အီရန်အပေါ် တိုက်ခိုက်မှု အသစ်တွေ ပြန်စဖို့ စဉ်းစားခဲ့ပေမယ့် မိတ်ဆွေ ပင်လယ်ကွေ့ ဒေသတွင်း နိုင်ငံတွေ ဝိုင်းတားလို့ စိတ်လျှော့ထားရကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ဆိုပါတယ်။
မေလ ၁၈ ရက်နေ့က သူ့ကိုယ်ပိုင် လူမှုကွန်ရက် မီဒီယာ ပလက်ဖောင်းဖြစ်တဲ့ Truthမှာ ထရမ့်က အီရန်ကို အဲဒီအကြောင်းကို ရေးသား ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ အီရန်နဲ့ အပစ်အခတ် ရပ်စဲထားခဲ့ပေမယ့် မေလ ၁၉ ရက်နေ့မှာ တိုက်ခိုက်မှုတွေ ပြန်စဖို့ သူက ပြင်ဆင်ထားခဲ့ကြောင်း၊ ဒါပေမဲ့ ကာတာ၊ ဆော်ဒီအာရေးဘီးယားနဲ့ အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) နိုင်ငံတွေက ဝိုင်းဝန်း နားချ တားဆီးကြတာကြောင့် အဲဒီကိစ္စကို ဆိုင်းငံ့ထားလိုက်ကြောင်း ထရမ့်က ရေးသားထားခဲ့တာပါ။
အခုအခါမှာတော့ တကယ့် အလေးအနက် ဆွေးနွေးမှုတွေ လုပ်ဆောင်နေတယ်လို့လည်း သူက ဆိုပါတယ်။
မနက်ဖြန်မှာ လုပ်ဆောင်ဖို့ ရည်ရွယ်ထားတဲ့ တိုက်ခိုက်မှုကို လုပ်ဖြစ်တော့မှာ မဟုတ်ကြောင်း၊ ဒါပေမဲ့ လက်ခံနိုင်လောက်တဲ့ သဘောတူညီမှု တစ်ခုခု ထွက်ပေါ်မလာရင်တော့ အီရန်အပေါ် အကြီးစား အင်ပြည့်အားပြည့် ထိုးစစ်ကြီးတစ်ခု ဆင်နွှဲနိုင်အောင် ပြင်ဆင်ဖို့တော့ ဆက်ပြီး ညွှန်ကြားထားကြောင်း ထရမ့်က ရေးသားထားပါတယ်။

Public Service Announcement
အခုလို အစီအစဉ် ဆိုင်းငံ့ပေးလိုက်တယ် ဆိုတာကလည်း စစ်ပြေငြိမ်းရေးအတွက် အီရန်ဆီကနေ နောက်ထပ် အဆိုပြုချက်တစ်ခု ပေးပို့လာတာကြောင့် ဖြစ်တယ်လို့ ထရမ့်ရဲ့ ပို့စ်မှာ ဖော်ပြထားပါတယ်။ အမေရိကန်အတွက် အရမ်း လက်ခံနိုင်လောက်မယ့် သဘောတူညီမှု တစ်ခုခု ရရှိလာနိုင်တယ်လို့ သူ့ဆီ အစီရင်ခံထားကြကြောင်း၊ အဲဒီထဲမှာ အီရန်က နျူကလီးယားလက်နက် လုံးဝ မပိုင်ဆိုင်ရဘူး ဆိုတာလည်း ပါဝင်ကြောင်း ထရမ့်က ဆိုပါတယ်။
အီရန်စစ်ဘက် ထိပ်တန်း အရာရှိ တစ်ဦးကတော့ အမေရိကန် အနေနဲ့ မဟာဗျူဟာ အမှားတွေ၊ တွက်ချက်မှု အလွဲတွေ နောက်တစ်ကြိမ် ထပ်မရှိဖို့ မျှော်လင့်ကြောင်း သတိပေးခဲ့ပါတယ်။
ထရမ့်ဟာ အစ္စရေးနဲ့ ပူးပေါင်းပြီး အီရန်ကို ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ ကြိုတင် စစ်မကြေညာဘဲ စတင် တိုက်ခိုက်ခဲ့ရာက အီရန်စစ်ပွဲ ဖြစ်ပွားခဲ့ပါတယ်။ လောလောဆယ် အီရန်နဲ့ အပစ်ရပ်ထားပေမယ့်လည်း အပြီးသတ် စစ်ပြေငြိမ်းရေး သဘောတူညီမှု မရသေးတာက ထရမ့်အတွက် ဖိအားတွေ တိုးလာစေပါတယ်။ အထူးသဖြင့် စစ်ပွဲဆင်နွှဲဖို့ ဆုံးဖြတ်ခဲ့တဲ့ သူ့ရဲ့ ရွေးချယ်မှုဟာ ပြည်တွင်းမှာ လူကြိုက်မများခဲ့သလို လူထု ထောက်ခံမှုတွေကလည်း ကျဆင်းနေပါတယ်။
New York Timesသတင်းစာနဲ့ Siena သတင်းစာတို့ ပူးပေါင်း ကောက်ယူတဲ့ စစ်တမ်းတစ်ခုမှာတော့ ဖြေဆိုသူ ၆၄ ရာခိုင်နှုန်းက အီရန်ကို တိုက်ခိုက်ခြင်းဟာ မှားယွင်းတဲ့ ဆုံးဖြတ်ချက်လို့ မှတ်ချက်ပြုခဲ့ပါတယ်။ ဖြေဆိုသူ ၃၇ ရာခိုင်နှုန်းကသာ ထရမ့်ရဲ့ သမ္မတအဖြစ် စွမ်းဆောင်ရည်တွေက လက်ခံနိုင်စရာ ရှိပါတယ်လို့ အသိအမှတ် ပြုခဲ့ကြပါတယ်။ အဲဒီ စစ်တမ်း ရလဒ်တွေက အခုနှစ်မှာ ပြုလုပ်မယ့် သက်တမ်းဝက် ရွေးကောက်ပွဲ ကာလမှာ ထရမ့်ဦးဆောင်တဲ့ ရီပတ်ဘလစ်ကန် ပါတီအနေနဲ့ ရုန်းကန်ရဖွယ် ရှိနေကြောင်း အချက်ပေး ခေါင်းလောင်းသံတွေလည်း ဖြစ်လာပါတယ်။
အမေရိကန်ရဲ့ မဟာမိတ် ပင်လယ်ကွေ့ ဒေသတွင်း နိုင်ငံတွေမှာလည်း အမေရိကန်သာ အီရန်အပေါ် တိုက်ခိုက်မှုတွေ ပြန်စရင် ကြုံလာမယ့် လက်တုံ့ပြန်နိုင်ခြေတွေအတွက် စိုးရိမ်မှုတွေ ရှိနေပါတယ်။ စစ်ပွဲကာလတုန်းကလည်း အီရန်ဟာ အမေရိကန် မဟာမိတ် အာရပ်နိုင်ငံတွေရဲ့ စီးပွားရေးနဲ့ စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ဖူးပါတယ်။ ထရမ့်က စစ်ပွဲကာလအတွင်း အီရန်ရဲ့ လက်နက်စုဆောင်း ပိုင်ဆိုင်မှုတွေကို အပြင်းအထန် ဖျက်ဆီးပစ်နိုင်ခဲ့ကြောင်း ကြွေးကြော်ထားပေမယ့် ပေါက်ကြားလာတဲ့ အမေရိကန် ထောက်လှမ်းရေး အစီရင်ခံမှုတွေ အရတော့ အီရန်ဟာ ဒုံးကျည်နဲ့ ဒရုန်း အများအပြားကို အဖျက်ဆီး မခံရအောင် ထိန်းသိမ်း သိုလှောင်ထားနိုင်ဆဲလို့ သိရပါတယ်။
ကိုးကား: Reuters


















































