တရုတ်နဲ့ အိန္ဒိယ ခေါင်းဆောင်တွေ လူချင်းတွေ့ဆုံပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတွေ ဆွေးနွေးခဲ့ကြောင်း အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။
တရုတ် သမ္မတ ရှီကျင့်ဖျင်ဟာ BRICS စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ထိပ်သီးညီလာခံ တက်ရောက်ဖို့ အိန္ဒိယနိုင်ငံ၊ ဒေလီမြို့တော်ဆီ ရောက်ရှိနေတာပါ။ စက်တင်ဘာ ၁၂ ရက်နေ့မှာတော့ ရှီဟာ အိမ်ရှင်နိုင်ငံ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီနဲ့ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။
တရုတ်နဲ့ အိန္ဒိယတို့ဟာ ဒေသတွင်း ပြိုင်ဘက်နိုင်ငံတွေအဖြစ် ရပ်တည်နေသလို နယ်စပ်ဒေသမှာလည်း စစ်တပ်ချင်း သွေးထွက်သံယို ပဋိပက္ခတွေပါ ရှိခဲ့ဖူးပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ နှစ်တွေအတွင်း နှစ်ဖက်ဆက်ဆံရေးကို တဖြည်းဖြည်းချင်း ပြန်လည် ကုစားနေကြပါတယ်။ BRICS ညီလာခံ တက်ရောက်တာဟာ ၇ နှစ်အတွင်း အိန္ဒိယကို ရှီက ပထမဆုံးအကြိမ် သွားရောက်မှုလည်း ဖြစ်လာပါတယ်။
နှစ်နိုင်ငံကြားမှာ ကွဲပြားမှုတွေ အများကြီး ရှိနေပေမယ့်လည်း အချင်းချင်းရဲ့ ခွန်အားကို အပြန်အလှန် လေးစား ချီးကျူးမှု၊ လိုအပ်ချက်အတွက် အပြန်အလှန် ရိုင်းပင်းကူညီမှု၊ နှစ်ဦးနှစ်ဖက် အောင်မြင်မှုတွေနဲ့ အတူလက်တွဲ ရှေ့ဆက်မှုတွေကတော့ ဖြစ်တည်နေလို့ ရပါတယ်လို့ ရှီက ပြောကြားခဲ့ပါတယ်။

Public Service Announcement
မိုဒီကလည်း နှစ်နိုင်ငံကြား ရှိရင်းစွဲ သဘောတူညီမှုတွေ၊ နယ်စပ်ကိစ္စ နားလည်မှုတွေနဲ့ တခြားဆက်စပ် အကြောင်းအရာတွေကို နှစ်ဖက်စလုံးက လေးစားလိုက်နာဖို့လိုကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။
နှစ်နိုင်ငံ ခေါင်းဆောင်တွေဟာ စီးပွားရေး၊ ယဉ်ကျေးမှု၊ လမ်းပန်းဆက်သွယ်မှုတွေမှာ ပိုမို ပူးပေါင်းဆောင်ရွက်ကြဖို့လည်း သဘောတူခဲ့ကြောင်း အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာပါတယ်။ ဆွေးနွေးမှုတွေဟာ မျှတပြီး ကြောင်းကျိုးဆီလျော်တဲ့၊ နှစ်ဖက်စလုံးက လက်ခံနိုင်တဲ့ ညှိနှိုင်း အဖြေရှာမှုတွေအတွက် လိုလိုလားလား စကားပြောခဲ့ကြတယ်လို့လည်း ဝန်ကြီးဌာနက ဆိုပါတယ်။
ရှီက အိန္ဒိယနဲ့ ဆက်ဆံရေးကို မဟာဗျူဟာ ရှုထောင့်ကရော၊ ရေရှည် အကျိုးစီးပွား အတွက်ပါ ဖွံ့ဖြိုးစေလိုတဲ့ ဆန္ဒမျိုး တရုတ်မှာ အမြဲတမ်း ရှိနေကြောင်း မိုဒီကို ပြောကြားခဲ့တယ်လို့ တရုတ်အစိုးရပိုင် ရှင်ဟွာ သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
ရှီဟာ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိ၊ တရုတ်ကွန်မြူနစ်ပါတီ (CCP)ရဲ့ ထိပ်တန်း အရာရှိ ခိုင်ကျိနဲ့ တခြားအရာရှိတွေ ပါဝင်တဲ့ ကိုယ်စားလှယ် အဖွဲ့နဲ့အတူ စက်တင်ဘာ ၁၂ ရက် မနက်ပိုင်းက ဒေလီကို ရောက်လာခဲ့တာပါ။
တရုတ်နဲ့ အိန္ဒိယတို့ကြား ဆက်ဆံရေးကို နှစ်ဖက်စလုံးက သတိကြီးကြီးနဲ့ ဖြည်းဖြည်းချင်းစီ ပြန်လည်ကုစားနေပေမယ့် ကီလိုမီတာ ၃၅၀၀ လောက် ရှည်လျားတဲ့ နယ်စပ်ကိစ္စကတော့ သဘောတူညီမှု တည်ဆောက်ဖို့ ခက်ခဲနေဆဲ ဖြစ်ပါတယ်။
အထူးသဖြင့် ဟိမဝန္တာ တောင်တန်းတွေနဲ့ ဆက်စပ်တည်ရှိပြီး ပထဝီဝင် မြေပြင်အနေအထားတွေ မကြာခဏ ပြောင်းလဲတတ်တဲ့ ကုန်းမြင့်နယ်စပ်တွေမှာ နှစ်နိုင်ငံကြား ပိုင်နက်ကို တိတိကျကျ ခွဲခြားသတ်မှတ်ဖို့ ခက်ခဲနေဆဲပါ။ ၂၀၂၀ ပြည့်နှစ်တုန်းက လာဒက်ခ်ဒေသမှာ နှစ်နိုင်ငံ နယ်ခြားစောင့် စစ်သားတွေ သေနတ်မဖောက်ဘဲ လက်သီးတွေနဲ့ထိုး၊ တုတ်တွေ၊ တင်းပုတ်တွေနဲ့ ရိုက်နှက်ခဲ့ကြတာကြောင့် အိန္ဒိယစစ်သား ၂၀ နဲ့ တရုတ်ဖက်က အရေအတွက် အတိအကျ မထုတ်ပြန်တဲ့ တပ်ဖွဲ့ဝင်တွေ သေဆုံးခဲ့ပါတယ်။ အဲဒီနောက်ပိုင်း နှစ်နိုင်ငံကြား တင်းမာမှုဟာ အမြင့်ဆုံးထိ ဖြစ်သွားခဲ့ပေမယ့် အခုတော့ တဖြည်းဖြည်းချင်း ပြန်လည် ညှိနှိုင်းနေတာ ဖြစ်ပါတယ်။
တရုတ်နဲ့ အိန္ဒိယတို့ဟာ ၁၉၆၂ တုန်းကလည်း နယ်စပ်အငြင်းပွားမှုကို အကြောင်းပြုပြီး စစ်ပွဲ ဖြစ်ပွားခဲ့ဖူးပါတယ်။ တစ်လလောက်ပဲ ကြာမြင့်ခဲ့ အသေအပျောက် များပြားတဲ့ စစ်ပွဲမှာ တရုတ်က အနိုင်ရပြီး အဆုံးသတ်ခဲ့ပါတယ်။
ကိုးကား: Reuters

















































