စထရိတင်းနဲ့ ဒုတိယ ဝန်ကြီးချုပ် အန်ဂျလာ ရေနာတို့ ဖြစ်ပါတယ်။ သူတို့နှစ်ဦးစလုံးကတော့ စတာမာကို ရာထူးက နုတ်ထွက်ပေးဖို့ အတိအလင်း တောင်းဆိုထားတာမျိုး မရှိပါဘူး။
စတာမာက သူ့နေရာမှာ ရုတ်တရက် အစားထိုးမှုဟာ ပါတီတွင်း ရှုပ်ထွေးမှုတွေ ဖြစ်ပေါ်စေနိုင်ပြီး အရင် ကွန်ဆာဗေးတစ် ပါတီ အစိုးရတွေ ကြုံတွေ့ခဲ့တဲ့ ပုံစံတူ အမှားတွေကို လေဘာပါတီက ရှောင်ကွင်းဖို့လိုကြောင်း သတိပေးထားပါတယ်။ သတင်းတွေအရ စတာမာဟာ အခုသီတင်းပတ်ကုန်လောက်မှာ မူဝါဒရေးရာ အစီအမံသစ်တွေအတွက် မိန့်ခွန်းပြောမယ်လို့ ယုံကြည်ရကြောင်းလည်း သိရှိရပါတယ်။
ကိုးကား: AFP


















































