မေ ၂၀၊ ၂၀၂၆။ ထားမြတ်/People’s Spring
ချင်းပြည်နယ် တွန်းဇံမြို့ကို စစ်တပ်နဲ့ စစ်တပ် လက်အောက်ခံ ဇိုမီးတပ် ZRA ပူးပေါင်းအဖွဲ့က မေလ ၁၉ရက်မှာ ပြန်ထိန်းချုပ်ခဲ့ပါတယ်။
ချင်းပြည်ကောင်စီ(CC) ကာကွယ်ရေးတပ်တွေထိန်းချုပ်ထားတဲ့ တွန်းဇံမြို့ကို ပြန်ရဖို့ စစ်ကောင်စီနဲ့ ZRAက ထိုးစစ်ဆင်လို့မေလလယ်မှာ တိုက်ပွဲတွေ ဖြစ်ခဲ့တာပါ။
ချင်းတော်လှန်ရေး သတင်းရင်းမြစ်တစ်ဦးကလည်း တွန်းဇံမြို့ကို စစ်တပ်ပြန်ထိန်းချုပ်တာကို အတည်ပြုပေးပါတယ်။ အသေးစိတ် အခြေအနေတွေတော့ မသိရသေးဘူးလို့ ပြောပါတယ်။

Public Service Announcement
စစ်တပ်ဟာ ဧပြီလကုန်ပိုင်းမှာ ချင်းညီနောင်ထိန်းချုပ်ထားတဲ့ ချင်းမြောက်ပိုင်း၊ ဖလမ်းမြို့ကို ပြန်လည်သိမ်းပိုက်ပြီးနောက် သုံးပတ်ကျော်အကြာမှာ ချင်းပြည်ကောင်စီ ကာကွယ်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ တွန်းဇံမြို့ကိုပါ ထပ်မံ ရရှိခဲ့တာပါ။
ဖလမ်းကိုသိမ်းရတဲ့ စစ်တပ်ဟာ တီးတိန်မြို့နယ်ကို စစ်အင်အားဖြည့်တင်းပြီး တွန်းဇံကို ထိုးစစ်ဆင်လာလို့ တွန်းဇံနဲ့ တီးတိန်မြို့ကြားမှာ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ စစ်တပ်ကို ချင်းပြည်ကောင်စီအဖွဲ့ဝင် ချင်းအမျိုးသားတပ်မတော်(CNA)နဲ့ ဒေသကာကွယ်ရေးတပ်(CDF) တို့က ခုခံတိုက်ခိုက်ခဲ့ရာ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်က ထိခိုက်သေဆုံးများခဲ့ကြောင်း ဆလိုင်းထက်နီက မေလ ၁၆ရက်မှာ ပြောပြထားပါတယ်။
စစ်တပ်က တိုက်ပွဲတွေမှာ လေကြောင်း ပစ်ကူ၊ နည်းပညာမြင့်ဒရုန်းတွေ အသုံးပြု တိုက်ခိုက်နေသလို စစ်ကောင်စီတပ်သားတွေရဲ့ အသက်စတေးပြီး နယ်မြေကို ထိုးစစ်ဆင်နေတဲ့ ဗျူဟာနဲ့ စစ်ရေးဖော်ဆောင်နေတာလို့ CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပြထားပါတယ်။
” သူတို့က အင်အားအလုံးအရင်းနဲ့ လူလှိုင်းစစ်ဆင်ရေး ပုံစံနဲ့ လုပ်တာ။ လူကို ရင်းတာပေါ့။ ပြောချင်တာက အင်အား ၆၀၀မှာ ၃၀၀ က ပြိုပါစေ ၃၀၀က အထိုင်ကျန်မယ်ဆိုတဲ့ ပုံစံနဲ့ ကစားလာတာပေါ့။ အဲဒါအပြင် သူတို့မှာ အားသာချက်ကတော့ လေကြောင်း ပစ်ကူ နဲ့ ဒီဒရုန်းတွေ ဆူဆိုက်ဒရုန်းတွေ ပိုသုံးလာနိုင်တဲ့ အနေအထားမှာ ရှိတာပေါ့။အဲဒါကတော့ တနိုင်ငံလုံး အတိုင်းအတာနဲ့ သူ့ရဲ့ ဗျူဟာပေါ့နော်။ ကျနော်တို့ကလည်း အတက်နိုင်ဆုံး စစ်ဗျူဟာပေါ့ ကျနော်တို့ တိုက်ခိုက်မှု ပုံစံကို ပြန်ပြောင်းရမှာပေါ့။ ပြောင်းလဲ ပြောင်းနေပါတယ်” လို့ ဆလိုင်းထက်နီက ပြောပါတယ်။
စစ်တပ်ဟာ စစ်အင်အားတွေ အဆုံးရှုံးခံပြီး နယ်မြေ ထိန်းချုပ်ဖို့ လုပ်ဆောင်လာတဲ့ အခြေအနေဖြစ်တယ်လို့ ဆိုပါတယ်။
” စစ်ရေးကတော့ အတက်နဲ့ အကျရှိပါတယ်။ ဒါကတော့ အဆုံးစွန်သော အောင်မြင်မှု မဟုတ်ပါဘူး။ အဲဒါတွေအတွက်လည်း ၅နှစ်တာ ကာလ အခြေအနေတွေကို ကျနော်တို့ သုံးသပ်ပြီးတော့မှပဲ စစ်က ပြန်ကစားရမှာပေါ့။ သူတို့ဗျူဟာပြောင်းသလို ကျနော်တို့လည်း သူတို့ အင်အားအပေါ် မူတည့် ပြီး တော့ ပြောင်းပြီးတော့ အတက်နိုင်ဆုံး ခုခံတွန်းလှန်သွားမှာပါပဲ” လို့ ဆလိုင်းထက်နီက ပြောကြားထားပါတယ်။
ချင်းတော်လှန်ရေးတပ်တွေဟာ ၂၀၂၄ မေလမှာ တွန်းဇံကို သိမ်းပိုက်နိုင်ခဲ့ရာ ၂နှစ်အကြာမှာ မြို့ကို ပြန်လည်လက်လွှတ်လိုက်ရတာလည်းဖြစ်ပါတယ်။


















































