Connect with us

Hi, what are you looking for?

ရသစာတမ်းငယ်

“မင်းနဲ့ ငါကြားက အချစ်”

◼️မောင်မူ

၁။

သိတယ်၊ မင်းကို စတွေ့တွေ့ချင်း၊ အဲဒီ တဒင်္ဂခဏမှာပဲ ငါ သိတယ်။ ငါနဲ့မင်းအကြား ဆက်သွယ်ပြောဆိုစရာ ဘာသာဗေဒ မလို။ စကားသံတွေကို တုန်ခါသယ်ပို့ပေးမယ့် ကြားခံလေထုမလို။ ပါးစပ်တွေရဲ့ကိုယ်စား စကားပြောမယ့် လက်ဟန်ခြေဟန်တွေ မလို။ အကြည့်တချက်မှာတင် မင်းကို ငါ ဖောက်ထွင်းမြင်ပြီး မင်းကလည်း ငါ့ကို ဖောက်ထွင်းမြင်။ သိတယ်မဟုတ်လား၊ ငါနဲ့ မင်းက ကမ္ဘာတည်ကတည်းက ဖြစ်တည်ခဲ့တဲ့ ဖူးစာ။ ငါနဲ့မင်းက သံသရာအဆက် ဆက် တရှိုက်မက်မက် ချစ်မက်ခဲ့ကြတဲ့ ချစ်သူ။ ငါနဲ့မင်းဟာ သမိုင်းခေတ် အစဥ်အဆက် မော်ကွန်းတင်ခံခဲ့ကြရတဲ့ ချစ်သူ။ ငါက မင်းရဲ့အသက်၊ မင်းက ငါ့ရဲ့ဝိညာဉ်၊ ငါ့အတွက် မင်းမရှိလို့ မဖြစ်သလို မင်းအတွက် ငါ မရှိရင်လည်း မဖြစ်။ ငါ့အတွက် မင်းက တဒုတ်ဒုတ် ခုန်နေတဲ့ နှလုံးအိမ်၊ မင်းအတွက် ငါက စဉ်းစားတွေးခေါ်မှုကို ပြုလုပ်ပေမယ့် ဦးနှောက်။ တယောက်အတွက် တယောက် အသက်ပေး။ မင်းနဲ့ ငါကြောင့် စကြာဝဠာ ဖြစ်တည်။ မင်းနဲ့ ငါကြောင့်ပဲ ကြယ်စင်တွေ တောက်ပ။ မင်းနဲ့ငါရဲ့အချစ်ကို လက်ခုပ်ဩဘာပေးဖို့ ဒီကမ္ဘာပေါ် မှာ လူ‌တွေ မွေးဖွား။ မင်းနဲ့ ငါ ပေါင်းစည်းမှ ကမ္ဘာကြီးဟာ ပြည့်စုံ၊ ကမ္ဘာပေါ်က စစ်ပွဲတွေ ချုပ်ငြိမ်း၊ ကမ္ဘာမြေဟာ ငြိမ်းချမ်း။ သိတယ်၊ မင်းကို တွေ့တွေ့ချင်း၊ မျက်လုံးချင်း ဆုံလိုက်တဲ့ တဒင်္ဂခနမှာပဲ အဲဒါတွေကို ငါ သိတယ် ညီအကို။

၂။

Public Service Announcement

Public Service Announcement

ဟေး ညီအကို မင်းနဲ့ ငါ ကြားက အချစ်ဟာ ဗီတာမင်တွေ အားလုံးထက် ပိုကောင်းတဲ့ အားဆေး။ တောင်ခြေတခုမှာ အညတရ ချောင်းလက်တက်နှစ်ခု လက်ထပ်ပြီး ကြီးမြတ်တဲ့ မြစ်တစင်းကို မွေးဖွားသလို မင်းနဲ့ငါ ပေါင်းဆုံပြီး ပိုသာယာတဲ့ကမ္ဘာကို မွေးဖွားစေ။ နွေမှာ ဆောင်းရဲ့ အေးမြမှုကို ပွင့်လန်းစေသလို၊ ဆောင်းမှာ နွေရဲ့ နွေးထွေးမှုကို ဖြန့်ကြဲပေးသလို မင်းနဲ့ငါရဲ့ အချစ်က အရာအားလုံးကို အဆင်ပြေစေ။ မင်းနဲ့ငါရဲ့ အချစ်ဟာ ကမ္ဘာပေါ်မှာပွင့်တဲ့ ပန်းတွေအားလုံးပေါင်းထက် ပိုလှတဲ့ အလှတရား။ မင်းနဲ့ငါရဲ့ အချစ်ဟာ သမုဒ္ဒရာအားလုံးထက် ကျယ်ပြောတဲ့ အရာ။ မင်းနဲ့ငါရဲ့ အချစ်ဟာ ရုပ်ရှင်ဇာတ်လမ်းတွေထက် ပိုဆန်းပြားတဲ့ ဒရာမာ။ မင်းသိလား၊ သီချင်းတွေအားလုံးက ငါတို့အကြောင်းကို ရေးထားတာ။ မင်းသိလား၊ လူတိုင်းရဲ့ပါးစပ်ဖျားမှာ ငါတို့အချစ် ဇာတ်လမ်းကို ပြောနေတာ။ မင်းသိလား တေးဆိုငှက်တွေက ငါတို့အကြောင်း တေးသီရင်း ကမ္ဘာအနှံ့ကို ပျံသန်း။ မင်းသိလား၊ ကမ္ဘာပေါ်မှာရှိတဲ့ အချစ်ဇာတ်လမ်းတိုင်းက ငါတို့အချစ်ရဲ့ ဆင့်ပွားဖြစ်စဉ်။ မင်းသိလား၊ ကမ္ဘာပေါ်မှာရှိတဲ့ သတင်းဌာနတိုင်းက ငါတို့အချစ်အကြောင်းကို အထူးသတင်းအဖြစ် တင်ဆက်နေ။ ဟေး ညီအကို မင်းသိလား၊ မင်းနဲ့ ငါကြားက အချစ်က စကြာဝဠာတံတိုင်းမှာ ကမ္ဗည်းတင်ခံရတဲ့အထိ ကြီးမြတ်တဲ့ အချစ်ဆိုတာ။

၃။

ဟေး ညီအကို မင်းသိတယ်မဟုတ်လား၊ ငါတို့နှစ်ယောက်ရဲ့အချစ်က ပူလောင်သွေ့ခြောက်နေတဲ့ ကမ္ဘာကြီးအတွက် စမ်းချောင်းတစင်း။ မင်းနဲ့ငါ ကြားက အချစ်က ငါတို့ဆီတည့်တည့် ပြေးဝင်လာမယ့် ကျည်ဆံကိုတောင် ကာကွယ်နိုင်တဲ့ ဒိုင်းကာ။ မင်းနဲ့ငါ ကြားက အချစ်က လေယာဉ်ပျံပေါ်ကနေ ကြဲချလိုက် တဲ့ ပေါင်တရာဗုံးကို တန်ပြန်ဖျက်ဆီးမယ့် လက်နက်။ မင်းနဲ့ငါရဲ့အချစ်က ပြင်းအားမြင့်လက်နက်တွေကို အ သွားစေမယ့် ယန္တယား။ မင်းနဲ့ ငါရဲ့အချစ်က ရွာကို ဝါးမြိုစားသောက်ဖို့ တဟုန်းဟုန်း တောက်လောင်နေတဲ့ မီးကို အနိုင်ယူတိုက်ခိုက်မယ့် အေးမြမြ မိုးရေ။ မင်းနဲ့ငါရဲ့အချစ်က ယမ်းငွေ့တွေကြား ရှိုက် နင့်သည်းဖို ငိုနေသူ လူသားတွေအတွက် အကူအညီပေးမယ့် ကမ်းလက်။ မင်းနဲ့ငါရဲ့အချစ်က စစ်ပွဲတွေကို အဆုံးသတ်နိုင်မယ့် အမြုတေ။ မင်းနဲ့ငါရဲ့အချစ် က မိစ္ဆာတွေကို မျက်ရည်ကျစေမဲ့ သတင်း။ တစ်နဲ့ တစ် ပေါင်းရင် နှစ်ရပေမယ့် မင်းနဲ့ငါ ပေါင်းရင် ငါတို့ရမှာက ငါတို့ကိုယ်ပိုင် ငြိမ်းချမ်းကမ္ဘာ။ ဒုက္ခဆင်းရဲနဲ့ သောက ဗျာပါဒတွေ ကြိုက်သလောက်လာ၊ မင်းနဲ့ ငါရဲ့အချစ်က အေးမြငြိမ်းချမ်းစေမှာ။ ရေ၊ မီး၊ မင်းရူး၊ သူခိုး၊ မချစ်မနှစ်သက်သောသူ ရန်သူမျိုးတရာ့တပါး ကြိုက်သလောက်လာ မင်းနဲ့ငါရဲ့အချစ်က အမြဲ အနိုင်ယူမှာ။ ဟေး ညီအကို မင်းသိတယ်မဟုတ်လား၊ ငါတို့နှစ်ယောက်ရဲ့အချစ်က ငြိမ်းချမ်းရေးရဲ့အုတ်မြစ်ဆိုတာ။

၄။

ဟေး ညီအကို မင်းသိပြီးသားပဲ၊ အချစ်စစ်ရဲ့ ခရီးလမ်းက မဖြောင့်ဖြူး။ အချစ်စစ်ရဲ့ ခရီးလမ်းက ကောက်ကွေ့။ အချစ်စစ်ရဲ့ခရီးလမ်းက ကုန်းပြီး နမ်းချင်စရာ ကောင်းလောက်အောင် ချောမွတ်နေတဲ့ မြို့ပြရဲ့ နိုင်လွန်ကတ္တရာခင်းလမ်း မဟုတ်။ အချစ်စစ်ရဲ့လမ်းက မြေမြှုပ်မိုင်းတွေ မှိုလိုပေါက်နေတဲ့ ခရီးကြမ်း။ အချစ်စစ်ရဲ့လမ်းဟာ ပန်းအပြည့် ပွင့်လန်းနေတဲ့ ဧဒင်ဥယျာဉ်ထဲမှာ မရှိ။ အချစ်စစ်ရဲ့လမ်းဟာ စွန့်ဝံ့သူတွေ ဖြတ်သန်းသွားရမယ့် စစ်မြေ။ မင်းနဲ့ငါရဲ့အချစ် ခရီးက ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့တဲ့ စစ်ထွက်မိန့်ခွန်းလို။ ငတ်မယ်၊ ပြတ်မယ်၊ ဆင်းရဲပင်ပန်း ခက်ခဲကြမ်းတမ်းမယ်။ ဒါပေမဲ့ …. ဒါပေမဲ့ပေါ့။ မင်းနဲ့ငါ၊ ငါတို့နှစ်ယောက် တယောက်ကို တယောက် လက်မလျှော့စတမ်း ချစ်နိုင်မယ့်နေ့ကို မြင်ယောင်ကြည့်။ မင်းနဲ့ငါ တယောက်ကို တယောက် တင်းတင်းကြပ်ကြပ် ပွေ့ဖက်ပြီး အချင်းချင်း အပြန်အလှန် နမ်းရှုံ့နေကြမယ့် ဇာတ်သိမ်းခန်းကို မင်း မြင်ယောင်ကြည့်။ ငါဟာ မင်း၊ မင်းဟာ ငါ၊ ငါတို့နှစ်ယောက် တယောက်တည်း ဖြစ်သွားမယ့်နေ့ကို မြင်ယောင်ကြည့်။ လောကတခွင်မှာ အစွမ်းကုန် ပွင့်လန်းနေမယ့် ပန်းပေါင်းစုံ၊ ကောင်းကင်တခွင် ပြေးလွှားဆော့ကစားနေမယ့် တိမ်ရောင်စုံ၊ မနားတမ်း သံပြိုင်တေးသီနေကြမယ့် ငြိမ်းချမ်းရေးငှက်များ၊ သောကနဲ့ဒုက္ခရဲ့လက်တွေ မထိတွေ့နိုင်တဲ့နေရာမှာ ကြည်နူးပျော်ရွှင်နေမယ့် လူအုပ်။ မင်းနဲ့ငါရဲ့ တုနိုင်းမဲ့အချစ်စစ်က ကမ္ဘာကြီးကို ငြိမ်းချမ်းစေမှာ။ မင်းနဲ့ငါရဲ့ တခုတည်းသော ပြိုင်စံရှား အချစ်က လောကကြီးကို လှပစေမှာ။ မင်းနဲ့ငါရဲ့ ရာဇဝင်တွင်တဲ့အချစ်က ကမ္ဘာကြီးကို ပြည့်စုံစေမှာ။ ဒါကြောင့် လာပါ၊ လှမ်းခဲ့ပါ၊ ငါ့ကို မမှိတ်မသုန် ကြည့်ပြီး မယိမ်းမယိုင်တဲ့ ခြေလှမ်းတွေနဲ့ ငါ့ဆီ တည့်တည့် လှမ်းခဲ့ပါ။ မရပ်မနား၊ မတွန့်ဆုတ်စတမ်း၊ ငါ တလှမ်း၊ မင်း တလှမ်း၊ နှစ်ယောက်အတူ ကြိုးစားပြီး၊ ငါတို့ တယောက်ဆီကို တယောက် ဦးတည်။ ငါတို့ကိုယ်တိုင်အတွက်၊ စစ်မဲ့ တိုင်းပြည်အတွက်၊ ငြိမ်းချမ်းတဲ့ နိုင်ငံအတွက်၊ ကမ္ဘာတခုလုံး အံ့ဩဘနန်း လက်ပန်းပေါက်ခတ်ပြီး ကောင်းချီးဩဘာပေးရမယ့် ငါတို့ရဲ့ အချစ်အတွက်။

၅။

ဟေး ညီအကို ချစ်မယ်၊ ငါတို့ တယောက်ကို တယောက် သစ္စာမဖောက်စတမ်း ချစ်မယ်၊ ငါတို့တယောက်ကို တယောက် ပွင့်ပွင့်လင်းလင်း၊ ယုံယုံကြည်ကြည် ချစ်မယ်၊ မင်းနဲ့ငါ ရိုးရိုးသားသား၊ မကွယ်ဝှက်စတမ်း ချစ်မယ်၊ ငါတို့ရဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းကို ငါတို့ ချစ်သလို ချစ်မယ်၊ နောက်ထပ် ထပ်ပြီး ချစ်စရာ မရှိတဲ့အထိ ချစ်မယ်၊ နောင်တရစရာ မကျန်တဲ့အထိ ချစ်မယ်၊ ပန်းပေါင်းစုံ ပွင့်နိုင်ဖို့ ချစ်မယ်၊ အမှောင်ထုကို တွန်းလှန်ဖို့ ချစ်မယ်၊ စစ်ပွဲတွေကို အဆုံးသတ်ဖို့ ချစ်မယ်၊ ကမ္ဘာမြေ ငြိမ်းချမ်းစေဖို့ ချစ်မယ်၊ ပိုကောင်းတဲ့ ကမ္ဘာကြီးအတွက် ချစ်မယ်၊ လှိုက်လှိုက်လှဲလှဲ ချစ်မယ်၊ အားသွန်ခွန်စိုက် ချစ်မယ်၊ သတ္တိရှိရှိ ချစ်မယ်၊ စွန့်စွန့်စားစား ချစ်မယ်၊ နောက်မတွန့်စတမ်း ချစ်မယ်၊ နှစ်နှစ်ကာကာ ချစ်မယ်၊ မြတ်မြတ်နိုးနိုး ကျည်ဆံတွေ တရစပ် ပျံသန်းနေတဲ့ တိုက်ပွဲအကြား၊ တဟုန်းဟုန်း တောက်နေတဲ့ မီးလောင်ပြင်အကြား၊ အချစ်မဲ့သူတွေရဲ့ ရက်စက် ကြမ်းကြုတ် လူမဆန်မှုအကြား၊ ကောင်းကင်ကနေ မိုးရွာသလို ခုန်ချနေတဲ့ ဗုံးသီးတွေအကြား ချစ်ကြမယ်၊ ငါနဲ့မင်း နှလုံးသားချင်း ထပ်တူ။ ဟေး ညီအကို သိတယ်မဟုတ်လား၊ မင်းနဲ့ငါရဲ့အချစ်က စစ်ပွဲတွေကို အဆုံးသတ်ပြီး ကမ္ဘာကြီးကို လှပစေမှာ။ ။

(The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ’မောင်မူ’

ရေးဖွဲ့တဲ့ “မင်းနဲ့ ငါကြားက အချစ်” ရသစာတမ်းငယ်ကို People’s Spring ကပြန်လည်​ဖော်ပြ​ပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်​ရေးအတွက်အ​ထောက်အကူပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

ရသစာတမ်းငယ်

●ထွင် စစ်အာဏာရှင်၏လက်ထက်တွင်အဖြစ်အပျက်တို့သည်ကသောင်းကနင်း၊ ကပြောင်းကပြန် ဖြစ်ကုန်သည်။ မျက်စိတမှိတ်အတွင်းမှာပင် လက်မောင်းပေါ် လာကိုက်သော ခြင်တကောင်ကဲ့သို့ မရိုက်မီမှာပင် ဖျတ်ကနဲ့ ပျောက်ကွယ်သွားတတ်သည်။ မနေ့က ဘေးချင်းယှဥ်ထိုင်ပြီး ဂိမ်းအတူဆော့ခဲ့သော ထွန်းပြည့်စုံဆိုသည့် ပီဒီအက်ဖ်ကလေးက ရန်သူ့ဒရုန်းထိမှန်ပြီး မနေ့ညကပဲ မြေအောက်ထဲ ရောက်သွားခဲ့ပြီ။ ယခုပဲ မိသားစုလက်ဆုံ စားနေသည့် ထမင်းဝိုင်းကလေးဟာ...

ရသစာတမ်းငယ်

အသက် အမျက်အငြိုးပြည့်နှက်နေသော ကမ္ဘာမြေကြီးပါလား။မိုးကော၊ ပိတောက်ကော နောက်ကျသည်။ သည်ကြားထဲ မုန်တိုင်းများက ဝင်ရန်ရှိကြောင်း သတင်းထွက်လာသေး၏။ မတတ်နိုင်တော့… ဒီကာလများ၌ ငါပျော်ခဲ့ဖူးတာ အရက်ဝိုင်းတခုသာရှိသည်။ အတွေးများသည့်၊ စကားလုံးတွေလျှံထွက်နေသည့်အပြင် မျက်နှာများစုံသည့်နေရာလည်းဖြစ်ပြန်သည်။ ငါ့မှာ ပိုက်ဆံမရှိပေ။ ဝိုင်းထဲ လူခြောက်ယောက်ရှိပြီး ငါးယောက်မှာ ဟိုခြစ်ခြစ်ဒီခြစ်ခြစ်နဲ့ မျက်နှာငယ်များဖြင့်တောင်းခံနေရသည်။ ကျန်တဦးကား...

ဝတ္ထုတို

လမ်းတံတားတွေပြုပြင် တိုးချဲ့တာက ကောင်းတော့ကောင်းပါရဲ့။ ဒါပေမဲ့ လမ်းဘေးအရိပ်ရပင်တွေ လုံးပါးပါးကုန်ပြီး ခုလိုနွေနေ့လယ်မျိုးဆို မြင်မြင်ရာဝန်းကျင်က ကွန်ကရစ်ပင်လယ်ပြင်ကြီးလို ဖြစ်နေသည်။ အရင်ကဆို ဒီလမ်းမကြီးက မဟော်ဂနီပင်ညိုရိပ်တွေအောက်မှာ လျောင်းစက်နေတဲ့ လမ်းမကြီးပေပဲ။

သတင်း

ခွန်းနီ ဒီနေ့ပြီးရင်ဒီနေ့လိုနေ့တွေပဲ ထပ်ရောက်လာညဆိုရင်လည်းလကတစ်ခြမ်းပဲ သာတော့တယ်အဝေးကြီးကနေရာကိုအဝေးကကြည့်နေရတာဘယ်သူပျော်မလဲ။ အမှောင်ထုထဲအရောင်တွေကလည်း ဖျော့နေလိုက်တာစိတ်ကူးကိုနည်းနည်းမှ မလျှော့နိူင်ဘူးငါဟာညတိုင်း အိမ်ပြန်လာနေကျအိမ်ရှေ့က သရက်ပင်ကြီးအောက်အရိပ်တစ်ခုထိုးကျနေတာ ငါပေါ့။ အမေ့ရဲ့ဆူငေါက်သံအဖေ့ရဲ့ကြိမ်းဝါးသံနောက်ပြီး တံခါးထဖွင့်ပေးသံအဲ့ဒီလိုနောက်ကျတတ်တဲ့အိမ်အပြန်တွေအခုတော့အရိပ်ယောင်ဆောင်ထားတဲ့အတိတ်တွေပဲ ငါပြန်ရတော့တယ်။ Public Service Announcement စောက်စနစ်ကဆိုးဝါးတော့ငါတို့လူငယ်တွေဟာစစ်ကြီးထဲလုံးလားထွေးလားပေါ့။ ပင်ပင်ပန်းပန်းသင်ယူရကျိုးကျိုးနွံနွံဆည်းပူးရခက်ခက်ခဲခဲတည်ဆောက်ရအပူတပြင်းအသားကျရမောကြီးပန်းကြီးရှေ့ဆက်ရမနိူင်မနင်းထမ်းပိုးခဲ့ရစနစ်တကျနဲ့လူငယ်ဘဝကိုဆုတ်ခွာပေးခဲ့ရအတူတူချီတက်ရင်းတချို့သူငယ်ချင်းတွေလွယ်လွယ်ကူကူသေပေးလိုက်ရ။ ဒီစစ်ကြီးထဲမယ်ရှင်ကျန်နေတဲ့ကောင်တွေအဖို့နှလုံးသားဟာ ဒဏ်ရာအရဆုံးပဲ။ ဆိုလိုရင်းကိုပြန်ဆက်ရရင်အိမ်ပြန်ဖို့ဆိုတဲ့အသိကလူငယ်တွေအားလုံးမှာရှိတယ်။ အတွေးတွေနဲ့ပိလာတဲ့ညဟာမိုးလင်းသွားပေမဲ့အာရုံထဲတော့စာသားတစ်ကြောင်းငြိနေတယ်။ အားလုံးကိုကျော်ဖြတ်ရမယ်ဆိုတဲ့စာသားဟာနေခြည်နွေးနု ပွင့်လုလုမနက်ခင်းအထိငါနဲ့အတူရှိနေတယ်...