မေ-၂၉၊၂၀၂၆။ယောနသံ/People’s Spring
မင်းကင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)နဲ့ ကျောင်းသားတော်လှန်ရေးတပ်တော် (SRF)တပ်ဖွဲ့ဝင်တွေ ဖြစ်ပွားခဲ့တဲ့ သဘောထားကွဲလွဲမှု သဘောတူညီမှုရရှိခဲ့ပြီး SRFတပ်က အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ကွပ်ကဲမှုအောက်ခံယူခဲ့ပါတယ်။
မေလ၂၈ရက် ညနေက မင်းကင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ကလေးခရိုင်တပ်ရင်းက တာဝန်ရှိသူတွေနဲ့ SRF ဥက္ကဌ ကိုစံတင်ထွန်းအပါအဝင် ဒုခေါင်းဆောင်၊ နိုင်ငံရေးဌာနတာဝန်ခံနဲ့ အဖွဲ့ဝင်တွေ တွေ့ဆုံဆွေးနွေးခဲ့ပြီး တော်လှန်ရေးကို ဆက်လက်လုပ်ကိုင်သွားဖို့ အပါအဝင် အချက် ၃ချက် သဘောတူညီခဲ့ကြတာ ဖြစ်ပါတယ်။
မင်းကင်းမြို့နယ် ပကဖက ဖမ်းဆီးထိန်းသိမ်းထားတဲ့ SRF ရဲဘော်များအနက် ပြစ်မှုကျူးလွန်ခြင်းမရှိတဲ့ ရဲဘော်တွေကို ပြန်လွှတ်ပေးဖို့၊ အမှုဖွင့်တိုင်ကြားခြင်းခံထားရသော SRF တပ်တော်က ရဲဘော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ဥပဒေဘောင်အတွင်းမှ ဖြေရှင်းသွားဖို့၊ SRFတပ်တော်မှ ပြစ်မှုကျူးလွန်ထားခြင်းမရှိတဲ့ ရဲဘော်တွေအနေနဲ့ NUG အစိုးရရဲ့ (COC) အောက်မှာ ဝင်ရောက်ပြီး တော်လှန်ရေးကို ဆက်လက်လုပ်ကိုင်သွားဖို့ သဘောတူညီခဲ့ကြောင်း မင်းကင်းမြို့နယ် ပကဖနဲ့ SRFက ဒီနေ့ မေလ၂၉ရက် မနက်ပိုင်းမှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

Public Service Announcement
SRFတပ်တော်နဲ့ မင်းကင်းမြို့နယ်က တော်လှန်ရေးအဖွဲ့တွေရဲ့ ပဋိပက္ခဟာ SRF တပ်တော်ကို ဖြိုခွင်းခြင်းမဟုတ်ဘဲ ပြည်သူတွေက အမှုဖွင့်တိုင်ကြားထားတဲ့ အမှုတွေအရကျူးလွန်သူတွေကို ဥပဒေအတိုင်း ဆောင်ရွက်ကြခြင်းသာဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။
တော်လှန်ရေးအဖွဲ့အစည်းနှစ်ခုအကြား ပြဿနာတွေပိုမို ကြီးထွားစေဖို့ ရည်ရွယ်ချက်နဲ့ လှုံ့ဆော်ရေးသား ထုတ်ပြန်နေကြတဲ့ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေရဲ့ရေးသား ဖြန့်ဝေခြင်းက ၎င်းတို့ရဲ့ ထင်မြင်ယူဆချက်များသာဖြစ်ပြီး နှစ်ဖက်တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ ညီညွတ်ရေးကို ရှေးရှု၍လည်းကောင်း၊ တော်လှန်ရေးတစုံလုံး၏ ညီညွတ်မှုကို ရှေးရှု၍လည်းကောင်း ညီညွတ်ရေးပြိုကွဲစေမည့် ထုတ်ပြန်ချက်များ၊ အရေးအသားများ ဆက်လက်ထုတ်ပြန်ရေးသားခြင်း မပြုကြဖို့လည်း ပူးတွဲတိုက်တွန်းထားပါတယ်။
SRF ဟာ ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မင်းကင်းမြို့နယ်မှာ အခြေချတပ်စွဲလာတဲ့တော်လှန်ရေးတပ်ဖွဲ့ဖြစ်ပါတယ်။ SRFကို ဆရာစံလို့ လူသိများတဲ့ကို စံတင်ထွန်းက ဦးဆောင်ပါတယ်။
လက်ရှိမှာ မင်းကင်းမြို့နယ်၊ ထန်းပင်ချောင်နဲ့အင်ပင်လှ အုပ်စုမှာ တပ်စွဲလှုပ်ရှားနေတာပါ။
SRFဟာ ၎င်းတို့အခြေစိုက်ရာ နယ်မြေဒေသတွေမှာ ပြည်သူတွေကို ဥပဒေမဲ့ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း ရပ်ကျေး(ပအဖ/ပကဖ)များအား ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ၎င်းတို့၏ကိုယ်ပိုင်တရားစီရင်ရေးများနဲ့ စီရင်ပြီး ပြစ်ဒဏ်ချမှတ်ခြင်း၊ အသက်(၁၈)နှစ် မပြည့်သေးတဲ့ ပြည်သူ တွေကို အတင်းအဓမ္မ စစ်မှုထမ်းခိုင်းခြင်း၊ လက်နက်ကိုင်ပြီး ပြည်သူတွေကို ညှင်းပန်းနှိပ်စက်ခြင်း စတဲ့ တရားဥပဒေမဲ့လုပ်ဆောင်နေမှုတွေ ရှိနေကြောင်း နစ်နာသူပြည်သူတစ်ဦးချင်းစီက တရားစွဲဆိုတိုင်ကြားလာမှုပေါင်း (၈)ခုကျော်အထိ ရှိခဲ့တယ်လို့လည်း မင်းကင်းမြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။ မေလ ၂၆ရက်မှာ SRF ဥက္ကဌ ကိုစံတင်ထွန်းနဲ့တပ်ဖွဲ့ဝင်တချို့ကို ဖမ်းဆီးခဲ့ပါတယ်။
ကလေးခရိုင်ကွပ်ကဲရေးအဖွဲ့နဲ့ မင်းကင်းမြို့နယ်အဖွဲ့အစည်းများ ညှိနှိုင်းဆွေးနွေးပြီး ဒေသတွင်းတရားဥပဒေစိုးမိုးရေးနဲ့ ကျူးလွန်သူတွေကိုအရေးယူနိုင်ရေး ဆောင်ရွက်တာလို့ ထုတ်ပြန်ခဲ့ပါတယ်။
အဓိကတာဝန်ရှိသူကို ဖမ်းမိထားပြီး ကျန်ရှိနေသေးတဲ့ ပြစ်မှုကျူးလွန်သူတွေကို ဆက်လက်ဖမ်းဆီးမှာဖြစ်သလို SRFတပ်ဖွဲ့မှာ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ ရဲဘော်တွေအနေနဲ့ NUGအစိုးရ ယန္တရားအောက်မှာ ပူးပေါင်းဆောင်ရွက် ကြဖို့ မင်းကင်းမြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့က မေလ ၂၇ရက်မှာ ကြေညာခဲ့ပါတယ်။
SRF ကလည်း မေလ ၂၇ရက်ညနေက သတင်းထုတ်ပြန်တာမှာ ၎င်းတို့ရဲ့ သဘောထားနဲ့ စိုးရိမ်မှုတွေကို အသိပေးထားပါတယ်။
မေလ ၂၆ရက်မှာ SRF စစ်ရေးနယ်မြေ ဒေသ(၄)က ပွိုင့်ကုန်းကို မင်းကင်းမြို့နယ် ပကဖက အင်အားသုံး ပစ်ခတ်စီးနင်းမှု ပြုလုပ်ခဲ့ကြောင်း၊ ရဲဘော် ၉ဦးကို ဖမ်းဆီးသွားခဲ့ပြီး လက်နက်ခဲယမ်းတွေကိုလည်း သိမ်းဆည်းယူဆောင်သွားတယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒေသ(၄)မှာ လုံခြုံရေးတာဝန်ထမ်းဆောင်နေတဲ့ ကျန်ရဲဘော်တွေလည်း တိမ်းရှောင်နေရပြီး အဲဒီရဲဘော်တွေရဲ့မိသားစုဝင်တွေကို ဖမ်းဆီးဖို့ ခြိမ်းခြောက်ခံနေရတဲ့အတွက် မိသားစုဝင်တွေ စိုးရိမ်ထိတ်လန့်နေကြတယ်လို့ ထုတ်ပြန်ထားပါတယ်။ဥက္ကဋ္ဌ အပါအဝင်ဖမ်းဆီးခံရသူ ၁၆ ဦးအထိ ရှိနေပြီလို့ ဖော်ပြထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေနဲ့ အမှန်တကယ်ညီညွတ်ရေးကို ရှေးရှုပါက မိတ်ဖက် ပဋိပက္ခကို စားပွဲဝိုင်းတွင်သာ ငြိမ်းချမ်းစွာ ဆွေးနွေးညှိနှိုင်း ဖြေရှင်းပေးပါရန် တောင်းဆိုခဲ့ပါတယ်။ SRF အနေနဲ့ NUG ရဲ့ ကြားဝင်ဖြေရှင်းပေးမှုကို လိုလားလက်ခံပြီး သမာသမတ်ကျတဲ့ နည်းဥပဒေအတိုင်း စေ့စပ်ညှိနှိုင်းမှုများပြုလုပ်ရန် အသင့်ရှိတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
နှစ်ဖက်သဘောထားကွဲလွဲပြီး ဆက်ဆံရေးတင်းမာနေချိန်မှာ SRF ရဲဘော်တွေကို စစ်တပ်က ဆက်သွယ်စည်းရုံးမှုတွေရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။မင်းကင်းမောင်မြင့်လိုလူသိများတဲ့ စစ်တပ်အရာရှိ အငြိမ်းစား၊ လွှတ်တော်ကိုယ်စားလှယ်ဟောင်း မောင်မြင့်က ဒေသတွင်းမှာ ပြည်သူ့စစ်တွေနဲ့ ပျုစောထီးတွေ ဖွဲ့စည်းထားပါတယ်။
မောင်မြင့်ရဲ့ အစီအစဉ်နဲ့ စည်းရုံးလှုံ့ဆော်မှုတွေလုပ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။
မင်းကင်းမြို့နယ်မှာ ကျေးရွာပေါင်း ၁၆၀ခန့်ရှိပြီး မြို့ပေါ်နဲ့ကျေးရွာ၃၀ခန့်မှာ စစ်တပ်နဲ့ ပျုစောထီးတွေ ထိန်းချုပ်ထားပါတယ်။
ပြဿနာကို နှစ်ဖက်ပြေလည်အောင်ဖြေရှင်းကြဖို့ဒေသခံတွေကတောင်းဆိုခဲ့ကြပြီး ရက်ပိုင်းအတွင်း ဆွေးနွေးညှိနှိုင်းနိုင်ခဲ့ကြတာ ဖြစ်ပါတယ်။
” ဒါက ကျနော်တို့ဒေသခံတွေဖြစ်စေချင်တဲ့ဆန္ဒအမှန်ပဲ။ တော်လှန်ရေးတပ်တွေညီညီညွတ်ညွတ်နဲ့ စစ်တပ်ကိုဖြစ်မှတ်ထားပြီးတိုက်ခိုက်ဖို့ပဲလိုတာပါ”လို့ မင်းကင်းမြို့ခံတစ်ဦးက ပြောပါတယ်။
NUG အစိုးရဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းပေါ် ပေါက်လာတဲ့ ဒေသအသီးသီးကတော်လှန်ရေးတပ်ဖွဲ့တွေကို စုစည်းနေပြီး ကာကွယ်ရေးဝန်ကြီးဌာန(MOD)ရဲ့ ကွပ်ကဲမှုခံယူဖို့ ညှိနိုင်းနေပါတယ်။
၂၀၂၆ နှစ်စပိုင်းမှာ စစ်ကိုင်းတိုင်း ပုလဲမြို့နယ်ထဲက ဗိုလ်နဂါးဦးဆောင်တဲ့ BNRA တပ်ကို စစ်ရေးအရအရေးယူခဲ့ပြီး ပြစ်မှုကျူးလွန်သူတွေကို ဖမ်းဆီးထိန်းသိမ်းထားပါတယ်။ ဗိုလ်နဂါးကတော့ နောက်လိုက်အချို့နဲ့အတူ စစ်တပ်ထံ အညံ့ခံသွားပါတယ်။
တမူးမြို့နယ်မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့ဖြစ်တဲ့ အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA)ဟာ MOD အမှတ်(၁) စစ်ဒေသရဲ့ကွပ်ကဲမှုခံယူခဲ့ပြီး တမူးခရိုင်ထဲတပ်ရင်း(၆)အဖြစ် ဖွဲ့စည်းနိုင်ခဲ့ပါတယ်။
မန္တလေးတိုင်း၊ မတ္တရာရာမြို့နယ်က အင်အားကြီးတော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ မတ္တရာမျိုးမှန်တပ်ဖွဲ့ကလည်း အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန၊အထူးလှုပ်ရှားတပ်မရဲ့ ကွပ်ကဲမှုခံယူခဲ့ပါတယ်။




















































