မေ ၂၆၊ ၂၀၂၇။ဟာနာဆန်/People’s Spring
ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ်မှာ နေအိမ်ရှေ့အိပ်နေတဲ့ လူငယ်တစ်ဦး စစ်တပ်ရဲ့ ပေါ်တာဆွဲဖမ်းဆီးမှုခံလိုက်ရပါတယ်။
မေလ ၁၂ ရက် ည ၁၂ နာရီကျော်က ကြည့်မြင်တိုင်မြို့နယ်မှာ နေအိမ်ရှေ့ကားအနီးမှာ အိပ်နေတဲ့ လူငယ်အမျိုးသား တစ်ဦးကို အိမ်စီးကားနဲ့လာတဲ့ အမျိုးသားနှစ်ဦးက ဖမ်းဆီးသွားကြောင်း သိရပါတယ်။
” ကျမတို့ ကြည့်မြင်တိုင်အိမ်မှာနေတုန်း အိမ်ရှေ့ကားရှေ့မှာ အိပ်ပျော်သွားတုန်း လူနှစ်ယောက်အိမ်စီးကားနဲ့ လာဆွဲသွားလို့ပါ”လို့ ကာယကံရှင်နဲ့ နီးစပ်သူက CCTV မှတ်တမ်းနဲ့တကွ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

Public Service Announcement
အဲဒီ CCTV မှတ်တမ်းမှာ အပြည့်အဝမမြင်ရပေမဲ့ လမ်းအတွင်း အိမ်စီးကား ဝင်လာပြီးနောက် ကားပေါ်က ဆင်းလာတဲ့ အမျိုးသားနှစ်ဦးကို တွေ့မြင်ရပါတယ်။ အဲဒီနောက် ကားပေါ်ကို ပြန်တက်သွားပြီး ကားဟာ ပြန်လည်ထွက်ခွာသွားခဲ့ပါတယ်။
အဆိုပါ Post အောက်မှာလည်း ယခုရက်ပိုင်းအတွင်း ရန်ကုန်မြို့ပေါ်မှာ လူငယ်တွေ မကြာခဏ ပေါ်တာဆွဲခံနေရကြောင်း မြို့ခံတွေက မှတ်ချက်ဝင်ရောက်ရေးသားထားတာကိုလည်း တွေ့ရပါတယ်။
“ကြည့်မြင်တိုင်မှာ အဲလို ရဲနဲ့ပေါင်းပြီးလုပ်စားနေတဲ့ ကောင်တွေရှိတယ်။ကျွန်တော်ညီတုန်းက ၃သိန်းခွဲနဲ့ ရွေးလိုက်ရတယ်။ လူပြန်ပေးဆွဲနေတဲ့ကောင်တွေ ကမ်းနားလမ်း ပန်းခြံတွေရှိကြတယ်။ သတိထားကြပါ”လို့ ပြည်သူတစ်ဦးက မှတ်ချက်ပြုထားပါတယ်။
ပြီးခဲတဲ့ ရက်ပိုင်းအတွင်းကပဲ ရန်ကုန်မြို့၊ တာမွေမြို့နယ်မှာ ပေါ်တာဆွဲတဲ့ စစ်ပ်လက်အောက်ခံ ရဲဆိုသူတစ်ဦးကို ပြည်သူတွေက ဝိုင်းရိုက်ခဲ့ပါသေးတယ်။
အာဏာသိမ်းစစ်တပ်ဟာ ယခုနောက်ပိုင်း ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးတွေမှာပါ နေအိမ်ပေါ်တက် ပေါ်တာဆွဲတာတွေ ပိုမိုပြုလုပ်နေပြီး စစ်မှုထမ်းအပတ်စဥ် (၂၅) စတင်ဖို့ ပြင်ဆင်နေပါတယ်။


















































