အီရန် အရေးနဲ့ ပတ်သက်ပြီး တရုတ် သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့တဲ့ အချက်အလက်တွေကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ထုတ်ဖော် ပြောကြားလာခဲ့ပါတယ်။
ဘေဂျင်းကို အလည်အပတ် ခရီးစဉ် ရောက်ရှိနေပြီး အိမ်ရှင်နိုင်ငံရဲ့ သမ္မတရှီနဲ့ ထိပ်သီး ဆွေးနွေးပွဲတွေ လုပ်ဆောင်နေတဲ့ ထရမ့်က တရုတ် အစိုးရဟာ အီရန်ဆီ စစ်ဘက် အသုံးအဆောင်တွေ ထောက်ပံ့ ပေးပို့တာမျိုး မလုပ်ဖို့ သဘောတူခဲ့တယ်လို့ Fox သတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။
မေလ ၁၄ ရက်နေ့က သူနဲ့ရှီတို့ ဆွေးနွေးခဲ့တဲ့နောက် တရုတ်အနေနဲ့ အီရန်ကို လက်နက် တပ်ဆင်ပေးတာ၊ စစ်ဘက် အသုံးအဆောင်တွေ ပေးပို့ ထောက်ပံ့တာတွေ မလုပ်ဘူးလို့ ရှီက သဘောတူခဲ့ကြောင်း ထရမ့်က ဆိုပါတယ်။
ဒါ့အပြင် အီရန်က ပိတ်ဆို့ထားတဲ့ နိုင်ငံတကာ စွမ်းအင် တင်ပို့မှု မဟာဗျူဟာ ရေလမ်းကြောင်းဖြစ်တဲ့ ဟောမုဇ် ရေလက်ကြားကို ပြန်ဖွင့်စေဖို့ တရုတ်မှာလည်း ဆန္ဒရှိနေတယ်လို့ ထရမ့်က ဆက်ပြောပါတယ်။ တရုတ်ဟာ အရှေ့ အလယ်ပိုင်း ဒေသကနေ ရေနံတွေ အများကြီး ဝယ်ခဲ့သလို အဲဒီ ဝယ်ယူမှုတွေ ဆက်လုပ်ချင်နေကြောင်း၊ ဒီတော့ သူလည်း ဟောမုဇ်ရေလက်ကြား ပြန်ဖွင့်တာကို လိုလားတယ်လို့ ရှီက ပြောခဲ့ကြောင်း ထရမ့်က ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

Public Service Announcement
အီရန်ဆီက ရေနံတွေ အများကြီး ဝယ်နေတဲ့ အခြေအနေမှာ တရုတ်နဲ့ အီရန်ကြားမှာ ထူးခြားတဲ့ ဆက်ဆံရေး တစ်ခုခုတော့ ရှိမှာ သေချာကြောင်း၊ ရှီက သူသာ ကူညီပေးနိုင်တာရှိရင် ဘာပဲဖြစ်ဖြစ် ကူညီချင်ပါတယ်လို့ ပြောခဲ့ကြောင်း၊ ဟောမုဇ် ရေလက်ကြား ပြန်ဖွင့်နိုင်ရေးကို ရှီက တကယ်ပဲ လေးလေးနက်နက် လိုလားနေကြောင်းလည်း ထရမ့်က ဆိုပါတယ်။
ဒါ့အပြင် တရုတ်ဟာ အမေရိကန်ဆီကလည်း ရေနံတွေ ဝယ်ယူဖို့လည်း သူတို့နှစ်ဦးကြား ညှိနှိုင်းထားတယ်လို့ ထရမ့်က ပြောပါတယ်။ တရုတ်ရဲ့ သင်္ဘောတွေကို တက္ကဆက်စ်၊ လူဝီစီးယားနဲ့ အလာစကာ ပြည်နယ်တွေဆီ သွားရောက်စေမှာ ဖြစ်ကြောင်း၊ တရုတ်အတွက် အထူးလိုအပ်နေတာ တစ်ခုက စွမ်းအင်ဖြစ်ပြီး အမေရိကန်မှာတော့ အဲဒီစွမ်းအင်တွေက အလျှံအပယ် အကန့်အသတ်မရှိ ပိုင်ဆိုင်နေကြောင်း ထရမ့်က မှတ်ချက်ပေးခဲ့ပါတယ်။
နောက်ပြီး တရုတ်ဟာ အီရန်မှာ နျူကလီးယား လက်နက်တွေ ပိုင်ဆိုင်လာမှာကို မလိုလားဘူးလို့လည်း ထရမ့်က ပြောပါသေးတယ်။ အီရန်မှာ နျူကလီးယားလက်နက် ပိုင်ဆိုင်သွားမှာကို အမေရိကန်လိုပဲ တရုတ်ကလည်း လိုလားမယ် မထင်ကြောင်း၊ လောလောဆယ်တော့ ရှီက သူဟာ အီရန်ကို စစ်ရေး အသုံးအဆောင်တွေ မထောက်ပံ့ဘူးလို့ အာမခံခဲ့ပြီး ဒါဟာ သက်ရောက်မှု ကြီးမားတဲ့ သဘောထား ကြေညာချက်မျိုးဖြစ်ကြောင်း ထရမ့်က ဆိုပါတယ်။
အီရန် အစိုးရဟာ အမေရိကန်နဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ မတိုင်ခင် အတွင်းပိုင်းမှာတင် အချင်းချင်း သဘောထား ကွဲလွဲတာတွေ များနေပုံ ရပြီး အဲဒီအတွက်လည်း သိပ်စိတ်မရှည်တော့ဘူးလို့ ထရမ့်က သတိပေးခဲ့ပါတယ်။ သူ့ရဲ့ သည်းခံနိုင်စွမ်းက လျော့ပါးလာနေပြီ ဖြစ်ကြောင်း၊ အီရန်ဟာ သဘောတူညီမှု တစ်ခုခုကို ရှာဖွေ ရယူနိုင်သင့်နေပြီဖြစ်ပြီး စိတ်မှန်တဲ့ ဘယ်သူမဆို သဘောတူညီမှု ရအောင် ကြိုးစားမှာဖြစ်ကြောင်း၊ ဒါပေမဲ့ အီရန်ဖက်က ပုဂ္ဂိုလ်တွေကတော့ စိတ်မှန်ပုံ မရကြောင်း ထရမ့်က ဆိုပါတယ်။
ပြီးတော့ အီရန်စစ်ပွဲမှာ အမေရိကန်က အောင်ပွဲခံခဲ့တယ်လို့ ထရမ့်က ကြွေးကြော်ခဲ့ပြီး အမေရိကန်ဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံး စစ်တပ်ကို ဆက်လက် တည်ဆောက်နေကြောင်းလည်း ထည့်သွင်း ပြောဆိုသွားပါတယ်။ အမေရိကန်ရဲ့ စစ်ရေး စွမ်းရည်ကို ဗင်နီဇွဲလားမှာ လက်တွေ့ ပြသခဲ့ကြောင်း၊ အီရန်မှာလည်း ပြသခဲ့ကြောင်း၊ စစ်ရေးအရ အီရန်ကို အပြုတ်ဖြုတ်နိုင်ခဲ့ကြောင်း၊ ဒီတော့ အမေရိကန်ရဲ့ စစ်အင်အား အတောင့်တင်းဆုံး ဖြစ်လာဖို့ ဆိုတာဟာ အချိန်ဘယ်လောက် ယူရမလဲ ဆိုတာကိုပဲ မေးခွန်းထုတ်ရမှာဖြစ်ပြီး ရလဒ်ကတော့ သေချာနေပြီးသားဖြစ်ကြောင်း ထရမ့်က ပြောကြားခဲ့ပါတယ်။
အမေရိကန်ရဲ့ လေကြောင်း နည်းပညာ လုပ်ငန်းစုကြီး Boeingကနေ ထုတ်လုပ်တဲ့ လေယာဉ်တွေ အစီးရေ ၂၀၀ ထိ ဝယ်ယူဖို့လည်း ရှီက သဘောတူခဲ့ကြောင်းလည်း ထရမ့်က ဆိုပါတယ်။ အကြီးစား လေယာဉ် အစီး ၂၀၀ ကို တရုတ်က ဝယ်မှာ ဖြစ်ကြောင်း၊ Boeingဖက်က အစီး ၁၅၀ လောက်ပဲ ရောင်းဖို့ ဆန္ဒရှိတာတောင်မှ တရုတ်ကတော့ ၂၀၀ ထိ ဝယ်ချင်တာဖြစ်ကြောင်း သူက ပြောပါတယ်။
ထရမ့်က တရုတ်နဲ့ အမေရိကန်ကြား ကုန်သွယ်ရေးဆိုင်ရာ ဆွေးနွေးမှုတွေဟာ သူနဲ့ရှီတို့ နောက်ဆုံးတစ်ကြိမ် လူချင်းတွေ့ကြတုန်းကထက် အများကြီး အဆင်ချောလာကြောင်းလည်း မှတ်ချက်ပေးခဲ့ပါတယ်။ နောက်ဆုံးအကြိမ် တွေ့ကြတုန်းက သဘောတူညီမှု ၃၆ ခုအတွက် လက်မှတ်ရေးထိုးဖြစ်ခဲ့ပေမယ့် ဒီတစ်ကြိမ် သဘောတူညီမှုတွေကတော့ ပိုပြီး ကြီးမား ကျယ်ပြန့်လာလိမ့်မယ်လို့ ထရမ့်က ဆိုပါတယ်။ တရုတ်ဟာ ပဲကြီးစေ့တွေ အပါအဝင် အမေရိကန်ရဲ့ လယ်ယာထွက်ကုန် အများအပြားကိုပါ ဝယ်ယူမှာ ဖြစ်တယ်လို့ ထရမ့်က ပြောကြားသွားပါတယ်။
ကိုးကား: BBC


















































