အပစ်ရပ် သဘောတူညီမှုကို အမေရိကန်ဖက်က တစ်ဖက်သတ် ချိုးဖောက်ခဲ့ကြောင်း အီရန် အစိုးရက စွပ်စွဲ ပြောကြားလိုက်ပါတယ်။
မေလ ၂၅ ရက်နေ့မှာ အီရန်တောင်ပိုင်းက ဒုံးကျည်စခန်းတွေနဲ့ ရေမြှုပ်မိုင်းထောင်တဲ့ လှေတွေကို လေကြောင်းကနေ တိုက်ခိုက်ခဲ့ကြောင်း အမေရိကန် စစ်ရေးဗဟို ကွပ်ကဲမှုဌာန (CENTCOM)က ကြေညာခဲ့တဲ့နောက် အီရန် နိုင်ငံခြားရေး ဝန်ကြီးဌာနက အခုလို ကြေညာခဲ့တာ ဖြစ်ပါတယ်။
CENTCOMကတော့ အီရန်ရဲ့ လှုပ်ရှားမှုတွေဟာ ဒေသတွင်းက အမေရိကန် တပ်တွေကို ခြိမ်းခြောက်လာနိုင်ခြေ ရှိတာကြောင့် ကိုယ့်ကိုယ်ကိုယ် ကာကွယ်တဲ့ အနေနဲ့သာ စစ်ဆင်ရေး လုပ်ဆောင်ခဲ့ကြောင်း၊ အပစ်ရပ် သဘောတူညီမှုကို မထိခိုက်စေဖို့အတွက် စစ်ရေးလှုပ်ရှားမှုကိုလည်း အတတ်နိုင်ဆုံး ကန့်သတ် အကောင်အထည် ဖော်ခဲ့ကြောင်း ပြောပါတယ်။
အမေရိကန်နဲ့ အီရန်တို့ဟာ ဧပြီ ၈ ရက်နေ့ ကတည်းက အပစ်အခတ် ရပ်စဲထားကြတာပါ။ နှစ်နိုင်ငံကြား စစ်ပြေငြိမ်းရေး စာချုပ် ချုပ်ဆိုနိုင်ဖို့အတွက် ဆွေးနွေးမှုတွေ တိုးတက်လာနေကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က မှတ်ချက်ပေးခဲ့ပြီး မကြာခင်မှာပဲ အမေရိကန်က အခုတိုက်ခိုက်မှုတွေကို လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement
အီရန် အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် (IRGC)က နိုင်ငံတောင်ပိုင်း၊ ဘန်ဒါအဘက်စ် ဆိပ်ကမ်းမြို့မှာ ပေါက်ကွဲမှုတွေ ဖြစ်ခဲ့တယ်လို့ အတည်ပြုခဲ့ပြီး လေပိုင်နက်ထဲ ကျူးကျော် ဝင်ရောက်လာတဲ့ အမေရိကန် ဒရုန်းတစ်စီးကို ပစ်ချခဲ့သလို F-35 တိုက်လေယာဉ် တစ်စီးကိုလည်း လှမ်းပစ်ခဲ့ကြောင်း ပြောပါတယ်။
မေလ ၂၆ ရက်နေ့မှာတော့ အီရန် နိုင်ငံခြားရေး ဝန်ကြီးဌာနက အမေရိကန် အကြမ်းဖက် စစ်တပ်ဟာ အပစ်ရပ် သဘောတူညီမှု ရှိနေလျက်နဲ့ တရားမဝင်တဲ့၊ မမျှတတဲ့ ရန်လိုမှု လုပ်ရပ်တွေကို ဆက်ပြီး ကျူးလွန်နေကြောင်း၊ လွန်ခဲ့တဲ့ ၄၈ နာရီအတွင်း အမေရိကန်ဟာ ဟော်မော့ဇ်ဂန် ဒေသမှာ အပစ်ရပ် သဘောတူညီချက်ကို ဆိုးဆိုးရွားရွား ချိုးဖောက်တာမျိုး ရှိခဲ့ကြောင်း ကြေညာခဲ့ပါတယ်။
အီရန် အနေနဲ့ ဆိုးယုတ်ပြီး ရန်လိုတဲ့ ခြိမ်းခြောက်မှု မှန်သမျှကို လက်ပိုက်ကြည့်နေမှာ မဟုတ်သလို နိုင်ငံရဲ့ အချုပ်အခြာ အာဏာကို ကာကွယ်နိုင်ဖို့ လုပ်သင့်တာတွေ မှန်သမျှကိုလည်း မတုံ့မဆိုင်းဘဲ လုပ်ဆောင်သွားမှာဖြစ်ကြောင်း အဲဒီ ကြေညာချက်ထဲမှာ ဖော်ပြထားခဲ့ပါတယ်။
အီရန်မှာ အမေရိကန်က စစ်ရေးအရ တိုက်ခိုက်မှုတစ်ခု လုပ်ဆောင်ခဲ့တဲ့တိုင် နှစ်နိုင်ငံကြား စစ်ရပ်စဲရေး သဘောတူညီမှုတစ်ခု ရရှိနိုင်ဖို့ လက်လှမ်းမီတဲ့ အနေအထားမှာ ရှိနေဆဲလို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကိုရူဘီရိုက မှတ်ချက်ပေးသွားခဲ့ပါတယ်။
ကိုးကား: AFP

















































