ဂျပန်စစ်တပ်ဟာ နိုင်ငံရဲ့ နောက်ဆုံးပေါ် ဟိုက်ပါဆောနစ် ဒုံးကျည်လက်နက် စနစ်ကို ပထမဆုံးအကြိမ် လူသိရှင်ကြား ထုတ်ဖော် ပြသခဲ့ပါတယ်။
HVGPလို့ အတိုကောက် ခေါ်ဝေါ်တဲ့ ဒုံးကျည်တွေဟာ ရန်သူ လက်နက်စနစ်တွေ လက်လှမ်းမမီနိုင်လောက်တဲ့ အကွာအဝေးကနေ လက်ဦးမှုယူ တိုက်ခိုက်နိုင်အောင် တီထွင်ထားပြီး နှစ်ဆန်းပိုင်းကစလို့ ဂျပန်ရဲ့ ပြည်စောင့်တပ်မှာ စတင် ဖြန့်ကျက်နေပါတယ်။
ဇွန်လ ၇ ရက်နေ့က ပြုလုပ်ခဲ့တဲ့ နှစ်ပတ်လည် စစ်ရေးလေ့ကျင့်မှု အစီအစဉ်မှာတော့ ဂျပန်ဟာ Type 25 HVGP ဒုံးကျည်တင် ထရပ်ကားတွေကို ပထမဆုံးအကြိမ် ထုတ်ပြလာခဲ့ပါတယ်။ ရှင်ဇူအိုကာ ဒေသက စစ်ရေးလေ့ကျင့်မှု အစီအစဉ်ရဲ့ အစိတ်အပိုင်း တစ်ခုအဖြစ် အဲဒီ ဒုံးကျည်စနစ်တွေ ပါဝင်လာခဲ့တာပါ။ ဒါပေမဲ့ ဂျပန် ပြည်စောင့်တပ်ရဲ့ ကြည်းတပ်ဟာ ဒုံးကျည်တွေကို လက်တွေ့ ပစ်ခတ်ခဲ့တာတော့ မရှိဘူးလို့ ဆိုပါတယ်။
HVGPတွေဟာ ဟိုက်ပါဆောနစ် မြန်နှုန်းနဲ့ လေဟုန်ခွင်း ပျံသန်းနိုင်တဲ့ ဒုံးကျည် နည်းပညာနဲ့ ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ ဟိုက်ပါဆောနစ် ဆိုတာဟာ အသံထက် အနည်းဆုံး ၅ ဆပိုမြန်တဲ့ နှုန်းကို ဆိုလိုပါတယ်။ မြန်နှုန်းအရမ်းမြင့်မြင့် ပျံသန်းနိုင်တဲ့အပြင် လမ်းကြောင်းတွေကိုလည်း ရုတ်တရက် အမျိုးမျိုး ပြောင်းလဲ ပျံသန်းနိုင်အောင် စီမံထားတဲ့အတွက် အဲဒီဒုံးကျည်တွေကို ကြားဖြတ် ပစ်ချနိုင်ဖို့က အရမ်းခက်ခဲမယ့် သဘောပါ။

Public Service Announcement
စစ်ရေးလေ့ကျင့်မှုမှာ အသုံးပြုခဲ့တဲ့ Type 25 HVGPတွေကတော့ ကနဦးဒီဇိုင်း Block 1လို့ သတ်မှတ်နိုင်ပြီး ကီလိုမီတာ ၅၀၀ ကနေ ၉၀၀ ကြား အကွာအဝေးလောက်ထိ ပစ်ခတ်နိုင်ပါတယ်။ အဆင့်မြှင့်ထားတဲ့ Block 2Aနဲ့ 2B မူကွဲတွေကတော့ တိုက်ခိုက်နိုင်တဲ့ အကွာအဝေးကို ကီလိုမီတာ ၂၀၀၀ ကနေ ၃၀၀၀ ထိ ချဲ့ထွင်နိုင်မယ်လို့ သိရပါတယ်။ အဲဒီ မျိုးဆက်သစ် ဒုံးကျည်စနစ်တွေကတော့ ၂၀၂၇ နဲ့ ၂၀၃၀ ပြည့်နှစ်တွေမှာ စတင်ဖြန့်ကျက်မှာ ဖြစ်ပါတယ်။ HVGP ဒုံးကျည်တွေရဲ့ ထိပ်ဖူးတွေကလည်း သင်္ဘောဖျက် တိုက်ခိုက်ရေးတွေ၊ အပြင်းအထန် ပေါက်ကွဲစေတဲ့ ခဲယမ်းတွေ စသဖြင့် အမျိုးမျိုး ပြောင်းလဲ တပ်ဆင် အသုံးပြုနိုင်ပါတယ်။
Fuji Firepower စစ်ရေးလေ့ကျင့်မှုတွေကို နှစ်စဉ်လိုလို ကျင်းပခဲ့ပြီး ဒီနှစ်ကတော့ ၆၈ ကြိမ်မြောက် ဖြစ်ပါတယ်။ အခုနှစ် လေ့ကျင့်မှုဟာ ဂျပန်ရဲ့ ဝေးလံခေါင်ဖျား ကျွန်းငယ်တွေကို ကျူးကျော်ခံရမှုတွေကနေ တွန်းလှန်ပုံကို အဓိကထားခဲ့ပါတယ်။
စစ်ရေးလေ့ကျင့်မှုမှာ လက်တွေ့ ပစ်ခတ်မှုတွေလည်း ပါဝင်ခဲ့သလို တင့်ကားတွေ၊ သံချပ်ကာယာဉ်တွေ၊ ဒရုန်းတွေ၊ ရဟတ်ယာဉ်တွေလည်း ပူးပေါင်းခဲ့ပါတယ်။ ဂျပန်ရဲ့ လက်ရှိ စမ်းသပ်ဆဲအဆင့် မောင်းသူမဲ့ ယန္တရားတွေကိုလည်း ထုတ်ပြခဲ့ပါတယ်။ လေ့ကျင့်မှုမှာ ခဲယမ်းမီးကျောက် တန်ချိန် ၇၀ နီးပါးလောက်ထိ အသုံးပြုခဲ့ကြောင်းလည်း ဂျပန်မီဒီယာတွေက ဖော်ပြသွားပါတယ်။
ကိုးကား: NHK


















































