Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကမ္ဘာ့ဖလားမှာ ပါဝင်မယ့် ဒိုင်လူကြီးကို အမေရိကန်က ပြည်ဝင်ခွင့်မပေး

ဆိုမာလီယာ နိုင်ငံက ဘောလုံးဒိုင် တစ်ဦးကို အမေရိကန်က ပြည်ဝင်ခွင့်ဗီဇာ ခွင့်ပြုဖို့ ငြင်းဆိုခဲ့ကြောင်း သိရပါတယ်။

ဓာတ်ပုံ - Getty Images

ဆိုမာလီယာ နိုင်ငံက ဘောလုံးဒိုင် တစ်ဦးကို အမေရိကန်က ပြည်ဝင်ခွင့်ဗီဇာ ခွင့်ပြုဖို့ ငြင်းဆိုခဲ့ကြောင်း သိရပါတယ်။

အိုမာ အာတန်ဟာ အာဖရိက ဘောလုံးအဖွဲ့ချုပ် (CAF)က ၂၀၂၅ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသား ဒိုင်လူကြီးအဖြစ် သတ်မှတ် ရွေးချယ်ခြင်း ခံခဲ့ရသူ တစ်ဦးဖြစ်ပါတယ်။ သူဟာ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)က ကြီးမှူးပြီး အမေရိကန်၊ မက္ကဆီကိုနဲ့ ကနေဒါတို့မှာ ကျင်းပမယ့် ကမ္ဘာ့ဖလား ပြိုင်ပွဲအတွက် အမေရိကန်ကို လာရောက်ချိန်မှာ ဗီဇာ ငြင်းပယ် ခံခဲ့ရတာ ဖြစ်ပါတယ်။

အာတန်ကို မီယာမီ နိုင်ငံတကာ လေဆိပ်ဆီ ဝင်ရောက်ခွင့် မပြုခဲ့တာကြောင့် သူဟာ တူရကီ နိုင်ငံမှာ သောင်တင်နေခဲ့ပါတယ်။ ဖီဖာဟာ အခုပြဿနာကြောင့် အာတန်ကို ပြိုင်ပွဲမှာ ပါဝင်ကြီးကြပ်မယ့် ဒိုင်လူကြီးတွေ စာရင်းကနေ ဖယ်ရှားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါဟာ အာတန်အတွက်တော့ ကြီးမားတဲ့ နစ်နာမှုတစ်ခု ဖြစ်လာပါတယ်။

အမေရိကန် အာဏာပိုင်တွေနဲ့ ဆွေးနွေး စကားပြောဆိုခဲ့ပြီးတဲ့နောက် အိုမာ အာတန်ရဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲ ကြီးကြပ်ခွင့်ကို ရုပ်သိမ်းလိုက်ကြောင်း၊ သူဟာ အမေရိကန်ဆီ ပြည်ဝင်ခွင့် ငြင်းဆိုတာ ခံခဲ့ရကြောင်း ဖီဖာက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အာတန်ကို ဘာကြောင့် ဗီဇာငြင်းဆိုသလဲ ဆိုတာကို အမေရိကန် အာဏာပိုင်တွေက ဖြေရှင်းချက် မပေးပါဘူး။ ဒါပေမဲ့ သူ့ရဲ့ မိခင်နိုင်ငံ ဆိုမာလီယာဟာ အမေရိကန် အစိုးရက ဗီဇာကန့်သတ် တားဆီးထားတဲ့ နိုင်ငံတွေ စာရင်းထဲမှာ ပါဝင်နေပါတယ်။

အာတန်အတွက် မျှတမှုရှိအောင် ဖီဖာအနေနဲ့ မကြိုးစားပေးခဲ့ဘူးလို့ ဝေဖန်မှုတွေ ရှိနေပေမယ့် ဖီဖာကတော့ အိမ်ရှင် နိုင်ငံတွေရဲ့ ဗီဇာ လုပ်ထုံးလုပ်နည်းတွေကို ပါဝင်စွက်ဖက်မှာ မဟုတ်ကြောင်း၊ လက်ရှိ အခြေအနေမှာတော့ အာတန်နဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက်က အတည်ဖြစ်ကြောင်း၊ အရင် ကမ္ဘာ့ဖလား ပြိုင်ပွဲတွေမှာလည်း ဘယ်သူက ဗီဇာရသင့်တယ်၊ ဘယ်သူက ဗီဇာ မရသင့်ဘူး ဆိုတာတွေကို အိမ်ရှင်နိုင်ငံတွေကပဲ ဆုံးဖြတ်ခဲ့ကြောင်း တုံ့ပြန်ထားပါတယ်။

ဆိုမာလီယာ လူငယ်နဲ့ အားကစားရေးရာ ဝန်ကြီးဌာနက အာတန်ရဲ့ ဗီဇာ ငြင်းပယ်ခံရမှုကို အတည်ပြုခဲ့ပြီး ဒိုင်လူကြီးဟာ မှန်ကန်ခိုင်မာတဲ့ စာရွက်စာတမ်းတွေနဲ့ အမေရိကန်ဆီ သွားရောက်ခဲ့တာလို့ ပြောပါတယ်။ ဆိုမာလီယာ ဘောလုံး အဖွဲ့ချုပ် (SFF)ကလည်း အခုကိစ္စနဲ့ ပတ်သက်ပြီး ကျိုးကြောင်းခိုင်လုံမှုရှိရှိ ဖြေရှင်းပေးဖို့ ဖီဖာဆီ အရေးတကြီး ဆက်သွယ်ထားပါတယ်။

ဖီဖာဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ တာဝန်ယူမယ့် ဒိုင်လူကြီး ၅၂ ဦး စာရင်းကို ထုတ်ပြန်ရာမှာ အာတန်လည်း ပါဝင်ခဲ့ပါတယ်။ ၂၀၁၈ မှာ ဖီဖာအသိအမှတ်ပြု ဒိုင်လူကြီး ဖြစ်လာတဲ့ အာတန်ဟာ ဆိုမာလီယာ အမျိုးသား ဘောလုံးအဖွဲ့ချုပ် ချန်ပီယံရှစ် အမှတ်ပေး ပြိုင်ပွဲတွေကို ကြီးမှူးနေပြီး အာဖရိက နိုင်ငံများ ဖလားပြိုင်ပွဲမှာလည်း ဒိုင်အဖြစ် တာဝန်ယူခဲ့ပါတယ်။

အစောပိုင်းတုန်းက အမေရိကန်ဟာ ဆွစ်ဇာလန် လက်ရွေးစင် အသင်း တိုက်စစ်မှူး ဘရီးလ် အမ်ဘိုလိုကို ပြည်ဝင်ခွင့် ယာယီ ငြင်းဆိုခဲ့ပါသေးတယ်။ အကြောင်းကတော့ ၂၀၁၈ တုန်းက ဖြစ်ခဲ့တဲ့ ရန်ပွဲတစ်ခုမှာ အမ်ဘိုလို ပါဝင်ပတ်သက်ခဲ့တာက ရာဇဝတ်မှု မြောက်မမြောက် စိစစ်ဖို့ပါ။ နောက်ပိုင်းမှာတော့ အဲဒီ ကစားသမားကို အမေရိကန်က ဗီဇာ ခွင့်ပြုပေးခဲ့ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကမ္ဘာ့ဖလား အုပ်စုအဖွင့် ပွဲစဉ်မှာ ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရတဲ့ အသင်းခေါင်းဆောင် ခရစ္စတီယာနို ရော်နယ်လ်ဒိုကို လူစားမလဲခဲ့တဲ့ ဆုံးဖြတ်ချက်အပေါ် ပေါ်တူဂီအသင်း မန်နေဂျာက ကာကွယ် ပြောဆိုသွားခဲ့ပါတယ်။

နိုင်ငံတကာ

မြွေအန္တရာယ်နဲ့ ပတ်သက်လို့ စိုးရိမ်ကြောင်း ထုတ်ဖော်ဝန်ခံတဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် ဘောလုံးအသင်း အရေအတွက်က တိုးလာနေပါတယ်။

နိုင်ငံတကာ

အာဂျင်တီးနား အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီဟာ အခုနှစ် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ တစ်ပွဲတည်း သုံးဂိုးသွင်းတဲ့ Hat-trick ပိုင်ရှင် ပထမဆုံး ကစားသမား ဖြစ်လာသလို ကမ္ဘာ့ဖလား ပြိုင်ပွဲတွေရဲ့ ထာဝရ သွင်းဂိုးအများဆုံး စံချိန်ကိုလည်း လိုက်မီလာပြီ ဖြစ်ပါတယ်။

အတွေးအမြင်

ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နှစ်​ပေါင်း ၆၀ ​ကျော်တိုင် ဘယ်အသင်းမှာ မဖြတ်​ကျော်နိုင်တဲ့ ကျိန်စာတစ်ခုရှိ​နေပါတယ်။ ဘရာဇီးအသင်းနှစ်ကြိမ်ဆက်ဗိုလ်စွဲခဲ့တဲ့ ၁၉၆၂ ​နောက်ပိုင်းကမ္ဘာ့ဖလားချန်ပီယံ ၂ ကြိမ်ဆက် ဘယ်အသင်းမှ ​အောင်ပွဲမခံနိုင်ပါဘူး။