ဇွန်-၉၊ ၂၀၂၆။ ထားမြတ်/People’s Spring
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မဘိမ်းမြို့နယ် ငါးအိုးဗျူဟာမှာစုဖွဲ့ပြီး ရွှေကူမြို့ထိုးစစ်ဆင်လာတဲ့ စစ်တပ်ဟာ မြို့အတွင်းကို ဝင်ရောက်သွားပြီဖြစ်ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပါတယ်။
ရွှေကူ-ငါးအိုးလမ်းဘေးနေရာတွေမှာလည်း စစ်တပ်က နေရာယူပြီး ထိုးစစ်ဆက်လုပ်နေကြောင်းလည်း ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ အင်အားအလုံးအရင်းနဲ့ ရွှေကူမြို့ကို စစ်အင်အားတွေဖြည့်တင်းဖို့ ကြိုးပမ်းလာလို့ မေလကတည်းကနေ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ ငါးအိုး-ရွှေကူ လမ်းပိုင်းမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။

Public Service Announcement
ငါးအိုးဗျူဟာကနေ ရွှေကူမြို့ တက်လာတဲ့ စစ်ကြောင်းတွေဟာ လက်ရှိမှာမြို့အတွင်း ဝင်ရောက်သွားပြီလို့ ဗိုလ်မှူးကြီးနော်ဘူက ဒီကနေ့ ဇွန်လ ၉ရက်မှာ ပြောပါတယ်။
“တချို့တွေက ရွှေကူမြို့ကို ဝင်သွားတယ်။ တချို့ ကျန်တဲ့ စစ်ကြောင်းတွေကတော့ လမ်းဘေးတွေ နေရာယူပြီးမှ ထိုးစစ်ဆင်တုန်းဖြစ်ပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ရွှေကူဒေသ စစ်မြေပြင်အခြေအနေကို ရှင်းပြပါတယ်။
ကချင်ပြည်နယ်အတွင်း အခြားနေရာတွေမှာတော့ လက်တလော တိုက်ပွဲတွေ မရှိဘဲ ငြိမ်သက်ပေမယ့် ဖားကန့်နဲ့ ၀ိုင်းမော်ဘက်မှာ စစ်ကောင်စီဘက်က စစ်ရေးလှုပ်ရှားမှုတွေ တွေ့ရတယ်လို့ ပြောပါတယ်။ ၀ိုင်းမော်ဘက်မှာ စစ်တပ်က စစ်အင်အားနဲ့ လက်နက်အင်အား စုဆောင်းပြင်ဆင်မှုတွေ လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။
အင်းတော်ကြီးဒေသ၊ မြစ်ကြီးနား- စစ်ကိုင်း-မန္တလေး ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်မှာလည်း စစ်တပ်က လုံခြုံရေးတင်းကြပ်ထားတယ်လို့ အသိပေးပါတယ်။
“အဲဒီနေရာဘက်မှာလည်း တိုက်ပွဲကတော့ အချိန်မရွေး ဖြစ်နိုင်ခြေရှိတဲ့နေရာတွေဖြစ်ပါတယ်။ ကချင်ပြည်နယ်တော်တော်များများမှာ သူတို့ စစ်အင်အားတွေဖြည့်ထားတာတွေ့ရပါတယ်။ အဲဒါကြောင့် အချိန်မရွေး တိုက်ပွဲကတော့ ဖြစ်နိုင်ခြေရှိတဲ့ နေရာတွေချည်းပဲဖြစ်ပါတယ်” လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
ရွှေကူမြို့အတွင်း ဝင်ရောက်ဖို့ စစ်ကြောင်းထိုးလာတဲ့ စစ်တပ် တိုက်ပွဲအတွင်း သေဆုံးမှုများနေတာကြောင့် မူလစီစဉ်ထားတဲ့ မြို့အ၀င်ကြိုဆိုပွဲအခမ်းအနား ဖျက်သိမ်းလိုက်တယ်လို့ ရွှေကူ KPDF ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
ရွှေကူမြို့အတွင်း စစ်တပ်၀င်ရောက်ရင် ဂုဏ်ပြုအလံတွေနဲ့ စစ်တပ်ထောက်ခံသူတွေက ကြိုဆိုပွဲ အခမ်းအနားကို မေလ ၂၅ ရက်မှာလုပ်ဖို့ စီစဉ်ခဲ့ပေမယ့် တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားတာ၊ စစ်တပ်ဘက သေဆုံးသူ ရုပ်အလောင်းတွေ မြို့ထဲရောက်လာတာကြောင့် အခမ်းအနားဖျက်သိမ်းခဲ့ရတာလို့ ရွှေကူ KPDF ပြောရေးဆိုခွင့်ရှိသူက လူမှုကွန်ယက်ကတဆင့် ဇွန်လ ၈ရက်မှာ ဖော်ပြပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ရွှေကူကတဆင့် လက်ရှိ KIAက မြို့သိမ်းစစ်ဆင်ရေးဖော်ဆောင်နေဆဲဖြစ်တဲ့ ဗန်းမော်ဘက်ကို မြေပြင်ကနေ စစ်အင်အားတွေဖြည့်တင်းဖို့ ပြင်ဆင်နေတာလို့ ကချင်စစ်ရေး သတင်းရင်းမြစ်က အသိပေးထားပါတယ်။
KIA အနေနဲ့ ဗန်းမော်ကို ၂၀၂၄ ဒီဇင်ဘာကတည်းက ထိုးစစ်ဆင်နေတာဖြစ်ပြီး စစ်တပ်က ဗန်းမော်မြို့မကျရေးနည်းမျိုးစုံ စစ်အင်အားဖြည့် လေကြောင်း အများအပြား တိုက်ခိုက်ခုခံလျက်ရှိရာ တနှစ်ခွဲကြာတြ့အထိ တိုက်ပွဲတွေ ဖြစ်ပွားနေတာဖြစ်ပါတယ်။
စစ်တပ်ဟာ KIA သိမ်းပိုက်ထားတဲ့ နယ်မြေဒေသ မြို့၊ ရွာ၊ တပ်စခန်းတွေ ပြန်သိမ်းနိုင်ဖို့ စစ်ရေးပြင်ဆင်မှုတွေ ထိုးစစ်ဆင်မှုတွေ လုပ်ဆောင်နေပေမယ့် သိသာထင်ရှားတဲ့ ရလဒ်မရှိသေးဘဲ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်က အထိနာလျက်ရှိပါတယ်။
ပြီးခဲ့တဲ့ မေလဆန်းပိုင်းကတည်းက ရွှေကူမြို့နယ်ကို စစ်ရေးအရ အသားစီးရယူဖို့ စစ်တပ်က ရွှေကူမြို့နယ်ရဲ့ အနောက်တောင်ဘက်ခြမ်းမှာရှိတဲ့ အမှတ်(၁၂၁)ခြေလျင်တပ်ရင်း (ခလရ-၁၂၁) အခြေစိုက် ငအိုးကျေးရွာမှာ အင်အားစုဖွဲ့ပြီး ရွှေကူမြို့အတွင်း ၀င်ရောက်ဖို့ ကြိုးပမ်းခဲ့တာဖြစ်ပါတယ်။
လတ်တလော တိုက်ပွဲဖြစ်ပွားနေတဲ့ ရွှေကူဒေသဟာ KIA တပ်မဟာ(၁၁)၊ တပ်ရင်း(၁၂) နယ်မြေ ဖြစ်ပါတယ်။ KIA တပ်ရင်း (၁၂)က ဇွန်လ ၈ရက်မှာ ရွှေကူဒေသ နဲ့ပတ်သက်တဲ့ သတိပေးချက်တရပ်ကို ထုတ်ပြန်ခဲ့ရာ ရွှေကူမြိုအဝင် လမ်းမကြီးနဲ့ ငါးအိုး-ရွှေကူ လမ်းမကြီးကို ဇွန် ၈ရက်မှစတင်ပြီး ရက်အကန့်အသတ်မရှိ သွားလာခွင့်ပိတ်လိုက်ကြောင်း ဖော်ပြထားသလို ရွှေကူမြိုခံတွေ စစ်ဘေးတိမ်းရှောင်ကြဖို သတိပေးထားပါတယ်။
ရွှေကူမြိုအဝင် လမ်းမကြီး နဲ့ ငါးအိုး-ရွှေကူလမ်းမကြီး အားလုံးပိတ်ထားချိန် ပြည်သူတွေအနေနဲ့ တော်လှန်-လမ်းကူး-စီသာ-မိုးကင့်-စီဖွားလမ်းပိုင်းကိုသာ အသုံးပြုကြရမယ်လို ဖော်ပြပါတယ်။
ပိတ်ပင်ထာသော လမ်းပိုင်းများကို သွားလာပါက နောက်ဆက်တွဲဖြစ်ပေါ်လာမယ့် ပြဿနာများကို လုံး၀ တာဝန်မယူဟု အသိပေးထားသလို ရွှေကူမြိုအတွင်းမှ ထွက်ခွာတိမ်းရှောင်ခြင်းမရှိဘဲ မြိုအတွင်းသာ နေထိုင်နေသော ပြည်သူတွေ အနေနဲ့ နောက်ဆက်တွဲဖြစ်လာမယ့် ပြဿနာတွေကို KIO/KIA ဘက်က လုံး၀ တာဝန်ယူသွားမှာ မဟုတ်ဘူးလို့ သတိပေးထားပါတယ်။


















































