Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အရှေ့တောင်အာရှရဲ့ အကြီးဆုံး ဒိုင်နိုဆောမျိုးစိတ် ရုပ်ကြွင်းကို ထိုင်းမှာရှာတွေ့

အရှေ့တောင်အာရှ ဒေသတွင်းမှာ မှတ်တမ်းတင် တွေ့ရှိဖူးသမျှ အကြီးဆုံး ဒိုင်နိုဆောမျိုးစိတ်ရဲ့ ကျောက်ဖြစ်ရုပ်ကြွင်း အစိတ်အပိုင်းကို ထိုင်းနိုင်ငံမှာ တူးဖော် တွေ့ရှိခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

အရှေ့တောင်အာရှ ဒေသတွင်းမှာ မှတ်တမ်းတင် တွေ့ရှိဖူးသမျှ အကြီးဆုံး ဒိုင်နိုဆောမျိုးစိတ်ရဲ့ ကျောက်ဖြစ်ရုပ်ကြွင်း အစိတ်အပိုင်းကို ထိုင်းနိုင်ငံမှာ တူးဖော် တွေ့ရှိခဲ့ပါတယ်။

နာဂါတိုက်တန်လို့ နာမည်ပေးထားတဲ့ ဒိုင်နိုဆောဟာ ဆော်ရိုပေါ့ဒ်လို့ ခေါ်တဲ့ လည်ပင်းရှည်ပြီး ကိုယ်ထည် ကြီးမားလှတဲ့ အသီးအရွယ်စား မျိုးနွယ်စုထဲမှာ ပါဝင်ပါတယ်။ အဲဒီ ဒိုင်နိုဆောဟာ အရှည် ၈၈ ပေရှိပြီး ၂၇ တန်ထိ လေးလံလိမ့်မယ်လို့ ဆိုပါတယ်။ ဒါဟာ အရွယ်ရောက်ပြီး အာရှဆင် ၉ ကောင်နဲ့ ညီမျှတဲ့ အလေးချိန်ပါ။

အဲဒီ ဒိုင်နိုဆောရဲ့ ပထမဆုံး ရုပ်ကြွင်း အစအနကို ဗြိတိန်နဲ့ ထိုင်းသုတေသီတွေ ပါဝင်တဲ့ အဖွဲ့က ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း၊ ရေကန်တစ်ခုဘေးမှာ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က ပထမဆုံးအကြိမ် တွေ့ရှိခဲ့ပါတယ်။ အခုတွေ့ရှိမှုဟာ ကမ္ဘာဦးကာလ ရာသီဥတု ပြောင်းလဲမှု ဖြစ်စဉ်တွေက ဧရာမ ဒိုင်နိုဆောကြီးတွေရဲ့ ဆင့်ကဲတိုးတက်မှု ဖြစ်စဉ်အပေါ် ဘယ်လို သက်ရောက်စေခဲ့သလဲဆိုတာ အများကြီး အဖြေထုတ်ပေးခဲ့ကြောင်း ပညာရှင်တွေက ဆိုပါတယ်။

ဓာတ်ပုံ – Reuters

နာဂါတိုက်တန်ဆိုတဲ့ နာမည်ကို မှည့်ခေါ်ရာမှာ နာဂါဆိုတဲ့ ဝေါဟာရက နဂါးကို ရည်ညွှန်းတာ ဖြစ်ပါတယ်။ တိုက်တန်ကတော့ ဂရိ ဒဏ္ဍာရီလာ ဧရာမ နတ်ဘုရားကြီးတွေကို ဆိုလိုတာပါ။ နာဂါတိုက်တန်တွေဟာ ကမ္ဘာပေါ်မှာ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၁၂၀ ကနေ ၁၀၀ ကြား ကာလအတွင်း ရှင်သန် နေထိုင်ခဲ့တယ်လို့ ယုံကြည်ရပါတယ်။ ဒါဟာ ကမ္ဘာပေါ်မှာ လူသိအများဆုံး ဒိုင်နိုဆောဖြစ်တဲ့ တိုင်ရန်နိုဆောရပ်စ် (T-Rex)တွေနဲ့ ယှဉ်ရင် နှစ်သန်းပေါင်း ၄၀ လောက် ပိုစောတဲ့ ကာလမျိုး ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

နာဂါတိုက်တန်ရဲ့ အရိုးစု ကျောက်ဖြစ်ရုပ်ကြွင်းတွေဟာ မျိုးစိတ်အသစ်လား၊ ဒါမှမဟုတ် မှတ်တမ်းတင်ပြီးသား ဆော်ရိုပေါ့ဒ် ဒိုင်နိုဆောမျိုးနွယ် တစ်ခုခုလား ဆိုတာကို သေချာ စိစစ်ပြီးတဲ့နောက် မျိုးစိတ်သစ်အဖြစ် အတည်ပြုခဲ့တာပါ။ ဒါဟာ ထိုင်းနိုင်ငံ ပိုင်နက်ထဲမှာ တူးဖော် တွေ့ရှိဖူးသမျှ ၁၄ ခုမြောက် ဒိုင်နိုဆော ဖြစ်လာပြီး အရှေ့တောင်အာရှ ဒေသတစ်ခုလုံးမှာ တွေ့ဖူးသမျှ အကြီးဆုံး ဒိုင်နိုဆော ဖြစ်တယ်လို့ မဟာဆာရက်ခမ် တက္ကသိုလ်ရဲ့ ရှေးဟောင်း သုတေသန ပညာရှင် ဒေါက်တာ ဆီတာ မာနစ်ခွန်က ပြောကြားခဲ့ပါတယ်။

နာဂါတိုက်တန်ဟာ ကမ္ဘာ့လေထု ပူနွေးလာချိန် ကာဘွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ ပမာဏလည်း တိုးလာတဲ့ ကာလမျိုးမှာ ရှင်သန် နေထိုင်ခဲ့ပါတယ်။ အရွယ်အစား ကြီးမားတဲ့ ဒိုင်နိုဆောတွေဟာ ခန္ဓာကိုယ် အပူချိန်ကို လျှော့ချဖို့ ခက်ခဲလေ့ ရှိတာကြောင့် အဲဒီကာလမျိုးမှာ ရှင်သန် ဖြတ်သန်းနိုင်ခဲ့တယ် ဆိုတာက နာဂါတိုက်တန်ရဲ့ ထူးခြားချက် တစ်ခုလို့ ဒေါက်တာ ဆီတာက မှတ်ချက်ပေးခဲ့ပါတယ်။

ဓာတ်ပုံ – Reuters

ကမ္ဘာပေါ်မှာ ရှာဖွေတွေ့ရှိဖူးသမျှ အကြီးဆုံး ဒိုင်နိုဆောဟာလည်း ဆော်ရိုပေါ့ဒ် အနွယ်ဝင်ပဲ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၁၀၀ လောက်တုန်းက မျက်မှောက်ခေတ် အာဂျင်တီးနားနိုင်ငံ ပိုင်နက် မြေပြင်မှာ ရှင်သန်ကျက်စားခဲ့တဲ့ ပက်တာဂိုတိုက်တန်တွေဟာ အလျား ပေပေါင်း ၁၃၀ လောက်ထိ ရှည်လျားပြီး တန်ချိန် ၇၀ ကျော်လောက်ထိ အလေးချိန် ရှိတယ်လို့ ယုံကြည်ရပါတယ်။ နောက်ထပ် ဆော်ရိုပေါ့ဒ် တစ်မျိုးဖြစ်တဲ့ အာဂျင်တီနိုဆောရပ်စ်ဟာ တန်ချိန် ၁၀၀ လောက် အလေးချိန်ထိ ရှိနိုင်ကြောင်း သုတေသီ တချို့က ယူဆနေပေမယ့် အဲဒါကို အတည်ပြုဖို့ လုံလောက်တဲ့ ရုပ်ကြွင်း အစိတ်အပိုင်းတွေတော့ ရှာမတွေ့သေးပါဘူး။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံရဲ့ဗီဇာစည်းမျဉ်းအပြောင်းအလဲတွေဟာ ဒီနေ့ (စက်တင်ဘာ ၁၅ ရက်)မှာစတင် အသက်ဝင်လာပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ထောင်မကျချင်လို့ ထွက်ပြေးလာတဲ့ တရုတ် အမျိုးသမီး တစ်ဦးကို ထိုင်းအာဏာပိုင်တွေက ဘန်ကောက်မြို့တော်မှာ ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ပြည်သူ့စစ်မှုထမ်း လူငယ်တစ်ဦး သေဆုံးမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေအတွက် အစွမ်းကုန် ပူးပေါင်း ကူညီမယ်လို့ ထိုင်းစစ်တပ်က ကတိပြုခဲ့ပါတယ်။

နိုင်ငံတကာ

ဘုန်းတော်ကြီးကျောင်း ရန်ပုံငွေ ဘတ်သန်း ၁၀၀ ကျော် အလွဲသုံးစား လုပ်ခဲ့ကြောင်း စွပ်စွဲခံထားရတဲ့ ကျောင်းထိုင် ဘုန်းကြီးနဲ့ အမျိုးသမီးကို ထိုင်းတရားရုံး တစ်ခု ရှေ့မှောက်ကို ပို့ဆောင်ပြီး ချုပ်ရက် ရမန်ယူခဲ့ပါတယ်။

Facebook