နျူကလီးယား လက်နက်တွေ တပ်ဆင်နိုင်တယ်ဆိုတဲ့ စစ်သင်္ဘော အသစ်တစ်စီးကို မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်းက သွားရောက် စစ်ဆေး ကြည့်ရှုခဲ့ပါတယ်။
ကန်ကွန်လို့ နာမည်ပေးထားတဲ့ ဖျက်သင်္ဘောပေါ်ကို ခေါင်းဆောင်ကြီး ကင်မ်က သွားရောက် ကြည့်ရှုခဲ့ပြီး အထူးကျေနပ် အားရမှု ရှိခဲ့တယ်လို့ အာဏာရ အလုပ်သမားပါတီက ထုတ်ဝေတဲ့ ရိုဒွန်ဆင်မွန် သတင်းစာမှာ ဖော်ပြခဲ့ပါတယ်။
သူ့ရဲ့ အရိုက်အရာကို ဆက်ခံမယ့်သူအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ထင်ကြေးပေး ခံထားရတဲ့ သမီးဖြစ်သူ ကင်မ်ဂျူအေး၊ အာဏာရ ပါတီရဲ့ ထိပ်တန်း အရာရှိတွေနဲ့ ရေတပ် အကြီးအကဲတွေ ခြံရံပြီး ကင်မ်ဟာ စစ်သင်္ဘော အသစ်ကို ဇွန်လ ၅ ရက်နေ့မှာ သွားရောက် စစ်ဆေး ကြည့်ရှုခဲ့တာ ဖြစ်ပါတယ်။
ကန်ကွန်ဟာ လွန်ခဲ့တဲ့ တစ်နှစ်လောက်က ရေချပွဲမှာ အမှားအယွင်းကြုံပြီး တစ်ခြမ်းစောင်း တိမ်းမှောက်ခဲ့လို့ အရှက်ကွဲခဲ့ဖူးတဲ့ ဖျက်သင်္ဘောပါ။ နောက်ပိုင်းမှာ သင်္ဘောကို ပြန်တည့်မတ်ပြီး ရေချပွဲ အသစ်လုပ်ခဲ့သလို လက်နက် စနစ်တွေကိုလည်း ဆက်လက် ဖြည့်တင်း တပ်ဆင်နေပါတယ်။

Public Service Announcement
တန်ချိန် ၅၀၀၀ လောက် အလေးချိန်ရှိတဲ့ သင်္ဘောတွေဟာ အိမ်နီးချင်း ပြိုင်ဘက် တောင်ကိုရီးယား ရေတပ်က ပိုင်ဆိုင်တဲ့ စစ်သင်္ဘောတွေနဲ့ ယှဉ်ရင် သေးငယ်ပေမယ့် မြောက်ကိုရီးယား ရေတပ်မှာတော့ အကြီးဆုံးနဲ့ ခေတ်အမီဆုံး ရေယာဉ်တွေ ဖြစ်ကြပါတယ်။ အခုအခါ မြောက်ကိုရီးယားမှာ အဲဒီအမျိုးအစား သင်္ဘောတွေအဖြစ် ချိုဟွန်းနဲ့ ကန်ကွန်ဆိုပြီး နှစ်စီး ပိုင်ဆိုင်ထားပါတယ်။
ကင်မ်ဟာ သင်္ဘောရဲ့ ကွပ်ကဲမှု အခန်းထဲမှာ လှည့်လည် ကြည့်ရှုခဲ့သလို ခုတ်မောင်းမှုနဲ့ လက်နက်စနစ်တွေ အဆင့်လိုက် စမ်းသပ်မှုအတွက် ရေးဆွဲထားတဲ့ အစီအစဉ်တွေ အကြောင်းကို မေးမြန်းခဲ့ပါတယ်။
အမျိုးအစားတူ ပထမရေယာဉ်ဖြစ်တဲ့ ချိုဟွန်းက လက်နက်စမ်းသပ်မှုတွေ ဆက်တိုက် လုပ်နေချိန်မှာ ကန်ကွန်ကတော့ လက်နက်စနစ်တွေ မစမ်းသပ်နိုင်သေးတာကြောင့် အဆင့်မြှင့်တင်မှု အပိုင်းမှာ နောက်ကျကျန်နေတာ ဖြစ်နိုင်ကြောင်း ဝေဖန်မှုတွေလည်း ရှိနေပါတယ်။ မြောက်ကိုရီးယား အစိုးရ မီဒီယာတွေကတော့ အဲဒီသင်္ဘော နှစ်စီးလုံးမှာ နျူကလီးယား စစ်လက်နက်တွေ တပ်ဆင် အသုံးပြုနိုင်တယ်လို့ ဖော်ပြထားကြပါတယ်။
မနှစ်က ရေချပွဲမှာ ရေယာဉ် တိမ်းစောင်းခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကင်မ်ဟာ အကြီးအကျယ် ဒေါသူပုန် ထခဲ့သလို ရေတပ်အရာရှိ တချို့နဲ့ သင်္ဘောတည်ဆောက်ရေး ကြီးကြပ်အရာရှိ တချို့ကို ရာထူးက ထုတ်ပယ်ပြီး ဖမ်းဆီးစေခဲ့ဖူးပါတယ်။ နောက်တော့ တစ်လလောက် ပြင်ဆင်ခဲ့ပြီး ဒုတိယအကြိမ်မှာ စစ်သင်္ဘောကို အောင်အောင်မြင်မြင် ရေချနိုင်ခဲ့တာ ဖြစ်ပါတယ်။
ကန်ကွန် စစ်သင်္ဘောကို အခုနှစ်လယ်မှာ ဂျပန်ပင်လယ်ဆီ ခုတ်မောင်းပြီး လက်တွေ့ စမ်းသပ်စေဖို့ ရည်ရွယ်ထားပေမယ့်လည်း လက်ရှိ အခြေအနေ အရဆိုရင်တော့ အဲဒီ မျှော်မှန်းချက်ကို အချိန်မီ အကောင်အထည် ဖော်နိုင်ဖို့ ခက်လိမ့်မယ်လို့ လေ့လာစောင့်ကြည့်သူတွေက သုံးသပ်ထားကြပါတယ်။
ကိုးကား: NK News


















































